Monday, January 25, 2010

Filled Under:

မတူညီသည့် စီရင်ထုံး ၂ ခု

မင်းလွင်ဦး
ဇန်နာဝါရီလ ၂၅ ရက်၊ ၂၀၁၀ ခုနှစ်

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ ဒီမိုကရေစီ ဖြစ်ပေါ် ပြောင်းလဲရေးကို အခြေခံသည့် နိုင်ငံရေး လှုပ်ရှားမှုများ အဆက်မပြတ် ပေါ်ပေါက်ခဲ့ရာ အုပ်စိုးသူ စစ်အစိုးရ အနေဖြင့် ထိုသို့သော လှုပ်ရှားမှုများကို ဖိနှိပ်နိုင်ရန် ဥပဒေကို အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရေးအတွက် အသုံးမချပဲ ၎င်းတို့အာဏာ တည်မြဲရေးအတွက် ဖိနှိပ်ရေး လက်နက်သဖွယ် အသုံးချခဲ့သည်ကို တွေ့ရသည်။ ထင်ရှားသည့် ဥပမာကို ပြရမည်ဆိုလျင် ဦးရဲနောင်ပါ(၂) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမှုကို စီရင်ထုံးပြု ဆုံးဖြတ်ပြီး သည့်နောက်ပိုင်း အဆိုပါစီရင်ထုံးကို တရားရုံးများက ကိုးကား၍ နိုင်ငံရေးမှုနှင့် ပတ်သက်သည့် မှုခင်းများတွင် တရားခံများကို အပြစ်ပေး နိုင်ရန် သုံးသပ် ဆုံးဖြတ်ခဲ့ကြသည်ကို တွေ့ရသည်။

ထင်ရှားသည့် ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် လမ်းလျောက် ဆန္ဒပြသူများ၊ ဒီမိုကရေစီ ပြောင်းလဲ ဖြစ်ထွန်းရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းနေသည့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ၊ လူ့အခွင့်အရေး ကာကွယ်ရေးအတွက် ဆောင်ရွက်ကြသည့် သူများ၊ နာဂစ်လေမုန် တိုင်းသင့်ပြည်သူများကို မိမိတို့ တတ်စွမ်းသမျှ ကူညီဆောင်ရွက် ကြသည့် လူမှုရေး အဖွဲ့အစည်းများမှ လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ၀တ်ပြုဆုတောင်း ကြသူများနှင့် စစ်အစိုးရ စိတ်တိုင်းကျ လိုက်ပါဆောင်ရွက်ခြင်း မပြုသည့် တိုင်းရင်းသား ခေါင်းဆောင် များကို ဦးရဲနောင်ပါ(၂) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် (၁၉၉၁ ခုနှစ် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု အမှတ်(၁) တွင် သုံးသပ်ဆုံးဖြတ်သည့် အတိုင်း အပြစ်ပေးခဲ့သည်ကို အထင်အရှား တွေ့ခဲ့ရသည်။

သက်သေခံ အက်ဥပဒေပုဒ်မ ၂၄ တွင် တရားခံတဦးသည် အခွင့်အာဏာရှိသူ တဦးတယောက်က သွေးဆောင်၍ သော်လည်းကောင်း၊ ခြိမ်းခြောက်၍ သော် လည်းကောင်း၊ ကတိထား၍ သော် လည်းကောင်း၊ ဖြောင့်ဆိုခဲ့ရပြီး ယင်းသို့ သွေးဆောင် ခြိမ်းခြောက်၊ ကတိထား ခြင်းကြောင့်၊ ၎င်းအတွက် အမှုနှင့် စပ်လျဉ်း၍ အကျိုးခံစားရမည်။ ဘေးအန္တရာယ် လွတ်ကင်းလိမ့်မည်ဟု တရားခံ ယူဆနိုင်ရန် လုံလောက်ကြောင်း တရားရုံး ကထင်မြင်လျှင် တရားခံ၏ ဖြောင့်ချက်သည် သက်သေခံမ၀င် ဟူ၍ ပြဌာန်းထားသည်။

