Saturday, February 06, 2010

Filled Under:

၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တို့ရဲ့ အခွင့်အရေးကို ရအောင် ဘယ်လိုယူကြမှာလဲ

VOA ----- 3 January 2010 (တိုက်ရိုက်လေလှိုင်း အစီအစဉ်)

ပင်တိုင် ဆွေးနွေး ပေးမဲ့သူ နှစ်ဦးက အခြေခံဥပဒေ ရေးရာ ကျွမ်းကျင်သူ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ် မော်ရာ ဥပဒေ ကျောင်းမှာ လက်ထောက်ညွှန်ကြား ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်နေသူ ဒေါက်တာဆလိုင်းငုံကျူး လျံ၊ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး၊ အာရှ လူ့အခွင့်အရေး ကော်မရှင်တွင် မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စကို ဆောင်ရွက် ပေးနေသူ ဦးမင်းလွင်ဦးနှင့် အထူးဧည့်သည်တော် ဦးကျော်ဇံသာတို့ ပါဝင် ဆွေးနွေးထားတာ ဖြစ်ပါတယ်။

မေး ----- ပထမဦးဆုံး ဒေါက်တာဆလိုင်းငုံကျူးလျံကို မေးချင်တာက မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကို ဥပဒေနဲ့ အကာအကွယ် ပေးထားတာမျိုး တိတိကျကျ တခြားနိုင်ငံတွေမှာ ရှိပါသလား။ အကျဉ်းပြောပြပေးပါ။

ဆလိုင်းငုံကျူးလျံ ------ ရှိပါတယ်။ ဥပမာ အမေရိကန်မှာ သူတို့ရဲ့ အခြေခံဥပဒေ ပုဒ်မ (၁) နဲ့ အမှတ် ၁၅ မှာ မဲပေးပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေအရ အကာအကွယ် ပေးထားတယ်။ အဲဒီအပြင်မှာ ဥပဒေပြုခွင့် အာဏာကနေ ဥပဒေပြုထားတဲ့ ဥပဒေတွေ အများကြီးနဲ့ မဲပေးပိုင်ခွင့်ကို အကာအကွယ် ပေးထားတာ ရှိပါတယ်။ အမေရိကန် တခုတည်း မဟုတ်ပါဘူး။ အိန္ဒိယနဲ့ အခြားဒီမိုကရေစီ နိုင်ငံများကို ကြည့်လို့ရှိရင် မဲပေးခွင့်ဆိုတဲ့ ကိစ္စက အခြေခံဥပဒေကနေ သက်ဆင်းလာတဲ့ အခွင့်အရေးတခု ဖြစ်တယ်ဆိုတာ အားလုံးက သိပါတယ်။

မေး ----- အဲဒီမဲပေးခွင့်အပြင် အခြားရပိုင်ခွင့်ဖြစ်တဲ့ စောသက Complaint တက်ခွင့်၊ ကိုယ်တိုင်က နစ်နာတယ်၊ မတရား လုပ်ခံရတယ်လို့ ယူဆရင် တိုင်ကြားခွင့် စသည့်ဖြင့် အဲတာတွေရော အခိုင်အမာ ရှိပါသလား။

ဆလိုင်းငုံကျူးလျံ ------ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ မဲပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တဲ့ အမတ်ဖြစ်ဖြင့်၊ မဲပေးတဲ့သူဖြစ်ဖြင့် သူတို့မကျေနပ်ရင် သာမန်အားဖြင့် တရားရုံးကို သွားပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူရတယ်။ နောက်ဆုံးအနေနဲ့ ဗဟိုတရားရုံးချုပ် Supreme Court အဆုံးအဖြတ်အထိ ခံယူရတယ်။ ဥပမာ- ဘုတ်ရှ်နဲ့ အယ်လဂိုးလ် ကိစ္စလိုဟာမျိုး၊ အိန္ဒိယမှာကျတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် သီးသန့်ရှိတယ်။ အဲဒီကော်မရှင်မှာ သွားပြီး အဆုံးအဖြတ် ယူရတယ်။ အဲဒီမှာ မကျေနပ်လို့ရှိရင်လည်း Supreme Court အထိ တက်ပြီးတော့ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူပိုင်ခွင့် ရှိပါတယ်။

မေး ----- ဦးမင်းလွင်ဦး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေတွေ ပြဌာန်းထားတာ ရှိပါသလား။

ဦးမင်းလွင်ဦး ----- ရှိပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃၀ (က) ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ လုပ်ရမဲ့ဟာတွေကို မလုပ်တဲ့ ကိစ္စရပ်တွေနဲ့ ချန်ထားတာ၊ ကျူးလွန် ဖေါက်ဖျက်တာတွေနဲ့ ပတ်သက်လို့ရှိရင် အရေးယူ နိုင်ဖို့အတွက် ရဇသတ်ကြီးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃၀ (က) အနေနဲ့ ပြဌာန်းထားတာတွေ ရှိပါတယ်။

မေး ----- အဲဒီပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေက ၁၉၉၀ ရွေးကောက်ပွဲတုန်းကရော ကျင့်သုံး၊ အကျုံးဝင်တာမျိုး မှတ်သားခဲ့တာ ရှိသလား။

