Wednesday, January 27, 2010

Filled Under:

ကိုညီညီအောင်ကို ပြစ်ဒဏ်မစီရင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

VOA ----- 26/ 1/ 2010
မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို အခုလာမဲ့ ဇန်နာဝါရီလ ၂၇ ရက်နေ့မှာ ပြစ်ဒဏ် အမိန့် ချမှတ်ဖို့ ရှိနေပါတယ်။ ကိုညီညီအောင်ဟာ သူ့ရဲ့ အမြင် ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖေါ်ထုတ် ခဲ့သူဖြစ်ပြီး ရာဇ၀တ်မှု ကျူးလွန် တာမျိုး မရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုနေကြ ပါတယ်။ ကိုညီညီအောင်အပေါ် စွဲချက် တင်ထားတာလည်း ခိုင်လုံတဲ့စွဲချက် မဟုတ်တဲ့အတွက် သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဒီကနေ့ဘဲ တောင်းဆိုလိုက်တဲ့ အကြောင်း ရှေ့နေ ဦးမင်းလွင်ဦးက-

“ အဲဒီကြေငြာချက်ထဲမှာ ကျနော်တို့ တင်ပြတဲ့ အဓိက အချက်အလက်တွေက ကိုညီညီအောင်အပေါ် အရေးယူထားတဲ့ ပုဒ်မတွေက တချို့အမှုတွေမှာ ကိုညီညီအောင်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ ဥပမာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သူများ မှတ်ပုံတင် အက်ဥပဒေအရ မြန်မာပြည်တွင်းမှာ နေတဲ့သူတွေနဲ့ဘဲ သက်ဆိုင်ပါတယ်။ ကိုညီညီအောင်က အမေရိကန်နိုင်ငံသား၊ အမေရိကန် နိုင်ငံမှာ နေထိုင်တဲ့သူ ဖြစ်တဲ့အတွက် ဒီဥပဒေနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိဘူး။ ဒါကိုလည်း ကျနော်တို့ ဥပဒေ အထောက်အထားနဲ့ တင်ပြထားတာ ရှိတယ်။

၂ အချက်အနေနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေး လေဆိပ် အကောက်အခွန် ဌာနကနေပြီး တရားစွဲဆိုထားတဲ့ ကိစ္စရပ်မှာ ကိုညီညီအောင်က Custom Declaration လုပ်ဖို့အတွက် တန်းစီနေတဲ့ အချိန်မှာဘဲ ရှိတယ်။ အဲဒီအချိန်မှာ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကနေပြီး လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်။ နောက်တရက်၊ နှစ်ရက် ကြာတဲ့အခါမှာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ကနေပြီး လေဆိပ် အကောက်အခွန် ဌာနမှာ လာပြီး ပုံစံလာယူတယ်။ ပိုက်ဆံအပ်တဲ့ အခါမှာလည်း ကိုညီညီအောင် ကိုယ်တိုင် လာအပ်တာ မဟုတ်ဘူး။ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က လာအပ်တာ ဖြစ်တယ်။

နောက်တချက်က ပြစ်မှုဆိုင်ရာ ဥဒေပုဒ်မ ၄၆၈ အရ သန်းနိုင် ဆိုတဲ့ သက်သေခံ ကဒ်ပြားက နိုင်ငံသား စစ်ဆေးရေး ကဒ်ပြားက ကိုညီညီအောင် လက်ထဲမှာ မိတယ်မဟုတ်ဘူး။ နောက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး တရားရုံးမှာ သက်သေ ထွက်တဲ့အခါမှာ အတုပြုလုပ်ကြောင်း သက်သေထွက်ချက် ခိုင်ခိုင်မာမာ မရှိတာကို တွေ့ရတယ်။ ဒါတွေကြောင့် ကိုညီညီအောင်ကို စွဲဆိုထားတဲ့ အမှုက နေပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သင့်တယ်လို့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှာ ကြေငြာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။”

