Tuesday, February 02, 2010

Filled Under:

စစ်အစိုးရနဲ့ ILO အမှုဆောင်အရာရှိ မစ္စတာ ကာရီ တာပီအိုလာ ခရီးစဉ် အခြေအနေ

RFA ---- 1/ 2/ 2010
စစ်အစိုးရအနေနဲ့ ILO နဲ့ ဆက်ဆံရေး ကို တော်တော်လေးကို သတိနဲ့ ဆက်ဆံနေတယ်လို့ သုံးသပ်သူတွေ က မြင်ပါတယ်။ စစ်အစိုးရဟာ အဓမ္မ လုပ်အားပေး စေခိုင်းတာ ပပျောက် ရေးအတွက် ILO နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်မယ်လို့ ကတိပေးခဲ့လို့ပါ။ လူ့အခွင့်အရေး အဖွဲ့တွေ အဆိုအရ မြန်မာနိုင်ငံကို ILO ကသာ အရေးယူမယ်ဆိုရင် စစ်အစိုးရအတွက် တော်တော်လေးကို အထိနာမယ်လို့ မြင်ကြပါတယ်။

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တာထက် ပိုပြီး အထိနာတယ်လို့ ဝေဖန်နေကြတာပါ။ ဥပမာတခုအနေနဲ့ ကမ္ဘာမှာရှိတဲ့ အလုပ်သမား သမဂ္ဂတိုင်းက မြန်မာနိုင်ငံကို ပိတ်ဆို့မှုမှာ ပါဝင်ခဲ့မယ်ဆိုရင် စစ်အစိုးရရဲ့ ပြည်တွင်းက တင်ပို့တဲ့ကုန်တွေ နိုင်ငံတကာကို တင်သွင်းပို့ဆောင်ရေး မှာ ကတိကအောက် ဖြစ်ကုန်မယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်သွားအောင် ILO က လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် စစ်အစိုးရ အနေနဲ့ ILO ကို သတိနဲ့ ဆက်ဆံနေကြတယ်လို့ ဝေဖန်နေကြတာပါ။

ဒါပေမဲ့ တဖက်ကလည်း ILO အဖွဲ့ကိုယ်တိုင်က စစ်အစိုးရနဲ့ ဆက်ဆံရေးမှာ အထစ်အငေါ့မရှိအောင် သံသမန်နည်းနဲ့ ခတ်ပျော့ပျော့ ဆက်ဆံမှုတွေ ရှိတယ်လို့ ဝေဖန်ခံနေရပါတယ်။ ပြီးခဲ့တဲ့အပါတ်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ILO အမှုဆောင်အရာရှိ မစ္စတာ ကာရီ တာပီအိုလာ (Kari Tapiola) ကတော့ သူ့ရဲ့ခရီးစဉ်ဟာ အောင်မြင်မှု ရှိတယ်လို့ RFA ကို ပြောဆိုပါတယ်။

“လွတ်လပ်တဲ့ အသင်းအပင်း ဖွဲ့စည်းမှုအတွက် ဆွေးနွေးချက်အပြင် စာချွန်လွှာလည်း လဲလှယ်နိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ လယ်ယာမြေ သိမ်းခံရတဲ့ ကိစ္စကို ILO ကို တိုင်ကြားလို့ ထောင်ကျနေတဲ့ အောင်လံမြို့နယ်က လယ်သမားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကို လျစ်လျူရှုတာ ခံရတယ်လို့ ၀န်ခံပြောဆိုပါတယ်။

ဒီအချက်ကို ထောက်ပြပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး က - “ILO ရဲ့ ခရီးစဉ် တလျှောက်လုံးမှာ စာချုပ်သက်တမ်း နောက်ထပ်တနှစ် တိုးတာကလွဲပြီး ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တဲ့ ရလာဒ်ကောင်းတွေ တခုမျှ ထွက်မလာတဲ့အတွက် ကာရီ တာပီအိုလာ ကိုယ်တိုင်က စိတ်ဓါတ်ကျသွားတဲ့ သဘော ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