ဦးမင်းလွင်ဦး ------ ၁၉၉၀ ရွေးကောက်ပွဲ အခြေအနေက တမျိုးဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိတော့ဘူး ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲဆိုင်တဲ့ ပြဿနာအရပ်ရပ်ကို ရွေးကောက်ပွဲ ဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေအရ အရေးယူတာကို ကျနော်တို့ သိရတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းနဲ့ ပတ်သက်တာရယ်၊ အသုံးစရိတ်ငွေတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေရယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ ဥပဒေအရ ပြန်ဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့ အရေးယူတယ်လို့ သိရတယ်။

မေး ---- ၁၉၉၀ ရွေးကောက်ပွဲတုန်းက အခြေခံ ဥပဒေ မရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အတည်ပြုပြီး ဆိုပေမဲ့ အသက်မ၀င်ဘူး။ ဒီအခြေအနေ နှစ်ရပ်က တူတယ်ပေါ့။ အခြေအနေ တူတယ်ဆိုတော့ ရွေးကောက်ပွဲ ဥပဒေကဘဲ အဓိက ကျတာလား။

ဦးမင်းလွင်ဦး ----- ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ် ဆိုတဲ့အခါ ကျတော့လည်း ပြဿနာတခု ရှိတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြု ပြဌာန်းပြီးတယ်လို့ ဆိုပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ တည်ဆောက်ထားတဲ့ ယန္တရားတွေ ဘာမှ မရှိသေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာမယ် ဆိုရင် ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေအရ အရေးယူရမယ့် အခြေအနေမျိုး ရောက်တယ်လို့ ပြောချင်တယ်။

မေး ----- ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီ ဦးကျော်ဇံသာ ဘာများပြောချင်သလဲ။

ဦးကျော်ဇံသာ ----- ရွေးကောက်ပွဲ ဥပဒေနဲ့ပတ်သက်ပြီး စောစောတုန်းက ဥပဒေ ပညာရှင်တွေ ပြောသွားတာ အင်မတန် မှတ်သားစရာ ကောင်းပါတယ်။ ဥပဒေကတော့ ပဌာန်းမှာဘဲ၊ ဒါပေမဲ့ အဲဒီဥပဒေကို အကောင်အထည် ဖေါ်သလဲ၊ အတိအကျ လိုက်နာမှု ရှိသလား၊ မြန်မာနိုင်ငံရဲ့ ပြဿနာဖြစ်တယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ ပြည်သူရပိုင်ခွင့်က မဲပေးတယ် ဆိုတာက ဥပဒေ မပြဌာန်းထားပေမဲ့ ရွေးကောက်ပွဲ လုပ်တယ် ဆိုတာက ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ခွင့် ပေးခြင်းဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို နာခံချင်လို့ ရွေးကောက်ပွဲလုပ်ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စောစောက ထွက်လာတဲ့ သူ့ရဲ့သ၀ဏ်လွှာမှာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ပြည်သူတွေ အရွေးမမှားဖို့၊ ဘယ်လိုစည်းကမ်းနဲ့ မဲပေးဖို့ ပြောပါတယ်။ ဒါပေမဲ့ ဥပဒေလည်း ပြဌာန်းလာပါလိမ့်မယ်။ ဒီဥပဒေကို အောက်က အကောင်အထည်ဖေါ်သူတွေ အတိအကျ လိုက်နာကြပါရဲ့လား။ ဒါက ပထမ ပေးရမဲ့ မေးခွန်းဖြစ်တယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ နိုင်ငံတကာက ကြီးကြပ်တဲ့ Monitor လုပ်ပေးရတဲ့ အခြေအနေမျိုး မကြာခဏ ပြောနေပါတယ်။

နောက်တခုက ပြည်သူတွေရော သိရဲ့လား၊ အချို့က သိပေမဲ့လည်း စိတ်မ၀င်စားကြဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ရွာတိမ် ရွာငယ်တွေ၊ နယ်စွန်နယ်ဖျားတွေမှာ တရွာလုံးကိုယ်စား တာဝန်ရှိတဲ့ သူတွေက မဲပေးလိုက်တာမျိုး၊ ရွာတိမ်ရွာငယ်တွေ မကဘူး၊ ဆရာဝန်မကြီးတဦး ကျနော့ကို ပြောတာက သူတို့ဆေးရုံမှာ မဲပေးဖို့ ရောက်လာတာနဲ့ ဆေးရုံအုပ်က ခင်ဗျားကိုဘဲ ကျနော်တို့အားလုံး မဲပေးလိုက်ပြီး ပြောတာမျိုး သူတို့က ဒီအတိုင်း လက်သင့်ခံနေရတယ်။ ဆိုတော့ ပြည်သူတွေကိုယ်၌က မဲတပြားဟာ ဘယ်လောက် တန်ဘိုးကြီးတယ် ဆိုတဲ့အသိရှိဖို့ လိုအပ်တယ် ထင်ပါတယ်။

မေး ----- ဒီမိုကရေစီ နိုင်ငံတခုအဖြစ် တည်ဆောက်မယ်ဆိုရင် မဲဆန္ဒရှင် ပြည်သူလူထုရဲ့ အခန်းကဏ္ဍက အထူးအရေးကြီး ပါတယ်။ ဒါက ဘယ်ဒီမိုကရေစီ နိုင်ငံမှာမဆို ဖြစ်တဲ့ကိစ္စပါ။ မဲဆန္ဒရှင်တွေက သူတို့ရဲ့ကဏ္ဍကနေ ပီပီပြင်ပြင် ပါဝင်နိုင်ဖို့ဆိုရင် မဲဆန္ဒရှင်တွေ ကိုယ်တိုင် ကိုယ့်ရဲ့ အခွင့်အရေးကို သိပြီးတော့ အဲဒီအခွင့်အရေးကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေ ပြောကြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက မဲပေးခဲ့တဲ့ ဖြစ်ရပ်တွေ ပါပါတယ်။ အခုလာမဲ့ ရွေးကောက်ပွဲမှာ ဒီလိုဖြစ်လာနိုင်ခြေ ရှိတယ်ဆိုပြီးတော့ သတင်းသမားတွေ၊ ကျွမ်းကျင်သူတွေ၊ မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ပြောဆို နေကြတာ အများကြီး ရှိပါတယ်။