စစ်အစိုးရဟာ အကြမ်းဖက်လုပ်ငန်းတွေကို သူတို့ကိုယ်တိုင် လုပ်ဆောင်နေတယ်လို့ ဦးမင်းလွင်ဦးက “အဲတော့ စက်တင်ဘာ ၂၂ ရက် မြန်မာ့အလင်း သတင်းစာမှာ ကိုညီညီအောင်က ဖေါက်ခွဲရေး ပစ္စည်းတွေ၊ အကြမ်းဖက် အဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ ဆိုပြီးတော့ စစ်အစိုးရ ကနေပြီး ကိုညီညီအောင် အပေါ်မှာ ကြိုတင်ပြီး စွပ်စွဲထားတာ ရှိပါတယ်။ အဲတော့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရက သူတို့ကိုယ်တိုင် ဖန်တီးတယ် ဆိုတာကိုတော့ ကိုညီညီအောင်ရဲ့ အမှုမှာ ထင်ထင်ရှားရှား မြင်တွေ့လာရတယ်။

ကိုညီညီအောင်ရဲ့ အမှုမှာ အမေရိကန် သံရုံးကနေပြီး လိုက်ပါဆောင်ရွက်တဲ့ အတွက် ဒီလိုမျိုး တလအတွင်းမှာ ရုံတင်စစ်ဆေးတာ ဖြစ်တယ်။ အဲဒီလို လိုက်ပါဆောင်ရွက်ခြင်း မပြုနိုင်တဲ့ သာမန် နိုင်ငံသားတွေဆိုရင် စစ်ကြောရေး စခန်းတွေမှာ အနည်းဆုံး ၆ လလောက် စစ်ကြောမေးမြန်း နှိပ်စက်ခြင်း ခံရတယ်။ ညှဉ်းပန်းနှိပ်စက်လို့ ရရှိတဲ့ သက်သေထွက်ချက်တွေ အပေါ်မှာ မူတည်ပြီတော့ အပြစ်ပေးနေတယ် ဆိုတာကို ကျနော်တို့ ထင်ထင်ရှားရှား ပြောချင်ပါတယ်။”

အာရှ လူ့အခွင့်အရေး အဖွဲ့က မြန်မာရှေ့နေ ဦးမင်းလွင်ဦး ပြောကြားသွားတာပါ။ ကိုညီညီအောင်ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုမှာ ပါဝင်လုပ်ကိုင်နေသူ ဖြစ်ပြီး အခုလို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ဖို့အတွက် လှုပ်ရှားနေသူ တဦးကို ဖမ်းဆီး ထောင်ချတာဟာ ရက်စက်လွန်းရာ ကျတယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့က ပြောပါတယ်။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ရဲ့ ၀ါရှင်တန်ဒီစီ ရုံးက တွမ်မာလင်နောစကီး (Tom Malinowski) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို မြန်မာအစိုးရ အနေနဲ့ ထောင်မချဖို့၊ သူနဲ့ပတ်သက်လို့ အမှားအယွင်း မလုပ်မိဖို့ ကျနော်တို့ ကတော့ ရိုးရိုးသားသား မျှော်လင့်နေပါတယ်။ သူဟာ သူ့ရဲ့ဆန္ဒ သဘောထားကို ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော်ခဲ့တာပဲ ရှိပြီး အခြား ဘာမှ လုပ်ခဲ့သူ မဟုတ်ပါဘူး။ ရာဇ၀တ်မှု ကျူးလွန် တာမျိုး မရှိခဲ့ပါဘူး။ သူဟာ အမေရိကန် နိုင်ငံသားပါ။ သူ့ကို ထောင်ချ အပြစ်ပေး လိုက်မယ် ဆိုရင်တော့ မြန်မာအစိုးရနဲ့ ထိစပ်ဆက်ဆံဖို့ ကြိုးပမ်းနေတဲ့ အမေရိကန် အစိုးရအတွက် အနှောင့်အယှက် ဖြစ်သွားစေမှာပါ။”

ကိုညီညီအောင်ဟာ ဖမ်းဆီးခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ် ဆိုတဲ့ အတွက် စိုးရိမ်မိတယ်လို့ အမေရိကန် အစိုးရက ကြေညာခဲ့သလို နိုင်ငံတကာ စံနှုန်းအတိုင်း သူ့ကို ပြုမူဆက်ဆံဖို့လည်း မြန်မာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ ပါတယ်။ HRW လူ့အခွင့်အရေး အဖွဲ့ကြီးကတော့ အမေရိကန်အစိုးရ အနေနဲ့ သံတမန်နည်းလမ်းကို အရှိန်မြှင့်ပြီး ကိုညီညီအောင် အမြန်ဆုံး ပြန်လွတ်လာဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

0 comments:

Post a Comment