တကယ်တော့ ILO ကို တိုင်တန်းခဲ့ကြတဲ့ လယ်သမားတွေဟာ လယ်ယာ လုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး စစ်အစိုးရနဲ့ ILO အကြားမှာ သဘောတူညီချက်ရခဲ့ပြီး လယ်သမားတွေအတွက် ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ဒါမေမဲ့ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက တဖက်လှည့်နဲ့ လယ်သမားတွေကို အမှုဆင်ပြီး ဖမ်းခဲ့တာပါ။

“၃၁ အမှတ် ၀၆၆ ကို ပြပြီးတော့ လယ်သမားတွေကို သူတို့ရဲ့ လယ်ယာမြေတွေမှာ ပြန်လယ်စိုက်ပျိုး လုပ်ကိုင်ခွင့် ပြုခဲ့တဲ့ ကိစ္စတွေရှိတယ်။ အဲဒီလိုမျိုး လုပ်ကိုင်မယ် ဆိုရင် ဒေသဆိုင်ရာ အာဏာပိုင်တွေကနေ နှောင့်ယှက်ခြင်း မပြုရဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေ ကိုလည်း တခါတည်း ဖေါ်ပြထားပြီးသား ဖြစ်တယ်။ သို့သော်လည်း အောင်လံက လယ်သမားတွေကို ဖမ်းဆီးပြီးတော့ အမှုစစ်ဆေးတဲ့ အခါမှာ ဒီစာရွက်စာတမ်းကို သက်သေခံအဖြစ် ရုံးတော်တင်တဲ့အခါမှာ တရားရုံးတော်က နေပြီးတော့ ဒီအမှုကိစ္စမှာ ILO မပါဘူး။ အာဏာပိုင်တွေနဲ့ ဖြစ်တဲ့အမှုကိစ္စ ဖြစ်တယ်။ ဒါကြောင့် စာရွက်စာတမ်းကို တင်သွင်းခွင့် မပြုဘူး ဆိုပြီးတော့ ပယ်ချခဲ့တယ်လို့ ကျနော်တို့ သိရတယ်။”

ဒါ့အပြင် အမှုရင်ဆိုင်ဖို့ လယ်သမားတွေအနေနဲ့ ရှေ့နေမငှားနိုင်အောင် အာဏာပိုင်တွေက အမျိုးမျိုး တားဆီးခဲ့တယ်လို့ ရန်ကုန်ရှေ့နေ အသိုင်းအ၀ိုင်းက ပြောပါတယ်။ လယ်သမားတွေဘက်က လိုက်ပါပေးမဲ့ ရှေ့နေများ လာရောက်စဉ်မှာ ဧည့်မှူးတိုင်ခွင့် မပေးခဲ့ရသလို တင်းကြပ်မှုမျိုးစုံ လုပ်တာကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စအားလုံးကို ILO က သိပေမဲ့ စစ်အစိုးရ အာဏာပိုင်တွေကို တိတိကျကျ ထောက်ပြပြီး ဖိအားပေးခဲ့ခြင်း မရှိဘူးလို့ အဖမ်းခံရ သူတွေရဲ့ မိသားစုဝင်တွေဘက်က ပြောပါတယ်။

အလားတူဘဲ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း ILO က စစ်အစိုးရကို ပြောဆိုချက်တွေဟာ ပျော့လွန်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ မစ္စတာ ပီအိုလာကတော့ မြန်မာနိုင်ငံမှာ Policy ချမှတ်သူများနဲ့ အောက်ခြေ တာဝန်ရှိသူများ အကြားမှာ ကွာဟနေတယ်၊ နားလည်မှု လွဲနေတယ်လို့ RFA ကို မှတ်ချက်ပေးပါတယ်။ “ကျနော်တို့ မြင်တာကတော့ အောက်ခြေ အဆင့်မှာ ပြဿနာ ရှိပါတယ်။ စစ်ဖက်ရော အရပ်ဖက်အောက်ခြေ ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ ပြဿနာ ရှိနေတယ်လို့ ဆိုပါတယ်။ မိမိတို့နဲ့ ဆွေးနွေးတဲ့ ၀န်ကြီးအဆင့်တွေမှာ အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သား စုဆောင်းတဲ့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။”

