Monday, February 15, 2010

Filled Under:

ကင်တားနားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မေတ္တာရပ်ခံစာပို့

BBC ----- 15 February 2010
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ စတင်လိုက်ပါပြီ်။ မစ္စတာ ကင်တားနားဟာ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း လေ့လာ တွေ့ရှိချက်တွေကို စုစီးပြီး လာမဲ့မတ်လ ဂျီနီဗားမှာ ကျင်းပမဲ့ လူ့အခွင့်အရေး ကောင်စီ အစီးအဝေးမှာ တင်ပြမှာပါ။ ဒီတော့ လတ်တလော မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြား ရှိနေသလို နိုင်ငံရေး အကျဉ်းသားတွေ ထောင်ပြောင်းတဲ့ သတင်းတွေလည်း နေ့စဉ်လိုလို ကြားနေရပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မြန်မာနိုင်ငံ တနံတလျားမှာ ဖြစ်နေတာကို မစ္စတာကင်တားနား အနေနဲ့ ဖေါ်ထုတ်ခွင့် ရနိုင်ပါ့မှာလား။ ပြည်ပ အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မစ္စတာ ကင်တားနားကို ကြိုတင်သတိပေးတာ ရှိပါသလားလို့ နော်ဝေ အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးကို မေးကြည့်ထားပါတယ်။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့၊ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေးမှုနဲ့ တရားစွဲဆို ခံထားရတဲ့သူတွေ နှိပ်စက်ခံနေရတာ စတဲ့ကိစ္စရပ်တွေကို ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်တိုင်းမှာ ကျနော်တို့ သူ့ဆီပို့ထားတာ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ တရားစီရင်ရေး စနစ်တွေ ပျက်စီးနေတဲ့အကြောင်း၊ ချစားမှုတွေ မျာိးနေတဲ့ အကြောင်း၊ ပြစ်ဒဏ်တွေ ပေးတဲ့အခါမှာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးနေတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ သက်သေခံ ဥပဒေတို့ကို လျစ်လျူရှုပြီး ဆုံးဖြတ်နေတဲ့ ကိစ္စရပ်တွေကို စုံစမ်းဖို့အတွက် ကြိုပြီး ပေးထားတာလည်း ရှိပါတယ်။

မေး ------ နောက်တခါ မစ္စတာ ကင်တားနားဟာ သူ့ရဲ့ခရီးစဉ်မှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းထားသလို တခြားအဖမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင် တွေနဲ့လည်း တွေ့ခွင့်ရဖို့ ပြောထားပါတယ်ရှင်၊ ဒါတွေနဲ့ ပတ်သက်လို့ လက်တွေ့ရော တွေ့နိုင်ပါ့မှာလားရှင်။

ဦးမင်းလွင်ဦး ------ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ သဘောထားက ပြောဖို့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ မထင်မှတ်ဘဲ ခွင့်ပြုခဲ့တာ ရှိတယ်။ တခါတလေ သူတို့ခွင့်ပြုမယ် ပြောပြီးတော့ အနီးကပ်ရောက်တဲ့ခါ အကြောင်းအမျိုးမျိုး ပြပြီးတော့ ခွင့်မပြုတာကိုလည်း ကျနော်တို့ ကြုံရတယ်။ အဲတော့ ဒါတွေကို ပုံသေကားချပ် မှတ်ထားလို့ မရဘူးထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လယ်ယာမြေ သိမ်းဆည်းတဲ့ ကိစ္စရပ်တွေ၊ နောက်အဲဒီအထဲက လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ ကိစ္စရပ်တွေ၊ စစ်တပ်က ကျူးလွန်တဲ့ ကိစ္စရပ်တွေကို ဒီတခေါက် အလေးပေး လေ့လာမယ်လို့ သူကိုယ်တိုင် ပြောထားတာ ရှိတယ်။ အဲတော့ အဲဒါတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် ကျန်တဲ့အကြောင်းအရာ တွေကိုလည်း ခွင့်ပြုမှာ ဖြစ်တယ်။ ချက်ချင်းတော့ ခွင့်ပြုမယ် မဟုတ်ဘူးလို့ ကျနော်တို့ ထင်မြင်ပါတယ်။

မေး ------ နောက်ပြီးတော့ ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲလည်း ကျင်းပမယ်ဆိုတော့ န အ ဖ အစိုးရကို မစ္စတာ ကင်တားနား အနေနဲ့ အကြံပြုချက်တွေ ပေးနိုင်မယ်လို့ ခန့်မှန်းနိုင်ပါသလား။

ဦးမင်းလွင်ဦး ----- ခန့်မှန်းနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် နိုင်ငံတကာကနေပြီး မြန်မာနိုင်ငံက ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုတယ်။ ဒါမှလည်း နိုင်ငံတကာက အသိအမှတ် ပြုနိုင်မယ်ဖြစ်တယ်။ အဲဒီလို အသိအမှတ်ပြု နိုင်ဖို့အတွက် လိုအပ်တဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ခွင့်ပြုဖို့၊ နောက်ပညာရှင်တွေ လာရောက် လေ့လာခွင့်တို့ကို သူ့အနေနဲ့ တင်ပြတောင်းဆိုမယ်လို့ ကျနော်တို့ အနေနဲ့ ထင်မြင်ယူဆပါတယ်။

မေး ----- ဒါဆိုလို့ရှိရင် အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဒီတခေါက် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်ဟာ အောင်မြင်မှု အလားအလာ ကောင်းမယ်လို့ ထင်ပါသလား။

ဦးမင်းလွင်ဦး ------ မစ္စတာ ကင်တားနား ပြန်လာပြီးတဲ့ အခါမှာ သူက မတ်လမှာ ကျင်းပမဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ လပတ် အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်တယ်။ အဲတော့ အစီရင်ခံစာ တင်သွင်းတဲ့အခါမှာ ကောင်းတဲ့ အချက်အလက်တွေ တင်ပြနိုင်ဖို့အတွက် အချို့ကိစ္စရပ်တွေမှာ န အ ဖ အနေနဲ့ အထိုက်အလျှောက် ခွင့်ပြုမယ်၊ တချို့ဟာတွေကို အပြုသဘော ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောနဲ့ သူတို့ ပြချင်ရင် ပြမယ်။ ဒါကြောင့် အရမ်းဆိုးဆိုးဝါးဝါး ဖြစ်မလာနိုင်ဘူးလို့ ကျနော်တို့ ထင်မြင်ယူဆ ထားပါတယ်။

နော်ဝေနိုင်ငံ အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးနဲ့ ဆက်သွယ် မေးမြန်းချက် ဖြစ်ပါတယ်။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံ ခရီးစဉ်အကြောင်းကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။ http://www.bbc.co.uk/burmese/burma/2010/02/100213_quintana.shtml

0 comments:

Post a Comment