ဦးရဲနောင်နှင့် မြင့်ဦး (ခ)မြဦးတို့နှစ်ဦးအား ပထမတကြိမ် တရားရုံးချုပ်က အမှုမှအပြီးပြတ် လွှတ်ရာတွင် တရားခံ ရဲနောင်နှင့် မြင့်ဦးတို့ အပေါ် အခြားသက်သေခံချက် တစုံတရာမရှိဘဲ၊ ၎င်းတို့က တပ်မတော် ထောက်လှမ်းရေး ရှေ့တွင် ထွက်ဆိုချက် တခုတည်းသာ ရှိသည်။ တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများကို ဖေါ်ထုတ် ဖမ်းဆီးခွင့် ရှိသူများဖြစ်၍ ၎င်းတို့ရှေ့တွင် ထွက်ဆို ၀န်ခံချက်များသည် တပ်မတော်နည်းဥပဒေ ၂၂(၂)(၃)(၄) အရ စစ်ဖက်တရားရုံးများတွင် သက်သေခံအဖြစ် အသုံးပြုနိုင်သည်မှာ မှန်သော်လည်း၊ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄ အရ အရပ်ဖက် တရားရုံးများတွင် သက်သေခံအဖြစ် အသုံးမပြုနိုင်ကြောင်း သက်သေခံ အက်အပဒေပုဒ်မ ၂၄ ကို အခြေခံ၍ သုံးသပ်ပြီး အမှုမှ အပြီးပြတ် လွှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့လွှတ်ခဲ့ခြင်းကို နိုင်ငံတော်ဖက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေချုပ်ရုံးက မကျေနပ်သဖြင့် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၁၇) အရ တရားရုံးချုပ်က စုံညီခုံရုံးဖြင့် ပြန်လည် သုံးသပ်ပေးရန် တင်ပြခဲ့သဖြင့် အထူးအယူခံမှု ဖွင့်လှစ်ပြီး ကြားနာခဲ့ခြင်း ဖြစ်သည်။

ဦးရဲနောင်ပါ(၂) ၏ ပြစ်မှုဆိုင်ရာ အထူးအယူခံမှုတွင် တရားရုံးချုပ် တရားသူကြီး များ ဖြစ်ကြသည့် ၁။ ဦးအောင်တိုး၊၂။ ဦးအေးအုန်း၊ ၃။ ဦးကျော်တင့်။ ၄။ ဦးမျိုးထွန်းလင်း၊ ၅။ ဦးကျော်ဝင်းတို့ ပါဝင်သည့် စုံညီခုံရုံး တရားသူကြီးအဖွဲ့က စစ်အစိုးရ အလိုကျ ဖြစ်စေမည့် စီရင်ထုံးကို ဥပဒေပြဌာန်းချက်များအား မျက်ကွယ်ပြု၍ ပြင်ဆင် ဆုံးဖြတ်ခဲ့သည်။

သက်သေခံ ဥပဒေပုဒ်မ ၂၄ နှင့် တပ်မတော် နည်းဥပဒေ ၂၂ (၂)(၃)(၄) အရ တပ်မတော် ထောက်လှမ်းရေးတပ် ဖွဲ့ဝင်တို့၏ ရှေ့အစစ်ခံချက်- သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့ ပြုလုပ်ကြောင်း မထင်ရှားလျှင် ယင်းစစ်ကြောချက်ကို လက်မခံနိုင်စရာ မရှိဟူ၍ ပြင်ဆင်ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးချုပ်က ဆုံးဖြတ်စီရင်ထုံးပြုသည့် ဆုံးဖြတ်ချက်ကို အောက်တရားရုံးများက လိုက်နာ ဆုံးဖြတ်ကြသည့် အစဉ်အလာကြောင့်လဲ နိုင်ငံရေးမှုများနှင့် ဖမ်းဆီးတရားစွဲဆိုသည့် အမှုများတွင် တပ်မတော် ထောက်လှမ်းရေးနှင့် အထူးသတင်း တပ်ဖွဲ့တို့က စစ်ကြော ရေးစခန်းများတွင် တရားခံများကှို မတရား နှိပ်စက်ညှဉ်းပန်း၍ ရယူထားသည့် သက်သေထွက်ချက် များကို တရားရုံးများက သက်သေခံ အဖြစ်လက်ခံပြီး အမှုများကို စစ်ဆေးဆုံးဖြတ်ခဲ့ ကြသည်။

သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့ကြောင့် သက်သေ ထွက်ချက်များ၊ ဖြောင့်ချက် များပေးခဲ့ ရပါသည်ဟု တရားခံများနှင့် တရားခံများဖက်မှ တင်ပြလျှောက်လဲသည့် ရှေ့နေများက သက်သေခံ ဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပါ ပြဌာန်းချက်များနှင့် မညီညွတ်သည့်အတွက် အဆိုပါ သက်သေထွက်ချက်များနှင့် နှိပ်စက်ညှဉ်းပန်း ရယူထားသည့် ဖြောင့်ချက်များကို အမှုစီရင် ဆုံးဖြတ်ရာတွင် သက်သေခံအဖြစ် လက်မခံရန်နှင့် ထည့်သွင်း စဉ်းစားခြင်း မပြုရန် တင်ပြပြောဆိုခဲ့ကြသည်။ သို့သော်တရားရုံး ပညာရှိတရားသူကြီးမင်းများက သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း တို့ပြုလုပ်ခဲ့ကြောင်း ထင်ရှားပေါ်လွင်အောင် မပြနိုင်ဟူသော အကြောင်းပြချက် ဖြင့် တရားခံများအား အမြင့်ဆုံးပြစ်ဒဏ်များကိုသာ ပေးခဲ့ကြသည်။

တပ်မတော်ထောက်လှမ်းရေးနှင့် ရဲအထူးသတင်းတပ်ဖွဲ့တို့က တရားခံများကို စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် လပေါင်းများစွာ ချုပ်နှောင်ထားပြီး စစ်ကြော မေးမြန်းချက်များနှင့် ဖြောင့်ချက်များကို နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်း ရယူခဲ့သည်။ ထိုသို့ နှိပ်စက်ညှဉ်းပန်းသည့် ဒဏ်ရာများ ပျောက်ကင်းသည့်အခါမှ တရားရုံးသို့ တရားခံအဖြစ် စွပ်စွဲခံရသူများကို တင်ပို့ခြင်းဖြစ်ရာ တရားခံများ အနေဖြင့် မည်ကဲ့သို့ နှိပ်စက်ညှဉ်းပန်းခြင်း ခံရသည်ကို သက်သေပြရန် မလွယ်ကူ။ ထောင်အတွင်းရှိ ဆေးရုံမှလည်း ဆေးရုံတွင် တက်ရောက်ကုသခြင်း ခံခဲ့ရကြောင်း သက်သေခံလက်မှတ် ရေးထိုးပေးခြင်း မရှိသည့်အတွက် တရားခံများမှာ မတရားမှုကို ခေါင်းငုံ၍သာ ခံခဲ့ကြရသည်။

ထောက်လှမ်းရေးတို့ထံတွင် ထွက်ဆိုချက်ကို တရားရုံးတွင် သက်သေခံအဖြစ် ထည့်သွင်းစဉ်းစားသည့် ကိစ္စနှင့် ပတ်သက်၍ ဦးရဲနောင်ပါ(၂) စီရင်ထုံးကို လွှမ်းမိုးဆုံးဖြတ်သည့် စီရင်ထုံးတခု ၂၀၀၆ ခုနှစ်တွင် တရားရုံးချုပ်ကပင် ၂၀၀၆ခုနှစ် မေလ ၃ ရက်နေ့တွင် အောက်ဖေါ်ပြပါ အမှု ၂ မှုတွင် စီရင်ထုံးပြု ဆုံးဖြတ်ခဲ့ပြန်သည်။

ဦးတင်ငွေ ------------နှင့် --------------- ပြည်ထောင်စု မြန်မာနိုင်ငံတော်
ဒေါ်မြမြ၀င်း(ခ) ဒေါ်သန်းဝင်း -- နှင့် ---- ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် ၇၅၁(ခ)/၂၀၀၅ နှင့် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၇၅၉(ခ)/၂၀၀၅ မြန်မာနိုင်ငံ တရားရုံးချုပ်၊ တရားစီရင်ထုံးများ၂၀၀၆ ခုနှစ် စာမျက်နှာ ၃၊ မေလ ၃ ရက်နေ့ဆုံးဖြတ်ချက်။ အဆိုပါပြင်ဆင်မှု ၂ မှုကိုဆုံးဖြတ်ရာတွင်- အစိုးရ သက်သေ(ဖေါ်ကောင်)၏ ထွက်ဆိုချက် ဖြစ်မြောက်ရန်လိုအပ်သည့် အချက်အလက် မပြည့်စုံသော ထွက်ဆိုချက်နှင့် သက်သေခံ ဥပဒေပုဒ်မ ၂၄ ပါ ပြဌာန်းချက်များနှင့် ငြိစွန်းသော ထွက်ဆိုချက်များဖြင့် တရားခံကို ပြစ်မှုထင်ရှား စီရင်ရန်သင့်၊ မသင့်။