မေး ----- ပြင်ဦးလွင်မြို့က ကိုစကြာမင်းကို ဆွေးနွေးပါ။

ကိုစကြာမင်း ----- ၂၀၀၈ အခြေခံဥပဒေ မှာတုန်းက မဲပေးတာဆိုတာက ဌာနဆိုင်ရာက ပြဌာန်းချက်တွေထုတ်၊ အမိန့်တွေချပြီး အဲဒီဥပဒေကို ချိုးဖေါက်လိုက်တာပါ။

မေး ----- ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အတည်ပြုတုန်းက ကိုစကြာမင်း ၀န်ထမ်းလား။ အဲတုန်းက လူထုဆန္ဒ ခံယူပွဲတုန်းက ကိုစကြာမင်း ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ ရှိမှာပေါ့။

ကိုစကြာမင်း ----- ဌာနအတွင်း အတွေ့အကြုံက သူတို့က ရုံး Order ကိုထုတ်တယ်။ မဲပေးတယ်ဆိုတာက ရုံးဝန်ထမ်းတွေအားလုံး ရုံးအုပ်ရှေ့မှာ တမိသားစုအတွက် ပေးရတယ်။ မိသားစု ၅ ယောက် ရှိမယ်ဆိုရင် ၅ ယောက်အတွက် ထောက်ခံမဲ ထည့်ပေးရတယ်။ Forced vote ဆိုတဲ့ပုံစံမျိုး၊ အတင်းပေးရတဲ့ ပုံစံမျိုး လုပ်တာပေါ့။

မေး ----- ဒေါက်တာဆလိုင်းခင်ဗျား။ အခုကိုစကြာမင်း ပြောသွားတဲ့ အခြေအနေမှာ မဲကို အရာရှိရှေ့မှာ ပေးရတယ်။ ကျန်တဲ့ သူတွေအတွက် စုပြီးတော့ တခြားတယောက်ကို ပေးရတယ်ဆိုတာက ဘယ်ဥပဒေကို ချိုးဖေါက်တာ ဖြစ်သလဲ။ ဒါက မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်ကို ချိုးဖေါက်တာရော မညိဘူးလား။

ဆလိုင်းငုံကျူးလျံ ------ ညိတာပေါ့ဆရာ၊ မေမြို့က ကိုစကြာမင်းကို ကျနော်မေးချင်တာက Referendum ဥပဒေ ၂၄ ကို ကျနော်တို့ ဖတ်မယ်ဆိုရင် (ဇ)မှာ သူပြောထားတဲ့အတိုင်း မဲရုံအတွင်းမှာဖြစ်စေ၊ အပြင်မှာ ဖြစ်စေ၊ မဲကိုလိမ်တဲ့ဟာကို သူတို့ မကျေနပ်လို့ရှိရင် အယူခံနိုင်တယ်၊ တရားစွဲနိုင်တယ် ဆိုပြီးတော့ လုပ်ထားတာ၊ ဘာဖြစ်လို့ မြန်မာပြည်က ပြည်သူတွေ၊ အစိုးရ၀န်ထမ်း အလုပ်ခံရတဲ့ သူတွေက ဒီဥပဒေ လမ်းကြောင်းအတိုင်း မသွားသလဲဆိုတဲ့ ကိစ္စက ကျနော်တို့မှာ သူ့ကို ပြန်မေးစရာ ဖြစ်လာတယ်။ ဥပဒေ ရှိနေပေမဲ့ ကျနော်တို့က ပြန်အသုံးမချ တတ်သလို ဖြစ်နေတယ်ဗျား။

မေး ----- ဒေါက်တာ ဆလိုင်းငုံကျူးလျံ မေးတာကို ကြားသလား ကိုစကြာမင်း။ ဘာဖြစ်လို့လဲ ဥပဒေကို သိသလား၊ သိရင် ဘာဖြစ်လို့ အသုံးမချသလဲ။

ကိုစကြာမင်း ----- သိတယ်။ အသုံးမချဘူး ဆိုတာက သူတို့က အတင်းအဓမ္မ ပေးခိုင်းထားတယ်။ ထောက်ခံမဲ မပေးရင် သူတို့က အလုပ်ဖြုတ်မယ် ဆိုတာကို သူတို့က ကြေငြာထားတာ။

မေး ----- အလုပ်ဖြုတ်မယ် ဆိုတာက ကိုစကြာမင်းတို့ကို ပြောင်နှုတ်နဲ့ ပြောတာလား။ နှုတ်နဲ့ ခြိမ်းခြောက်တာလား။

ကိုစကြာမင်း ------ နှုတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်။

မေး ------ အဓိကကတော့ အလုပ်ဖြုတ်ခံရမှာ ကြောက်တဲ့အတွက် ပြောခဲ့တဲ့အတိုင်း လုပ်ခဲ့ရတယ်ပေါ့။

