Monday, February 22, 2010

Filled Under:

စတုတ္ထကိုယ်စားလှယ်ရဲ့ တတိယခရီးစဉ်

ခေတ်ပြိုင် ----- 22 February 2010
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုကို စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကို ၁၉၉၂ မှာ စတင် ခန့်အပ်ခဲ့တာမို့ ကိုယ်စားလှယ် သက်တမ်းဟာ (၁၈) နှစ်ရှိလာပါပြီ။ ပထမ ကိုယ်စားလှယ်က ဂျပန်ပါမောက္ခ ယိုဇိုယိုကိုတာ ဖြစ်ပြီး (၄) နှစ် အမှုထမ်းတယ်။ ဒုတိယ ကိုယ်စားလှယ်က မော်ရစ်ရှ တရားသူကြီး ရာခ်ျစိုးမားလာလား ဖြစ်ပြီး ပြည်ဝင်ခွင့် မရတာနဲ့ လုပ်သက် (၄) နှစ်မှာ စိတ်ပျက်ပြီး နုတ်ထွက်သွားတယ်။ တတိယ ကိုယ်စားလှယ်က ဘရာဇီးက ပါမောက္ခ ပီညဲရိုးဖြစ်ပြီး (၇) နှစ်ကျော် အမှုထမ်းတယ်။ အာဂျင်တီးနား နိုင်ငံက ရှေ့နေ တိုးမတ်စ် အိုဟေးရား ကင်တားနားဟာ စတုတ္ထမြောက် ကိုယ်စားလှယ် ဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလ (၁) ရက်နေ့ကစပြီး တာဝန် ထမ်းဆောင်သူဖြစ်လို့ လုပ်သက် (၂၂) လပဲ ရှိသေးတယ်။

ကင်တားနားရဲ့ မိဘတွေဟာ အာဂျင်တီးနား စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့တာကြောင့် သူသုံးမယ့် နည်းလမ်းဟာ ထူးခြားနိုင်တယ်လို့ မြင်သူလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်တားနား အရင်က လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် (၃) ဦး ကတော့ မအောင်မြင်ပါဘူး။ လုပ်သက်အများဆုံး ဖြစ်တဲ့ ပီညဲရိုးရဲ့ အတွေ့အကြုံလေးကို မှတ်မိသေးတယ်။ ၂၀၀၃ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ မြန်မာပြည်ကို (၅) ကြိမ်မြောက် ပီညဲရိုးသွားတယ်။ တွေ့နေကြ ဖြစ်တဲ့ ခင်ညွန့်၊ ၀င်းအောင်၊ ခင်မောင်ဝင်း၊ တင်လှိုင် (ပြည်ထဲရေး) ကို တွေ့တယ်။ သူတို့ကတော့ ပြောနေကျအတိုင်း အနှောင့်အယှက်မရှိ လွတ်လပ်စွာ စုံစမ်း စစ်ဆေး နိုင်ကြောင်း ပီညဲရိုးကို အာမခံတယ်။ သူနဲ့ တွေ့တဲ့ မြန်မာတွေကို ဒုက္ခမပေးဘူးလို့ နအဖ က ကတိပေးတယ်။ ဒီတော့ စိတ်ချလက်ချ ပီညဲရိုးက လုပ်ငန်းစတာပေါ့။

မတ်လ (၂၂) ရက်နေ့က အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ဆုံမေးမြန်းနေစဉ် စားပွဲအောက်မှာ လျှို့ဝှက် အသံဖမ်းစက် တတ်ထားတာကို ပီညဲရိုး တွေ့သွားတော့ စိတ်ဆိုးပြီး မတ်လ (၂၄) ရက်နေ့မှာ မြန်မာပြည်က ထွက်သွားတယ်။ နအဖကို အထင်ကြီးပြီး ၀ိုင်းဝန်းကူညီ ကြပါလို့ မေတ္တာရပ်ခံခဲ့တဲ့ ပီညဲရိုး အလိမ်ခံရတဲ့ အတွက် ရှက်ရမ်းရမ်းတာပါပဲ။ ဗြောင်လိမ်မှု၊ အကောက်ကြံမှု၊ ခိုးကြောင်ခိုးဝှက် လုပ်မှု၊ လှည့်စားမှု၊ ပလီစိချောက်ချက်ပြောမှု၊ အလွဲသုံးစားလုပ်မှု၊ အသံကောင်းဟစ်မှု၊ အနိုင်ကျင့်မှု စတာတွေဟာ မြန်မာစစ်အစိုးရရဲ့ အကျင့်တွေပါ။