ဆုံးဖြတ်ချက် ------ ပထမ သတင်းပေးတိုင်ချက်ပါ အချက်၊ ခင်အောင်၏ ထောက်လှမ်းရေး စစ်ကြောချက်၊ ဖြောင့်ချက်တို့ ကွဲလွဲခြင်း မရှိ ညီညွတ်ကြောင်း တွေ့ရသည်။ သို့ရာတွင် အဆိုပါ စစ်ကြောချက်နှင့် ဖြောင့်ချက်တို့တွင် ပြစ်မှုကျူးလွန်ရာ၌ ခင်အောင်ကိုယ်တိုင် မည်သို့ပါဝင်ကြောင်း၊ အခြားပူးတွဲ တရားခံများက မည်သို့ကျူးလွန်ကြောင်း ဖမ်းဆီးရမိသော ကျွန်းသစ်ခွဲသားများ သယ်ယူကြရာ၌ မည်သို့ မည်ပုံ ခင်အောင်က လမ်းရှင်းလိုက်ပို့ကြောင်း ထွက်ဆိုထားမှုကို မတွေ့ရချေ။

သို့ဖြစ်ရာ ခင်အောင်သည် ပြစ်မှုကျူးလွန်သူများအနက်မှ ကျူးလွန်သူ သို့မဟုတ် အားပေးကူညီသူတဦး ဖြစ်ကြောင်းနှင့် ၎င်းတို့ မည်သို့မည်ပုံ ကျူးလွန်ပါဝင် ပတ်သက်ခဲ့ပုံ အလုံးစုံကို၊ မချွင်းမချန်ရုံးရှေ့၌ ဥပဒေနှင့် အညီထွက်ဆိုနိုင်ရန် အကြောင်းရှိသူ မဟုတ်သည် မှာလည်း ထင်ရှားပေါ်လွင်နေပါလျှက် ၎င်းအားပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၃၇ အရ အစိုးရ သက်သေအဖြစ် ဆောင်ရွက်ခွင့် ပြုခဲ့ခြင်းမှ ဥပဒေပြဌာန်းချက်၏ ရည်ရွယ်ရင်းနှင့် ကိုက်ညီခြင်းမှုမရှိချေ။

ထပ်မံဆုံးဖြတ်ချက် ------ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တို့၏ ရှေ့တွင် အစစ်ခံချက်မှာ သက်သေခံ အက် ဥပဒေပုဒ်မ ၂၄ အရ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့ မထင်ရှားလျှင် ယင်းစစ်ကြောချက် များကို လက်မခံနိုင်စရာ အကြောင်းမရှိ၊ သက်သေခံဝင်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဦးရဲနောင်ပါ(၂) Aမှု ၁၉၉၁ခုနှစ် ၊မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၆၃)တွင် လက်ခံထားသည်မှန် သော်လည်း ယင်းထွက်ချက်Aပေါ် အခြေခံ၍ တရားခံအား ပြစ်မှုထင်ရှား စီရင်ရန် မဟုတ်ချေ။ တရားခံအား ပြစ်မှုထင်ရှား စီရင်နိုင်ရန် ထောက်လှမ်းရေးရှေ့အစစ်ခံချက်ကိုဖြစ်စေ၊ ရဲရှေ့အစစ်ခံခဲ့သည့် ဖြောင့်ချက်ကိုပင်ဖြစ်စေ၊ ယင်းတို့တွင်ပါဝင်သည့် ပြစ်မှုကျူးလွန်ကြောင်း ထွက်ဆိုချက် များကို ပတ်ဝန်းကျင် သက်သေခံချက်များက ထောက်ခံသည့် အချက်ရှိပါမှ အပြစ်ပေးနိုင်မည် ဖြစ်သည်။ မောင်ပန်းဇုံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှု ၁၉၆၀ခုနှစ်၊မြန်မာနိုင်ငံတရားစီ ရင်ထုံးစာမျက်နှာ-၁၅၊ မောင်ပါထူးပါ(၂) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှု၊ ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာ-၆၇၈ တို့ကိုရည်ညွန်းပြီး ဦးရဲနောင်ပါ(၂) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမှုစီရင်ထုံးအား လွှမ်းမိုးဆုံးဖြတ်ခဲ့သည်။