ဦးမင်းလွင်ဦးကတော့ “ထိရောက်တဲ့ အရေးယူမှုတွေ ပြမှသာလျှင် ILO ကလည်း ယုံမယ်၊ နိုင်ငံတကာ အစိုးရကလည်း အစိုးရအပေါ် အယုံအကြည် ရှိလာမယ်။ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုကလည်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားကိုးယုံကြည်လာမယ် ဖြစ်တယ်။ အဲလိုမျိုး မဟုတ်ဘဲနဲ့ အထက်က တကယ်မသိဘဲ နေတာလား၊ မသိချင်ယောင်ဆောင်တာလား၊ သိသိနဲ့ လွှတ်ပေးထားသလား ဆိုတာကို ကျနော်တို့အနေနဲ့ စဉ်းစားသုံးသပ်စရာ အများကြီးလိုလာပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း မရှိခြင်းဟာ ပြဿနာ အများစုရဲ့ အခြေခံ အကြောင်းတရား ဖြစ်နေပါတယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာမှ ဒီပြဿနာကို ဖြေရှင်းနိုင်မယ် ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က လွန်ခဲ့တဲ့ ၅ နှစ်လောက်က ပြောခဲ့ဖူးပါတယ်။

လူ့အခွင့်အရေး လေးစားမှုနဲ့ တရားဥပဒေ စိုးမိုးရေး အခြေခံ လွတ်နေသမျှတော့ ဘာမှလုပ်ဆောင်လို့ မမှာမဟုတ်ဘူး။ Policy ချမှတ်သူ အထက်အာဏာပိုင်တွေ ကိုယ်တိုင် လိုလိုလားလား ဆောင်ရွက်မှ ဖြစ်နိုင်မယ်လို့ ဝေဖန်နေကြပါတယ်။ ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့ မစ္စတာ တာပီအိုလာရဲ့ မြန်မာနိုင်ငံက တွေ့ရှိချက်တွေကို တင်ပြမဲ့ အစီရင်ခံချက်ဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။ မစ္စတာ တာပီအိုလာ အနေနဲ့ မြန်မာနိုင်ငံက တွေ့ရှိချက်တွေကို လာမဲ့ မတ်လမှာ တင်ပြမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို မကြွင်းမကျန် သိရှိနေတာကတော့ အသေအချာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

“မတ်လမှာ တင်သွင်းမဲ့ အစီရင်ခံစာက လူ့အခွင့်အရေး ကောင်စီကနေပြီး ကြီးမှူးကျင်းပတဲ့ လပတ် အစည်းအဝေးနဲ့လည်း ဆိုင်တယ်။ အဲတော့ အဲဒီမှာ အခု သူကိုယ်တိုင် ကွင်းဆင်းပြီး ရလာတဲ့ အချက်အလက်တွေကို ထောက်ပြပြီးတော့ ပြင်းထန်စွာ အရေးယူဖို့အတွက် တိုက်တွန်းပြောဆိုတာ ဖြစ်နိုင်တယ်။ ထိုနည်းတူစွာ လူ့အခွင့်အရေး ကောင်စီကလည်း ဒီလိုမျိုး အချက်အလက်တွေကို အားကိုးအားထား ပြုပြီး လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဒီလောက်အထိ ဆိုးရွားပြီး၊ ဒီကိစ္စကို လျင်မြန်စွာ အရေးယူ လုပ်ဆောင်ဖို့လိုတယ် ဆိုတာကို ထပ်ဆင့်တင်ပြီးတော့ ပေးနိုင်မယ်ဆိုရင် ကောင်းတဲ့အလားအလာ ဖြစ်တယ်။”

ILO အနေနဲ့ စစ်အစိုးရကို သံနည်း သမန်နည်းနဲ့ အပျော့ဆွဲနေမှာလား၊ ပြတ်ပြတ်တင်းတင်း ဆောင်ရွက်မှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ သုံးသပ်သူတွေ ပြောနေတာကတော့ နာရီလက်တံဟာ ရပ်မနေပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းဖို့ အချိန်ဟာလည်း သိပ်ကိုမြန်လွန်း နေတယ်လို့ ပြောဆိုနေကြပါတယ်။

0 comments:

Post a Comment