ပီညဲရိုးနေရာကို ဆက်ခံတဲ့ ကင်တားနားကလည်း မြန်မာစစ်အစိုးရကို ဝေဖန် ရှုတ်ချနေရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘဲ လက်တွဲ လုပ်ကိုင်နိုင်မှသာလျှင် လူ့အခွင့်အရေး အခြေအနေ ကောင်းမွန်လာမယ်လို့ ယုံကြည်တယ်။ ကင်တားနားရဲ့ ပထမခရီးစဉ် ၂၀၀၈ ခုနှစ် သြဂုတ်လ (၃) ရက်နေ့က (၇) ရက်နေ့အထိ ဖြစ်တယ်။ ရည်ရွယ်ချက်က နအဖရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူဖို့ဖြစ်တဲ့အတွက် ပထမခရီး အောင်မြင်တယ်လို့ ဆိုတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က (၁၉) ရက်နေ့အထိ ဒုတိယအကြိမ် မြန်မာပြည်ကို သွားတယ်။ ဒုတိယခရီးစဉ်မှာ ရွေးကောက်ပွဲ မတိုင်မီ ကျင့်သုံးမယ့် လူ့အခွင့်အရေး အခြေခံမူ (၄) ရပ် ကျင့်သုံးဖို့ တင်ပြတာကို နအဖက လက်ခံစဉ်းစားနေလို့ အောင်မြင်တယ်လို့ ဆိုတယ်။

ပထမနဲ့ ဒုတိယခရီးစဉ် အောင်မြင်ကြောင်း ၂၀၀၉ ခု မတ်လ (၁၁) ရက်နေ့က အထွေထွေ ညီလာခံနဲ့ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ (၂၂) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ကင်တားနား တင်ပြတဲ့ လူ့အခွင့်အရေး အခြေခံမူ (၄) ချက်နဲ့ နအဖရဲ့ တုံ့ပြန်ပုံဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပထမအချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်နဲ့ အညီ ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနဲ့အညီ ပြည်တွင်းဥပဒေ (၃၈၀) ကို ပြန်လည်ပြုပြင်ဖို့ သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားထားတယ်လို့ အစိုးရရှေ့နေချုပ်က အကြောင်းကြားတယ်လို့ ကင်တားနားက ဆိုပါတယ်။ ဒုတိယ တင်ပြချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တဖြည်းဖြည်းချင်း လွှတ်ပေးရေးကိုတော့ စဉ်းစားနေတယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။

တတိယအနေနဲ့ ရဲသားနဲ့စစ်သားကို လူ့အခွင့်အရေး သင်တန်းပေးဖို့ အကြံပြု ထားတဲ့အတိုင်း သင်တန်းတွေ ပေးထားပြီမို့ သင်ရိုးညွှန်းတမ်းကို မစ္စတာ ကင်တားနားကို ပြမယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။ စတုတ္ထ တင်ပြချက်က တရားဥပဒေ စိုးမိုးရေး အာမခံနိုင်ဖို့အတွက် တရားစီရင်ရေးဌာနကို လွတ်လပ်စွာ သီးခြားထားရှိရေးဖြစ်တယ်။ မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ်ပြီးသား ဖြစ်တယ်လို့ နအဖ တရားသူကြီးချုပ်က အကြောင်းပြန်တယ် ဆိုပဲ။

နအဖစစ်အစိုးရဟာ အမြဲတမ်း အပြောတမျိုး အလုပ်တမျိုး လုပ်တတ်တာကိုလည်း ကင်တားနားက သဘောပေါက်ပုံ ရတယ်။ ပထမခရီးစဉ်အပြီး ၂၀၀၈ သြဂုတ်လမှာ လွှတ်ပေးတဲ့ အကျဉ်းသား (၉,၀၀၀) ကျော်မှာ နိုင်ငံရေး အကျဉ်းသားက (၆) ဦးသာ ပါဝင်တယ်။ ပထမတော့ (၇) ဦး လွှတ်ပေးပြီး စစ်ဗိုလ်ဟောင်း ဦးဝင်းထိန်ကို လွှတ်ပေးပြီးမှ ပြန်ဖမ်းလိုက်လို့ (၆) ဦးသာ ကျန်တာပါ။ ဒီကိစ္စကို ကင်တားနားက မေးကြည့်တော့ မှားလွှတ်လို့ ပြန်ဖမ်းတာလို့ ဆင်ခြေပေးတယ် ဆိုပဲ။ မှားဖမ်းလို့ လွှတ်ပေးတာမျိုးတော့ ကင်တားနား ကြားဖူးမှာ မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား (၆) ဦးကို လွှတ်ပေးပြီး (၄၀၀) ကျော်ကို ထောင်ဒဏ် (၄) နှစ်က အနှစ် (၁၀၀) ကျော်အထိ ချမှတ်မှု၊ ရှေ့နေကို မလေးစားဘဲ အပြစ်ရှာပြီး ထောင်ချမှု၊ ထောင်ပြောင်းမှု၊ ကျန်းမာရေးဆိုးဝါးမှု စတာတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ ဒုတိယ ခရီးစဉ်ပြီးတော့ အကျဉ်းသား (၆,၀၀၀) ကျော် လွှတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၉) ဦးသာ ပါတာကိုလည်း ဖော်ပြတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အလွန် ဆိုးဝါးတဲ့ အခြေအနေကိုလည်း ဖော်ပြထားတယ်။