ထိုကဲ့သို့ ဆုံးဖြတ်ခဲ့သည့်အတွက် တရားရုံးများက ထောက်လှမ်းရေးနှင့် ရဲအထူးသတင်း တပ်ဖွဲ့တို့၏ စစ်ကြောရေး စခန်းများတွင် ထွက်ဆိုခဲ့သည့် သက်သေ ထွက်ဆိုချက်များကို သက်သေအဖြစ် လက်ခံနိုင်သော်လည်း အမှုကို စီရင်ဆုံးဖြတ်ရာတွင် ထို ထွက်ဆိုချက်များကို ထောက်ခံသည့် ကွင်းဆက်မပြတ် သက်သေခံချက် များရှိမှသာ အပြစ်ပေး အရေးယူရန် စီရင်ချက် အမိန့်ချမှတ်နိုင်မည် ဖြစ်သည်။

ထိုသို့သော ကွင်းဆက်မပြတ် သက်သေခံချက်များရှိ၊ မရှိတို့ကို သာမန်အရပ်သား ပြည်သူများအနေဖြင့် ဥပဒေနှင့် အကျွမ်းဝင်ခြင်း မရှိသဖြင့် မသိရှိကြသည်မှာ သဘာဝပင် ဖြစ်သည်။ ထို့ကြောင့်လည်း ပြစ်မှုများတွင် ဥပဒေကို နားလည် ကျွမ်းကျင်သည့် ရှေ့နေများဖြင့် ခုခံချေပရခြင်း ဖြစ်သည်။ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့် ပေးရမည်ဟု ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေတွင် တရားစီရင်ရေး ဆိုင်ရာမူအဖြစ် သတ်မှတ် ပြဌာန်းထားသည်။

ထိုချမှတ်ထားသည့်မူကို တရားရုံများက လိုက်နာကျင့်သုံးရသည်။ သို့သော် နိုင်ငံရေးနှင့် ဆက်နွယ်သည့်ပြစ်မှုများကိုမူ တရားရုံးများက ထိုအခွင့်အရေးကို ခွင့်မပြုသည်ကများသည်။

ရှေ့နေဖြင့် ခုခံချေပ ခွင့်ကိုတရားခံအဖြစ် စွဲဆိုခြင်းခံထားရသူများ အနေဖြင့် ခံစားခွင့်မရခဲ့ပေ၊ ရှေ့နေဖြင့် ခုခံချေပခွင့် ပြုခဲ့ပါက ဥပဒေနှင့် မညီသည့် လုပ်ဆောင်ချက်များကို ကန့်ကွက် ထုချေကြမည်သာ ဖြစ်သည်။ ထို့ကြောင့် အချို့သော အမှုများတွင် တရားလိုဖက်မှ တင်ပြသည့် သက်သေများနှင့် ၎င်းတို့ အနေဖြင့် အပြစ်ပေးနိုင်ရန် လုံလောက်သည့် သက်သေထွက် ချက်များကို တရားရုံးတွင် တင်သွင်းပြီးသည့် အခါမှ တရားခံများကို ရှေ့နေဖြင့် လိုက်ပါ ဆောင်ရွက်ခွင့် ပြုသည့် အမှုများလည်း ရှိသည်။ အထက် တရားရုံးသို့ တရားခံများဖက်မှ ပြင်ဆင်မှု၊ အယူခံမှု စသည်တို့ကို တင်သွင်းသည့်အခါ အောက်မူလ တရားရုံးတွင် ရှေ့နေဖြင့် ခုခံချေပခွင့် ပြုခဲ့သည် ဆိုသည့်အချက်ကို တင်ပြလိုသည့်အတွက် ဥပဒေကို လက်တလုံးခြား အသုံးချသည့် အဖြစ်အပျက်များ ဒုနှင့်ဒေးပင် ဖြစ်သည်။

ဥပဒေသည် မျက်နှာမရွေး၊ ဥပဒေနှင့် မကင်းလွတ်ရ၊ ဥပဒေရေးရာတွင် တူညီသောတပြေးညီ ကျင့်သုံးခွင့်သာ ရှိရမည်။ ဥပဒေကို မျော့ကြိုးလို ဆွဲဆန့်၍ လိုသလိုမသုံးရ။ ဥပဒေ၏ တည်ငြိမ်မှုကို စေတနာ ဒေါသတို့နှင့် မတိုင်းတာရ ဟူသည့် သုံးသပ်ချက်ကို (မောင်ပါ နှင့်ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၆၂ ခုနှစ် တရားရုံးချုပ်၊ မြန်မာနိုင်ငံတရားစီ ရင်ထုံး စာမျက်နှာ ၄၇၉ တွင် အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။