ကိုစကြာမင်း ----- ဟုတ်ပါတယ်။

မေး ----- ဦးမင်းလွင်ဦး အခုလိုမျိုး အစိုးရ တာဝန်ရှိသူတွေက ဒီလိုမျိုး နှုတ်မိန့်နဲ့ဖြစ်ဖြင့် ခဏက ကိုစကြာမင်း ပြောသွားတဲ့ အခြေအနေ အောက်မှာ ဘယ်လိုမျိုး အရေးယူ နိုင်မှာလဲ။ အရေးယူနိုင်မဲ့ ဥပဒေရော ရှိသလား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့၊ ဥပဒေက စာအုပ်မှာ ရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့ ကျင့်သုံးရာမှာ အာဏာပိုင်တွေ ကိုယ်တိုင်က ကျူးလွန်နေတာမျိုး ဖြစ်တဲ့အတွက် ဒီအခွင့်အရေး ချိုးဖေါက်ခံရတဲ့သူတွေ အနေနဲ့ တိုင်ကြားဖို့ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ အစောက ပြောသလိုမျိုး ပထမ ထောက်ခံမဲ ထည့်ရမယ်၊ ထောက်ခံမဲ မထည့်ရင် အလုပ်ဖြုတ်မယ် ဆိုတာကို ပထမဦးဆုံး ခြိမ်းခြောက်လိုက်တာပဲ၊ ခြောက်လှန့်လိုက်တာပဲ။ အမှန်တော့ ဒါတွေလုပ်ခွင့် မရှိဘူး။ ဥပဒေမှာ အတိအကျ ပြဌာန်းထားတယ်။ သို့သော်လည်း အာဏာပိုင်တွေ ကိုယ်တိုင်က ကျူးလွန်တဲ့ကိစ္စမှာ အရေးယူနိုင်ဖို့အတွက် ချိုးဖေါက်ခြင်း ခံရသူတွေ တိုင်ကြားဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့ ကိစ္စဖြစ်တယ်။

မေး ----- အခက်အခဲ ရှိတဲ့နေရာမှာ ဥပဒေက ပြဌာန်းထားတယ်ပေါ့။

ဦးမင်းလွင်ဦး ----- ရွေးကောက်ပွဲ ဥပဒေမှာ အဲဒါတွေကို အတိအလင်း ပြဌာန်းထားတာ ရှိပါတယ်။ အဲလိုမျိုး ခြိမ်းခြောက်၊ ခြောက်လှန့် နစ်နာအောင် မလုပ်ရဘူး။ အဲလိုလုပ်မယ်ဆိုရင် ထောင်ဒဏ်ဘယ်လောက် ၆ လ၊ ၁ လ၊ ဒဏ်ငွေဘယ်လောက် အရေးယူနိုင်မယ် ဆိုတာကို ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ အတိအကျ ရှိတယ်။ သို့သော်လည်း အာဏာပိုင် ကိုယ်တိုင်က ကျူးလွန် ဖေါက်ဖျက်တဲ့ကိစ္စ ဖြစ်နေတဲ့အတွက် တိုင်ကြားရမဲ့ သူတွေအနေနဲ့ စဉ်းစားရမဲ့ အခြေအနေမျိုး ဖြစ်နေတယ် ဆိုတာကို ကျနော်တို့တွေ့ရတယ်။

မေး ----- ကိုစကြာမင်းတို့အနေနဲ့ တိုင်ရင်တော့ အလုပ်ဖြုတ်ခံရမယ်လို့ ကိုစကြာမင်းက ပြောသွားတယ်။ အဲတော့ ဆရာ ဒေါက်တာဆလိုင်းငုံလျံ အနေနဲ့ ဘယ်လို အကြံပေးချင်သလဲ။

ဆလိုင်းငုံကျူးလျံ ----- ဥပမာတခုအနေနဲ့ ကျနော်တို့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ အမှုသွားလာပုံက အောက်တရားရုံးကနေ အဆင့်မြင့်ဆုံး တရားရုံးအထိ ရောက်သွားတဲ့ အခါကျတော့ ဒါကို ကြည့်မယ်ဆိုရင် မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေး လုံးဝကင်းမဲ့နေတာ မဟုတ်ဘူးဗျား။ ဒါပေမဲ့ အဓိကက ကျနော်တို့မှာ သတ္တိရှိဖို့လိုတယ်။ လုပ်ရဲဖို့လိုတယ်။ ၂၀၀၈ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတုန်းက ကျနော်သိခဲ့တဲ့ ဒေသတချို့ရှိတယ်။ အဲဒီက လူတွေကို အစိုးကဘက်က ပြောတာက ခင်ဗျားတို့ အစိုးရဘက်က ထောက်ခံမဲ ထည့်ရမယ်။ သူတို့က ကန့်ကွက်မဲ ပေးလိုက်တယ်။ မဲရေတွက်ရာမှာ အားလုံးက ကန့်ကွက်မဲ ဖြစ်နေတယ်။ ဒါပေမဲ့ စာရင်းထွက်တော့ ထောက်ခံမဲ ဖြစ်နေတယ်။ ဖျက်တဲ့သူက အာဏာပိုင်ဆိုတဲ့ သူတွေက အရှက်ရသွားတယ်။