ဟာသဆရာ ဇာဂနာကို ထောင်ဒဏ် (၅၉) နှစ်၊ ၈၈ မျိုးဆက်အုပ်စုဝင် (၂၃) ဦးမှာ တဦးကို ထောင်ဒဏ် (၆၅) နှစ်စီ၊ ဦးဂမ္ဘီရကို (၆၈) နှစ်၊ ဦးဂမ္ဘီရရဲ့ ရှေ့နေ (၂) ဦးကို ထောင် (၄) လစီ၊ ခွန်ထွန်းဦးကို ထောင်ဒဏ် (၉၄) နှစ်၊ ဗကသကျောင်းသား သမဂ္ဂ၀င် အသက် (၂၀) ကျော် မင်းယုကို ထောင်ဒဏ် (၁၀၄) နှစ် နအဖတရားရုံး တွေက ချမှတ်တာကို ကင်တားနား အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နအဖဟာ ဥပဒေကို အလွဲသုံးစား လုပ်နေတာ ကင်တားနား သဘောပေါက် ပါလိမ့်မယ်။

အတည်ပြုပြီးတဲ့ နအဖအခြေခံဥပဒေကိုသာ အကောင်အထည်ဖော်ဖို့ ကင်တားနားက တိုက်တွန်းထား ပါတယ်။ နအဖရဲ့ အခြေခံ ဥပဒေပုဒ်မ (၃၅၄) မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် စတာတွေကို ဖော်ပြထားပေမယ့် သတင်းသမား (၁၆) ဦးကို ထောင်ချထားတာကို ထောက်ပြထားတယ်။ ပုဒ်မ (၄၀၆) မှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ စည်းရုံးရေး ဆင်းခွင့်ပေးဖို့လည်း တောင်းဆိုထားတယ်။ အကြံပေးတင်ပြချက် (၄) ခုကို အကောင်အထည် ဖော်ဖို့ နအဖအစိုးရက သဘောတူထားပေမယ့် တကယ်တမ်း အကောင်အထည်ဖော် မဖော်ဆိုတာကို မကြာခင် ကင်တားနား သိပါလိမ့်မယ်။

ဖေဖော်ဝါရီလ (၁၅) ရက်က (၁၉) ရက်အထိ စုံစမ်း စစ်ဆေးခဲ့တဲ့ တတိယမြောက် မြန်မာပြည် ခရီးစဉ်အကြောင်း လာမယ့်မတ်လမှာ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်ပါလိမ့်မယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဟာ လူ့အခွင့်အရေး ချိုးဖျက်တဲ့ အစိုးရတွေရဲ့ ပရိယာယ်မှာ တ၀ဲလည်လည် ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ၂၀၁၀ ဇန်န၀ါရီလထုတ် နှစ်လည် အစီရင်ခံစာမှာ သုံးသပ်ထားတယ်။ အစ္စရေးရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုကို ထပ်ခါတလဲ ဝေဖန်ရှုတ်ချနေတဲ့ လူ့အခွင့်အရေး ကောင်စီဟာ သီရိလင်္ကာပြည်တွင်းစစ်မှာ တမီးလ်သူပုန်ကို ပြစ်တင်ရှုတ်ချပြီး သီရိလင်္ကာ အစိုးရကို ချီးကျူးတယ်။ ဒါကြောင့် အစိုးရတပ်က အရပ်သားကို သတ်ဖြတ်တာနဲ့ ထိန်းသိမ်းတာကို စုံစမ်းနိုင်ခြင်း မရှိတာလို့ဆိုတယ်။

အစိုးရတွေရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို (၄) နှစ်တကြိမ် စိစစ်တဲ့ကိစ္စမှာလည်း အစိုးရ အချင်းချင်း စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးမယူနိုင်ဘဲ ဖြစ်နေပါတယ်။ လူ့အခွင့်အရေး ကောင်စီက အရေးယူမယ့် အစိုးရတွေဟာ လူ့အခွင့်အရေး ကောင်စီကို ကြီးစိုးနေလို့ လုပ်ရကိုင်ရ ခက်တာလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

(ခေတ်ပြိုင် အင်တာနက် သတင်းစာမျက်နှာမှ အောင်ကျော်ခင်ရဲ့ သုံးသပ်ချက် ပြန်လည်ဖေါ်ပြခြင်း ဖြစ်သည်။)

0 comments:

Post a Comment