Wednesday, January 27, 2010

Filled Under:

ကိုညီညီအောင် အမှုနဲ့ စပ်လျဉ်းပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်နဲ့ မေးမြန်းချက်

RFA ----- 27 January 2010

မြန်မာနိုင်ငံမှာ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်စောလွင်ရဲ့ အမှုကို ဒီကနေ့ စီရင်ချက်မယ်လို့ မျှော်လင့်ရကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် အမှန်တကယ် ရှိရာရင်တော့ ကိုကျော်စောလွင်ရဲ့ အမှုဟာ ကွင်းလုံးကျွတ် လွတ်ရမဲ့အမှု ဖြစ်တယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ပြောဆိုပါတယ်။ ကိုကျော်စောလွင်ရဲ့ အမှုကို လေ့လာထားတဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ----- အခု ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား ကိုကျော်စောလွင်ကို တရားရုံးတင် စစ်ဆေးခဲ့တာ ဒီကနေ့ဆိုရင် စီရင်ချက်ချတော့မယ်လို့ သိရပါတယ်။ သူ့ကို စွဲထားတဲ့ အမှုမှာ ပထမတခု အနေနဲ့ အထောက်အထား၊ စာရွက်စာတမ်း လိမ်လည်မှု ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီပထမ စွဲချက်နဲ့ ပတ်သက်လို့ ဦးမင်းလွင်ဦးတို့ လေ့လာထားတာ ဘယ်လို တွေ့ရှိပါသလဲ။

ဦးမင်းလွင်ဦး ----- ပြစ်မှုဆိုင်ရာ ဥပဒေ ၄၆၈ အရ စာရွက်စာတမ်း အတုပြုတယ်၊ လိမ်လည်ပြီးတော့ အသုံးပြုတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒုရဲမှူး ဦးသန်းစိုး ကိုယ်တိုင်က တရားခွင်မှာ ကိုကျော်စောလွင်အနေနဲ့ လေဆိပ်မှာလည်း ဒီ သက်သေခံ နိုင်ငံသား စီစစ်ရေးကပ်ပြား အသုံးပြုခဲ့တာ သူတို့ မတွေ့ရဘူး။ နောက်တခု အခြားနေရာမှာ သုံးစွဲခဲ့တဲ့အကြောင်း မှတ်တမ်းမှတ်ရာတွေလည်း မရှိဘူး ဆိုတာကို တရားရုံးမှာ အတိအလင်း ထွက်ဆိုထားပြီး ဖြစ်တယ်။ ဒါကြောင့် ကိုကျော်စောလွင် အနေနဲ့ ဒီနိုင်ငံသား စီစစ်ရေး ကဒ်ပြားကို ကိုယ်တိုင်လုပ်ခဲ့၊ ကိုင်ဆောင်ခြင်း မရှိခဲ့ဘူး ဆိုတာကို ကိုကျော်စောလွင်ကိုယ်တိုင်လည်း သက်သေအဖြစ် ထွက်ဆိုထားတာ ရှိတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီပြစ်မှုဆိုင်ရာ ၄၆၈ အရ ကိုကျော်စောလွင် ကျူးလွန်ခြင်း မရှိတဲ့အတွက် အပြီးအပြတ် လွတ်ပေးဖို့ လိုတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

မေး ----- ဒုတိယ အချက်အနေနဲ့က သူ့ကိုစွဲထားတဲ့ စွဲချက်က နိုင်ငံခြားငွေ ဒေါ်လာကို တရားမ၀င် လက်ဝယ်ကိုင်ဆောင်တဲ့ အချက်ကို တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမှု အသွားအလာအရ ဘယ်လိုတွေ့ရှိသလဲ။

ဦးမင်းလွင်ဦး ----- ကိုကျော်စောလွင်အနေနဲ့ လေဆိပ်အကောက်အခွန် Counter မှာ စစ်ဆေးဖို့အတွက် တန်းစီစောင့်ဆိုင်းနေတဲ့ ကာလမှာဘဲ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ကနေပြီး လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်။ နောက်တရက်မှာ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့က လာပြီးတော့ ပုံစံတွေယူတယ်။ သူတို့ကိုယ်တိုင် ဖြည့်စွက်ပြီးတော့ လေဆိပ် အကောက်အခွန် ဌာန လာရောက်ပြီး ပေးတယ် ဆိုတာကို လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ချို လိုပြ (၅)ကနေပြီး အတိအလင်း ထွက်ဆိုထားတာကို ကျနော်တို့ သိရတယ်။ ဒါကြောင့် ကိုကျော်စောလွင် အနေနဲ့ ဒီပြစ်မှုကို ကျူးလွန်ခြင်း မရှိဘူး။ သဘောရိုးနဲ့ စစ်ဆေးခံဖို့အတွက် တန်းစီစောင့်ဆိုင်း နေစဉ်မှာပဲ လာရောက် အဖမ်းခံ ရတဲ့အတွက် ဒီအမှုမှာလည်း အပြစ်ပေးလို့ မရဘူး ဆိုတာကို ကျနော်တို့ ပြောချင်တယ်။

မေး ---- သူ့မှာပါလာတဲ့ ဒေါ်လာကို မကြေငြာခင် ဖမ်းလိုက်တဲ့ သဘောပေါ့။

ဦးမင်းလွင်ဦး ----- ဟုတ်ပါတယ်။

မေး ----- သူ့ကို စွဲဆိုထားတဲ့ အမှုက ၁၉၄၉ ခုနှစ် နိုင်ငံသား မှတ်ပုံတင်ဆိုင်ရာ ဥပဒေတွေနဲ့လည်း စွဲထားတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုကျော်စောလွင် အမှုမှာ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဦးမင်းလွင်ဦး ------ ကိုကျော်စောလွင် အပေါ်မှာ စွဲဆိုထားတဲ့အမှုက မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင် အက်ဥပဒေ ဖြစ်တယ်။ ကိုကျော်စောလွင် အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူ မဟုတ်ဘဲ၊ အမေရိကန် နိုင်ငံမှာ နေထိုင်တဲ့လူ ဖြစ်တယ်။ အမေရိကန် နိုင်ငံသား တယောက်ဖြစ်တယ်။ ဒါကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံးက ပြုပြီးတော့ စွဲဆိုထားတာက စွဲဆိုပုံ မှားယွင်းနေတယ်လို့ ကျနော်တို့ ပြောဆိုရခြင်း ဖြစ်တယ်။ ဒါကြောင့်လည်း ဒီအမှုမှာ ကိုကျော်စောလွင်ကို အမှုကနေ အပြီးအပြတ် လွှတ်ပေးဖို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ကနေ တောင်းဆိုရခြင်း ဖြစ်ပါတယ်။

အရေးပေါ်ပန်ကြားလွှာ အပြည့်အစုံကို အောက်ပါအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။

http://www.ahrchk.net/ua/mainfile.php/2009/3353/

0 comments:

Post a Comment