အဲတော့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ကျနော်တို့ ပြည်သူတွေအနေနဲ့ တရားဥပဒေ စိုးမိုးမှု၊ တရားဥပဒေ နည်းလမ်းအတိုင်း ကျနော်ုတို့ သွားသင့်တယ် ဆိုတဲ့ကိစ္စကို သတ္တိရှိဖို့က တချက်၊ ဒုတိယအချက်က မြန်မာပြည်မှာ လုံးဝဥသုန် တရားဥပဒေ စိုးမိုးရေး မရှိဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည် အမှုသွားလာပုံကို ကြည့်ပြီး ကျနော်တို့ နားလည်ဖို့။ တတိယအချက် အနေနဲ့ ကိုယ်ကို၌က အသဲကြားက မဲတပြား၊ တော်တော်လှတဲ့ ဗမာစကားဖြစ်တဲ့ အသဲကြားက အသက်နဲ့လဲသွားမယ် ဆိုတာကို ကာကွယ်တဲ့အနေနဲ့ လုပ်မယ်ဆိုရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်လို့ ကျနော်ယူဆပါတယ်။

မေး ---- ဆရာဆလိုင်းပြောတဲ့ အသဲကြားက မဲတပြားဆိုတာ အင်မတန် တန်ဖိုးကြီးပါတယ်။ ရွေးကောက်ပွဲဖြစ်ဖြင့်၊ လူထုဆန္ဒ ခံယူပွဲဖြစ်ဖြင့်၊ ဒါက မဲဆန္ဒရှင်တွေရဲ့ သဘောထား၊ အင်မတန် အရေးကြီးပါတယ်။ လူထုတွေရဲ့ သဘောထားဟာ အရေးကြီးတယ်လို့ ယူဆပါတယ်။ မဲဆန္ဒရှင်တွေက ဖြူမလား၊ မဲမလား၊ လက်ခံမှာလား၊ လက်မခံဘူးလား၊ ဒါတွေက မဲဆန္ဒရှင်တွေရဲ့ ဆန္ဒအပေါ်မှာ မူတည်နေပါတယ်။ အဲဒီလို ဖြူသလား၊ မဲသလား၊ လက်ခံသလား၊ လက်မခံဘူးလား ဆိုတာကို ဆုံးဖြတ်လိုက်တာက ကိုယ့်ရဲ့ ကကြမ္မာ၊ ကိုယ့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ အရေးကြီးတယ်လို့ ဟုတ်ပါသလား ဆရာဆလိုင်း။

ဆလိုင်းငုံကျူးလျံ ------ ဟုတ်ပါတယ်။ အသဲကြားက မဲတပြားဆိုတာကို နိုင်ငံကြားတိုင်းပြည်မှာ အဲလောက်လှပတဲ့ စကားလုံး၊ ထိမိတဲ့ စကားလုံး မရှိပါဘူး။ ကျနော်တို့ အသဲကြားက မဲတပြား လိမ်ပြီးယူသွားရင်လည်း သူတို့ရဲ့ ထွက်လာတဲ့ ရလာဒ်က ဘယ်တော့မှ ရေရှည်မခံပါဘူး။ အသဲကြားက မဲတပြားအတိုင်း သွားရင်တော့ ဘယ်သူဖျက်ဖျက် အဲဒီရလာဒ်က ကမ္ဘာတည်သရွေ့ ကျန်နေမယ် ဖြစ်ပါတယ်။ ဘာဖြစ်လဲ ဆိုတော့ ကျနော်တို့ အသဲကြားက၊ ကျနော်တို့ အဲဒီအသဲနှလုံးနဲ့ အသက်ရှင်နေလို့ ဖြစ်ပါတယ်။

မန္တလေးမြို့မှ ပါဆယ်(လ်) ပေးပို့စာ ------- ဆန္ဒမဲပေးတဲ့ မဲဆန္ဒရှင် ပြည်သူတွေဟာ ဥပဒေကြောင်းအရ သူတို့ရဲ့ အခွင့်ရေး၊ ရပိုင်ခွင့်တွေကို ကျင့်သုံးဖို့ နေနေသာသာ အများစုက မသိကြဘူး။ မကြာခင် ရွေးကောက်ပွဲ ဥပဒေ ထွက်လာရင် မဲပေးသူတွေရဲ့ ရပိုင်ခွင့်တွေ ပါလာမလဲဆိုတာ ကြည့်ကြရမယ် ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ အကာအကွယ် ပေးထားဦးတော့ အဲဒီဥပဒေဟာ စစ်တပ်အတွက် လိုသလို အဓိပ္ပါယ် ကောက်ယူလို့ရတဲ့ စာပိုဒ်ဘဲ ဖြစ်နေပါလိမ့်မယ်။ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကတော့ စာရွက်ပေါ်မှာ အိပ်ပျော်နေမှာ သေချာပါတယ်။ န အ ဖ ဟာ မဲဆန္ဒရှင်တွေအပေါ်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိနေတယ်ဆိုတာကို ဘယ်တုန်းကမှ အသိပေးဖို့ မလုပ်ခဲ့ပါဘူး။ အဲဒီလို ဘာမှမသိမှ သူတို့ညစ်ချင်သလို ညစ်လို့ရမယ် ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတုန်းကလည်း ဒီလိုဘဲ မလိမ့်တပတ်နဲ့ နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက်၊ အကြပ်ကိုင်တဲ့ နည်းတွေသုံးပြီး ပြည်သူတွေ ဖွဲ့စည်းပုံကို ထောက်ခံခဲ့တာလို့ ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ကြိုတင်မဲတွေရယူ၊ မဲရုံတံခါးတွေပိတ်ပြီး ကန့်ကွက်မဲတွေကို ထောက်ခံမဲအဖြစ် ပြောင်းပစ်လိုက်တဲ့ မသမာမှုတွေကို ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာတနိုင်ငံလုံးမှာ ဘယ်နေရာမှာမှ ဆန္ဒမဲချိုးဖေါက်မှုတွေကို မစုံစမ်း၊ မစစ်ဆေးခဲ့တာ အရေးမယူခဲ့တာကို ထောက်ရှင် မဲဆန္ဒရှင် ပြည်သူတွေဟာ ဥပဒေကို မတရား တဖက်သတ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ဒီပုံစံအတိုင်း အနိုင်ယူသွားမှာ ဖြစ်ပါတယ်။

