Monday, February 22, 2010

Filled Under:

အာရှနိုင်ငံများရဲ့ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ရပ်များအကြောင်း ALRC ကြေငြာချက်ထုတ်ပြန်

RFA ---- 22/ 2/ 2010

မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံတွေက ညှဉ်းပန်း နှိပ်စက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အရေးယူနိုင်အောင် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်ခြင်း ဆိုင်ရာ အထူး ကိုယ်စားလှယ်က တင်ပြပေးပါရန် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က အကြံပြုလိုက်ပါတယ်။ ဒီလို အရေးယူနိုင်အောင် ဥပဒေ ပြဌာန်းဖို့နဲ့ ဥပေဒ ရှိနေရင်လည်း အဲဒီ ဥပဒေအတိုင်း လိုက်နာဆောင်ရွက် နိုင်ရေးအတွက် ကုလသမဂ္ဂ ညှဉ်းပန်း နှိပ်စက်ခြင်းဆိုင်ရာ အထူးကိုယ်စားလှယ်ထံ ပေးပို့တဲ့စာမှာ အကြံပြုထားတယ်လို့ AHRC အဖွဲ့မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သူ့ရဲ့လုပ်ငန်း အဖွဲ့တွေအလိုက် အထူး ကိုယ်စားလှယ်တွေ ရှိတယ်။ အဲတော့ Special Rapporteur တွေ အနေနဲ့ ပြန်လည် တင်ပြတဲ့အရာတွေ အပေါ်မှာ မူတည်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီက ဆုံးဖြတ်ချက်တွေ ချပါတယ်။ အဲဒီမှာ ကျနော်တို့က နှိပ်စက် ညှဉ်းပန်းခြင်းဆိုင်ရာ Special Rapporteur ကို ပေးတဲ့စာ ဖြစ်တယ်။”

မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလကာင်္နဲ့ ထိုင်းအပါအ၀င် အာရှနိုင်ငံတွေက ညှဉ်းပန်း နှိပ်စက်မှုတွေကို AHRC (အာရှ လူ့အခွင့်အရေးကော်မရှင်) နဲ့ ALRC (အာရှ ဥပဒေရေးရာ ပင်မဌာန) တို့က ပြုစုထားတယ်လို့ ဆိုပါတယ်။ မြန်မာ နိုင်ငံက ဖြစ်ရပ်တွေကို ဦးမင်းလွင်ဦးက ပြောပြပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အချုပ်သားတွေကို ရဲတွေက သော်လည်း ကောင်း၊ ဒါမှမဟုတ် သတင်းတပ်ဖွဲ့က သော်လည်းကောင်း၊ ထောက်လှမ်းရေးက သော်လည်းကောင်း နှိပ်စက်ညှဉ်းပန်း တာတွေရှိတယ်။ အဲလို နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စရပ်တွေမှာ နှိပ်စက်ညှဉ်းပန်းတဲ့ သူတွေကို အရေးယူမှု မရှိဘူး ဖြစ်တယ်။ မြန်မာနိုင်ငံ အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ပြည်သူ့ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားကို ရိုက်နှက်ညှဉ်းပန်းခြင်း မပြုရဘူး။ ပြုလို့ရှိရင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးနိုင်တာကို အတိအလင်း ပြဌာန်းထားတာ ရှိတယ်။ သို့သော်လည်း ပြဌာန်းထားတဲ့ ပြဌာန်းချက် တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ ပြောခြင်း ဖြစ်တယ်။”

AHRC နဲ့ ALRC တို့ဟာ တဖွဲ့ထဲဖြစ်ပြီး AHRC ဟာ ဒေသဆိုင်ရာ အရေးကိစ္စ တွေကို ဆောင်ရွက်ပါတယ်။ ALRC ကတော့ ကုလသမဂ္ဂမှာ ဥပဒေရေးရာ အကြံပေးတဲ့ကိစ္စနဲ့ ဥပဒေပိုင်း ချွတ်ယွင်းချက်တွေကို ထောက်ပြတဲ့အဖွဲ့ ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

ကြေငြာချက် အပြည့်အစုံကို အောက်ပါ အင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။ http://www.ahrchk.net/statements/mainfile.php/2010statements/2428/

0 comments:

Post a Comment