စေတနာ အလျောက် သော်လည်းကောင်း၊ တရားစီရင်ရာတွင် ဥပဒေနှင့် ကင်းလွတ်ချွတ်ချော် လွဲမှား၍ မပြုအပ်၊ တရားဥပဒေ စိုးမိုးသော ကျွန်ုပ်တို့နိုင်ငံတွင် ဥပဒေအတွင်းကသာလျင် တရားစီရင်ရမည် ဖြစ်သည်။ သို့မှသာ သြဇာရှိသူ မရှိသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ အယုတ် အလတ် အမြတ်မရွေး တူညီမျှတသော ဘဝကိုရရှိနိုင်မည် ဖြစ်သည်။ တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံသာမကဘဲ ထိုသို့ အမှန်တရားကို ဆုံးဖြတ်စီရင်ကြောင်း၊ အများမြင်သာ စေရာသည်။ တရားရုံးအနေဖြင့်လည်း ဆီလျော် ဆက်စပ်သော အချက်အလက် ဟူသမျှကို ဖေါ်ထုတ်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်လျှင် ပိုမို၍လည်း မှန်ကန်နိုင်သည်။ အမှန်တရားကို စီရင်ကြောင်း ပိုမိုထင်ရှား အများက မြင်သာသည်။ အချက်အလက်များ ပြည့်စုံအောင် လေ့လာခြင်းသည် အမှန်တရား ရယူရန် ဖြစ်ကြောင်း ကိုပြည်ထောင်စု မြန်မာနိုင်ငံနှင့် မောင်ရွှေ (ခေါ်) မောင်ရှေပါ ၂ ၁၉၆၆ တရားရုံးချုပ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၆ဝ၆ တွင် စီရင်ထုံး ပြုဆုံးဖြတ်ထား သည်ကို တွေ့ရသည်။

အကြောင်းအချက်တို့ကို ကောင်းစွာမသုံးသပ်၊ ဥပဒေကိုလည်း ကောင်းစွာမလေ့လာ၊ ပင်ကိုယ်ဥာဏ်ကိုလည်း ရိုးသား ကိုးစားစွာ မသုံး၊ ပေါ့ပေါ့လွယ်လွယ် အပေါ်ယံသဘောဖြင့် သို့မဟုတ် လိုရာကိုဆွဲ၍ ဆုံးဖြတ်ခဲ့လျင်မူကား တရားရုံး၏ လုပ်ဟန်မပီပြင်၊ တရားဥပဒေ အင်္ဂါမြောက်သော ဆုံးဖြတ်ချက်လည်း မမည်နိုင်တော့ပေဟု မောင်ချစ်သွေး ပါ ၄ ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး (တရားရုံးချုပ်) စာမျက်နှာ ၆၉ တွင်လည်း လမ်းညွှန်ဆုံးဖြတ်ခဲ့သည်။ ဥပဒေက မည်သို့ပင် ဆိုစေကာမူ၊ တရားရုံးချုပ်က မည်သို့ပင် ညွှန်ကြားစေကာမူ အောက်တရားရုံးများက နိုင်ငံရေး မှုခင်းများနှင့် ပတ်သက်၍ ညွန်ကြားလွှာများ၊ အမိန့်ကြော်ငြာစာများကို လိုက်နာ ဆောင်ရွက် လေ့မရှိပေ။

ထိုသို့ဥပဒေကို လျစ်လျူရှု၍ စစ်ဆေး စီရင်ဆုံးဖြတ်သည့်အတွက် အများပြည်သူများ၏ ရှေ့မှောက်တွင် အမှုများကို စစ်ဆေးစီရင်မှု မပြုပဲ၊ အထူးတရားရုံးများ ဖွင့်လှစ်ပြီး ထောင်တွင်းတရားရုံးများ တွင်သာ စစ်ဆေးစီရင်ခဲ့သည့် သာဓကများ ယနေ့တိုင် အမြောက်အများ ရှိနေဆဲဖြစ်သည်။ ငွေများတရားနိုင် စေရန်အတွက် တရားရုံးချုပ် ယခုကဲ့သို့ မတူညီသည့် စီရင်ထုံး ၂ ခုကို စီမံဆုံးဖြတ် ပေးထားသလား ဆိုသည်ကို စာဖတ်သူများ စဉ်းစားလေ့လာနိုင်စေရန် တင်ပြလိုက် ရပေသည်။

--- မင်းလွင်ဦး ---

0 comments:

Post a Comment