ဒီစာကို ဖတ်လိုက်တဲ့ အခါမှာ ရွေးကောက်ပွဲအပေါ်မှာ သောတရှင်က သံသယအပြည့် ရှိနေတယ်ဆိုတဲ့ ခံစားချက်ကို ရလိုက်ပါတယ်။ ဆိုတော့ အဲဒီသံသယက နေတဆင့် ဘာမှလုပ်လို့မရတော့ဘူးလား ဆိုတဲ့ စိတ်ပျက်လက်ပျက် နေလိုက်ကြတဲ့ အတွးမျိုးလည်း ပေါ်လာတယ်။ ဒီအထဲမှာ ပြောထားတဲ့ စိတ်ဝင်စားစရာ အချက်က မသမာမှုတွေကို ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဆိုတော့ ဦးမင်းလွင်ဦးနဲ့ ဆရာဆလိုင်းတို့ နှစ်ဦးစလုံးကို မေးပါရစေ။

မေး ----- အဲလို ခိုင်လုံတဲ့ အထောက်အထားတွေ ရှိထားတယ်။ ပြည်တွင်းမှာ အာဏာပိုင်တွေက ချိုးဖေါက်တာကို တိုင်တန်းဖို့၊ စောတကတက်ဖို့ အခွင့်အရေး မရှိဘူး။ ဒါဆိုရင် အခွင့်အလမ်း ကုန်သွားပြီးလား။ မသမာမှုတွေကို ဖွင့်ချပြီးတော့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးတွေ ရယူနိုင်ဖို့ လုပ်နိုင်တဲ့ အခွင့်အလမ်း မရှိတော့ဘူးလား။ ဦးမင်းလွင်ဦ အရင်ဖြေပါ။

ဦးမင်းလွင်ဦး ----- ဒါတွေကို လုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ ရွေးကောက်ပွဲက တရားမျှတ မှန်ကန်မှု ရှိတယ်၊ မရှိဘူးဆိုတာကို ပြည်သူတွေ အနေနဲ့ စောင့်ကြည့် လေ့လာဖို့ လိုတယ်။ နောက်ပြီး တရားမဲ့ပြုတဲ့ ကိစ္စရပ်တွေက ဘယ်ကိစ္စရပ်တွေမှာ၊ ဘယ်မြို့နယ်က၊ ဘယ်မဲရုံတွေ ဘယ်လို လုပ်တာကို အတိအကျ မှတ်တမ်းတင် ရယူဖို့လိုတယ်။ ရယူတဲ့ အချက် အလက်တွေကို ပြည်တွင်းပြည်ပမှာ ရှိတဲ့ ရွေးကေက်ပွဲကို စောင့်ကြည့် လေ့လာတဲ့ အဖွဲ့တွေကို အားလုံးပေးပို့ဖို့ လိုတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာက လေ့လာရေးအဖွဲ့ကို အခုချိန်အထိ လက်ခံမယ်၊ လက်မခံဘူး ဆိုတာကို တိတိကျကျ မသိသေးဘူး ဖြစ်တယ်။

အဲဒီလိုမျိုး အဖွဲ့တွေကို အချက်အလက်တွေ ပေးပို့ခြင်းအားဖြင့် လုပ်နိုင်တာ ဘာတွေလဲဆိုရင် ရွေးကောက်ပွဲမှာ မသမာမှုတွေ အပြည့်နဲ့ ဒီလိုလုပ်ကိုင် ဆောင်ရွက်တယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ တရားမ၀င်ဘူးဆိုတာကို ထောက်ပြပြီး ရွေးကောက်ပွဲ ပျက်သွားအောင် ပြည်သူတွေရဲ့ သဘောထားအမှန်ကို ရရှိတဲ့ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်အောင် ဆောင်ရွက်နိုင်တယ် ဆိုတဲ့အချက်ကို ပထမ အကြမ်းဖျင်းအနေနဲ့ ကျနော်ပြောချင်တယ်။

မေး ----- ဆရာဆလိုင်းအနေနဲ့ ဘယ်လိုပြောချင်သလဲ။

ဆလိုင်းငုံကျူးလျံ------ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ နှိုင်းယှဉ်ကြည့်ကြပါစို့။ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၄၀ (ခ) မှာ သူရေးထားတာက မဲရေတွက်တဲ့အခါမှာ ပြည်သူတွေ အားလုံး စောင့်ကြည့်လို့ ရတယ်လို့ န ၀ တ က ပြောသွားတယ်။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာကျတော့ န အ ဖ ဘာလုပ်သွားတယ် ဆိုတော့ လူ (၁၀) ယောက်ဘဲ ကြည့်လို့ရတယ်။ အခုလာမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လူ (၅) ဘဲ ကြည့်လို့ရမယ် ဆိုရင်တော့ ပိုဆိုးသွားတယ် ပေါ့ဗျား။ ဒါပေမဲ့ မဲရေတွက်တဲ့ အချိန်မှာ လုံးဝ ကြည့်လို့မရဘူး ဆိုတာက သူတို့လုပ်မယ်လို့ ကျနော် မထင်ဘူး။ နံပါတ် သတ်မှတ်မယ်။ အဲဒီအခွင့်အရေးကို ကျနော်တို့ ပြည်သူတွေ မရမက ရယူနိုင်ဖို့ အရေးကြီးတယ်။

