Thursday, January 28, 2010

Filled Under:

ကဗျာဆရာ ကိုစောဝေအား လွှတ်ရက်ပြည့်ပေမဲ့ အာဏာပိုင်များ ဆက်လက်ဖမ်းဆီးထားဆဲ

VOA ----- 27/ 1/ 2010

မြန်မာစစ်အစိုးရ ခေါင်းဆောင်ကို ပုတ်ခတ်ပြီး ကဗျာရေးသားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် အပြစ် ကျခံနေရတဲ့ ကဗျာဆရာ ကိုစောဝေ လွတ်ရက် စေ့ပေမဲ့ မလွတ်ဘဲ ဖြစ်နေပါတယ်။ ၂၀၀၈ ခု ဇန်နာဝါရီလ ၂၁ ရက်နေ့မှာတုန်းက နိုင်ငံတော် အကြည်အညို ပျက်စေတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ဒဏ် ချချံထားရတဲ့ ကဗျာဆရာ ကိုစောဝေ လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်သေးဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။

ရန်ကုန်ထုတ် အချစ်ဂျာနယ်မှာ ဒေါင်လိုက်ကြည့်မယ်ဆိုရင် အာဏာရူးကြီး မှူးကြီးသန်းရွှေ စာသားပါတဲ့ ကဗျာဆရာ ကိုစောဝေရဲ့ ဖေဖေါ်ဝါရီလ ၁၄ ဆိုတဲ့ကဗျာ ပါရှိတာကြောင့် အာဏာပိုင်တွေက သူ့ကို အစိုးရကို အကြည်အညို ပျက်စေမှုနဲ့ ဖမ်းဆီး ထောင်ချ ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က ဖမ်းဆီးခံခဲ့ရတဲ့ ကိုစောဝေဟာ ဒီလထဲမှာဘဲ ဖမ်းဆီးထားတဲ့ရက် ပြည့်ပြီး ဖြစ်ပါတယ်။ သူ့ကို အခုလို ရက်ပြည့်ပေမဲ့ ပြန်လွှတ်ပေးခြင်း မရှိတဲ့အပေါ်မှာ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောကြားသွား ပါတယ်။

“ချုပ်နှောင်တဲ့ရက်ကို စပြီးတွက်မယ်ဆိုရင် လူတဦးတယောက်ကို စတင်ဖမ်းဆီးတဲ့ နေ့ကစပြီး ရဲအချုပ်မှာ ရှိနေစဉ် ကာလကနေပြီး စတင်တွက်ချက်ရတာ ဖြစ်တယ်။ ပြစ်ဒဏ် စီရင်တဲ့ အခါမှာလည်း ထောင်ဒဏ် ကျခံတဲ့အခါ တရားရုံးက အချုပ် ကာလများကို ထုတ်နှုတ်ခံစားစေ ဆိုပြီးတော့ ချမှတ်လေ့ ရှိပါတယ်။ ဒါက ဥပဒေ ပြဌာန်းချက်အရ ချမှတ်ထားတဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။ တရားရုံး တွေကလည်း လိုက်နာပြီး စီမံဆောင်ရွက် လေ့ရှိတာကို ကျနော်တို့ သိရှိရတယ်။ ဒါကြောင့် ကိုစောဝေရဲ့ အမှုမှာလည်း ၂၁ ရက်နေ့ကနေ စတင်ပြီးတော့ ဖမ်းဆီးသွားတာ ဖြစ်တဲ့အတွက် ထောင်အာဏာပိုင် ကနေ ချုပ်ရက်မပြည့် သေးဘူး၊ ဘာအကြောင်းပြချက် နဲ့မှ ခိုင်ခိုင်လုံလုံ မပြနိုင်ဘဲနဲ့ အခုအချိန်အထိ မလွှတ်ဘဲ ထားတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲဒီလို ဖမ်းဆီးထားတာက မတရား ဖမ်းဆီးချုပ်နှောင် ထားခြင်းဘဲ ဖြစ်တယ်။”

ကဗျာဆရာ ကိုစောဝေကို ပြန်မလွှတ်ပေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာအရ အမြင့် မားဆုံး ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ကြောင်းကိုလည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလိုပြောပါတယ်။

“အဓိက အဲလိုမျိုး ဖြစ်တဲ့အတွက် သူ့စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်လာတဲ့ အနေအထားမျိုး ရှိတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာအရ အမြင့်မားဆုံး ညှဉ်းပန်း နှိပ်စက်မှုလို့ ကျနော်တို့ ဒီလိုဘဲ မြင်ပါတယ်။ လွတ်ရက်စေ့ပေမဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ဆက်လက် ဖမ်းဆီးထားတယ် ဆိုတာက လူတယောက်ကို စိတ်ပိုင်း ဆိုင်ရာအရ အကြီးမားဆုံး ညှဉ်းပန်းနှိပ်စက်မှုလို့ဘဲ ကျနော်တို့ ထင်ပါတယ်။ ဒီကိစ္စမျိုးတွေက န ၀ တ၊ န အ ဖ လက်ထက် တောက်လျှောက် ဖြစ်နေခဲ့တာပါ။ နိုင်ငံတကာကလည်း ဒါကို ပြောဆိုနေပေမဲ့ တကယ်တန်း ထိရောက်တဲ့ အရေးယူမှုမျိုး လုပ်ဆောင်နိုင်ခြင်း အခုချိန်အထိ မရှိသေးဘူး။”

ကိုစောဝေလိုဘဲ လွတ်ရက်စေ့မေမဲ့ ပြန်မလွှတ်သေးတဲ့ အကျဉ်းကျ ခံနေရသူတွေ အများအပြား ရှိနေဆဲပါ။ မြန်မာ စစ်အစိုးရက ဥပဒေအရ ဆောင်ရွက်ပေးတာမျိုး တွေ သိပ်မရှိတာကြောင့် နိုင်ငံတကာက ဝေဖန်မှုကိုလည်း ခံနေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ၂၀၀၀ ကျော် ကျန်နေသေးတာကြောင့် ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေပေမဲ့ ပြန်လည်ဖမ်းဆီးတာက အများအပြား ရှိနေပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသူတွေက ပြောနေကြပါတယ်။

0 comments:

Post a Comment