ဒုတိယအချက်က ဥပဒေ လမ်းကြောင်းအရ ခဏက မန္တလေးက ကျနော်တို့ အရှုံးပေးပြီးတော့ လုံးဝ
အကုန်လုံးကို ပေးဆပ် လိုက်၊ သူတို့လိုချင်တာ ဖြစ်သွားမယ် ဆိုတဲ့ဟာမျိုး နဲ့ မနေဘဲနဲ့ ကိုယ်တိုက်လို့ ရတဲ့အခွင့်အရေး၊ အခွင့် အလမ်းကနေ မရမက တိုက်နေခြင်းဟာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး မြန်မာပြည်မှာ ပြန်လည် ထူထောင်နိုင်ဖို့ လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ပြည်သူတွေရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို အသုံးချလိုက်လို့ ရှိရင် ကောင်းကျိုး ဖြစ်နိုင်တယ် လို့ ကျနော် မျှော်လင့်ချက် ရှိပါတယ်။ ၁၀၀ ရာခိုင်နှုန်း တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သုညထဲမှ ၅၀ ရာခိုင်နှုန်း ဖြစ်ချင်ဖြစ်မယ်၊ ၄၀ ရာခိုင်နှုန်း ဖြစ်ချင်ဖြစ်မယ်။ အမြတ်ဖြစ်တယ် လို့ကျနော် ယူဆပါတယ်။

မေး ------ ဆရာ အကြံပေးတဲ့ဟာကို မြန်မာတနိုင်ငံလုံး ပြည်သူတွေ ကြားနိုင်ပါစေလို့ ကျနော်စုတောင်းပါတယ်။ နောက် အမေရိကန် ပြည်ထောင်စုက ကိုမျိုးချစ် ဆွေးနွေးပါခင်ဗျား။

ကိုမျိုးချစ် ----- ကျနော်တို့ အနောက်နိုင်ငံမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ တဦးချင်း နိုင်ငံရေး တက်ကြွသူတွေ ဖြစ်စေ အားလုံး ၀ိုင်းလုပ်နိုင်တာက အစိုးရက ရွေးကောက်ပွဲကို ပြည်သူတွေ သဘောတူ၊ မတူတူ သူတို့က ဖြစ်အောင်လုပ်မယ်။ ဖြစ်အောင်လုပ်မယ် ဆိုတဲ့အခါကျတော့ ဘယ်လိုညစ်နိုင်တယ်၊ ဘယ်လိုညစ်ခဲ့တယ်၊ ဘယ်လိုညီဦးမယ် ဆိုတာကိုလည်း ကြိုသိနေပြီဘဲ။ ကျနော်တို့ အပြင်ကနေ လျစ်လျူရှု လိုက်မယ် ဆိုရင်လည်း သူတို့က ပိုကြိုက်ဦးမယ်။ ကျနော်တို့ အပြင်ကလည်း နိုင်ငံရေး အရရော အဖွဲ့အစည်းကနေ တဆင့်ဖြစ်ဖြင့် ပြည်တွင်းနဲ့ စည်းချက်ညီညီ ချိတ်ပြီး ဘယ်နေရာမှာ မသမာမှုတွေ ရှိနေသလဲ၊ ဘယ်နေရာမှာဖြင့် စာရွက်စာတမ်းနဲ့ ခြိမ်းခြောက်တာမျိုး၊ မဲဆွယ်ဖို့ ခြိမ်းခြောက်တာမျိုး၊ မဲမပေးရင် ဘယ်လိုလုပ်တာမျိုး၊ သူတို့လုပ်တတ်တဲ့ အကျင့် သာဓကတွေ ရှိပါတယ်။

ဒါတွေကို သက်သေ အထောက်အထားတွေကို ညီညီညွတ်ညွတ်နဲ့ ရအောင်ယူ၊ အခုခေတ်မှာ တယ်လီဖုန်းက လူတိုင်းနီးနီး ကိုင်နိုင်တဲ့ အနှစ် ၂၀၊ ၁၉၉၀ နဲ့စာရင် Technology က အများကြီး တိုးတက်နေပြီ။ ကျနော်တို့ လုပ်နိုင်တာကခုက မတရားလုပ်နေတာ သိပေမဲ့လည်း အနည်းဆုံးတော့ ဥပဒေဘောင် အတွင်းကနေ သူတို့က တရားဥပဒေ ကျူးလွန်နေတာကို ဖေါက်ဖျက်နေတာရယ်၊ မညီညွတ် မမျှတတဲ့ ရွေးကောက်ပွဲကို ကမ္ဘာကို သက်သေပြဖို့ ကြိုးစားနိုင်မယ် ဆိုရင်တော့ ဖြစ်လာမဲ့ မမျှတတဲ့ ရလာဒ်ကို ကျနော်တို့ အခုချိန်ကစပြီး တိုက်ပွဲဝင်ဖို့အတွက် ကြိုတင်ထားနိုင်တယ်။

မေး ----- ကိုမျိုးချစ်သဘောက ပြည်တွင်းမှာရှိတဲ့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးတွေကို အပြင်ကလူတွေလည်း လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်လို့ ကိုမျိုးချစ် ယုံကြည်တယ်ပေါ့နော်။

ကိုမျိုးချစ် ----- ဟုတ်တယ်၊ အဲလိုလုပ်ပေးမှလဲ ပြည်တွင်းကအသံ အပြင်ကို ရောက်နိုင်မယ်။ ပြည်တွင်းက လူတွေက ပြည်ပက လူတွေကို အားကိုးပြီးတော့ နိုင်ငံတကာကို ဆက်သွယ်ဖို့ အခွင့်အရေး ရှိပါတယ်။ လုပ်ဖို့ မလွယ်ဘူး။ လုပ်ခွင့်လည်း မရှိဘူး။

မေး ----- ကျနော်အခု ကျန်နေတဲ့ အချိန်အတွင်းမှာ ပင်တိုင်ဆွေးနွေးမဲ့သူနှစ်ဦးကို မေးခွန်းတခုစီ မေးချင်တယ်။ ဆရာဆလိုင်းကို အရင်မေးချင်တာက ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေးဆိုင်ရာ မှတ်ပုံတင်ဥပဒေ၊ မဲဆန္ဒရှင်တွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထွက်မလာသေးဘူး။ ဖေဖေါ်ဝရီလမကုန်ခင် ထွက်မယ်။ တော်လှန်ရေးနေ့ မတိုင်ခင် ထွက်မယ်ဆိုတော့ ဒီဥပဒေတွေမှာ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ တိတိကျကျ သေသေချာချ ပြဌာန်းသင့်တယ်လို့ ဆရာယူဆသလဲ။

ဆလိုင်းငုံကျူးလျံ ----- အဲတာကတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ စေတနာ အပေါ်မှာ မူတည်ပါတယ်။ သူတို့က စေတနာ ရှိလို့ရှိရင် အရင်တုန်းက ဗိုလ်ချုပ်မှူးကြီးစောမောင် လုပ်သွားတဲ့ အဆင့်လောက်လည်း မဆိုးပါဘူး။ ဗိုလ်ချုပ်မှူးကြီး စောမောင်က မဲရေတွက်တဲ့နေရာမှာ ပြည်သူတွေအားလုံးကို လိုက်ကြည့်လို့ရတယ်၊ ထိုင်စောင့်ကြည့်လို့ရတယ်ဆိုလို့ သူတို့ကြိုက်တဲ့သူ မနိုင်ဘဲနဲ့ NLD က နိုင်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ အဲလို စေသနာ ရှိမရှိ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ ကျနော့အမြင်မှာတော့ သူတို့အနေနဲ့ နိုင်ငံတကာက လုံးဝလက်မခံနိုင်တဲ့ စံနှုန်းစံထားရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို သူတို့ကြေငြာတဲ့အချိန်မှာ လုပ်မယ်လို့ ကျနော်မယူဆမိပါဘူး။

မေး ----- ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦးဘယ်လို ယူဆပါသလဲ။

ဦးမင်းလွင်ဦး ------ ကျနော့ အနေနဲ့ကတော့ ခရင်ပြဌာန်းခဲ့တဲ့ ဥပဒေကို ပြန်လည် လေ့လာကြည့်တာရယ်၊ နောက်ပြီး ၁၉၄၇ ဖွဲ့စည်းပုံ၊ နောက်ပြီးတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ရွေးကောက်ပွဲ အဲဒါတွေကို ပြန်ဖတ်ကြည့်တော့ ဥပဒေတွေ ပြဌာန်းရုံနဲ့ သိပ်မဖြစ်ဘူးဗျ။ ဥပဒေတွေ ပြဌာန်းတာက နိုင်ငံတကာက အမြင်ကောင်းအောင် စာအနေနဲ့ ထုတ်တာဖြစ်တယ်။ လက်တွေ့ အကောင်အထည်ဖေါ်ရာမှာ တော်တော်လေး နဲပါးတာကို ကျနော်တို့ တွေ့ရတယ်။ အဲတော့ ကျနော်တို့ အနေနဲ့က ပြည်သူတွေ အခန်းကဏ္ဍက အဓိက ပါတယ်ပေါ့လေ။ ရွေးကောက်ပွဲ မသမာမှုတွေကို ထုတ်ဖေါ်နိုင်မယ်၊ ဖွင့်ချနိုင်မယ်၊ ဒါတွေက ပိုပြီးအရေးကြီးတယ်။

ဥပဒေတွေ ဘယ်လိုပင် ပြဌာန်းသည်ဖြစ်စေ ဥပဒေကို အဓိပ္ပါယ် ကောက်တာ လွဲမှားနေရင် ဥပဒေ ဘယ်လောက်ပင် ကောင်းနေပါစေ ဘာမှ အရာမရောက်ဘူးလို့ ကျနော်မြင်တယ်။ အဲတော့ ကျနော်တို့ ရွေးကေက်ပွဲ အောင်မြင်ဖို့ ဦးဆောင်တဲ့နေရာမှာ တပ်မတော်သားတွေ မပါနဲ့၊ အဲဒါဆိုရင် ပြည်သူတွေ အနေနဲ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ဟုတ်ကဲ့ ပင်တိုင်ဆွေးနွေးပေးတဲ့ ဒေါက်တာဆလိုင်းငုံကျူးလျံ၊ ဦးမင်းလွင်ဦး၊ ဦကျော်ဇံသာ၊ ကိုစကြာမင်းနဲ့ ကိုမျိုးချစ်တို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ နားဆင်ကြတဲ့ ပရိသတ်တွေကိုလည်း အားလုံး အထူးကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment