Saturday, February 20, 2010

Filled Under:

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ကြုံတွေ့နေရတဲ့ ယာယီနိုင်ငံကူးလက်မှတ် အခြေအနေ

RFA ----- 18/ 2/ 2010

ထိုင်းနိုင်ငံက မြန်မာ အလုပ်သမားတွေအတွက် ယာယီ နိုင်ငံကူးလက်မှတ် လုပ်ဖို့ စရင်းပေးတဲ့ လုပ်ငန်းစဉ်မှာ အခုချိန်အထိ အလုပ်သမား ၂ သောင်း ၇ ထောင်နီးပါး စာရင်းသွင်းထား ပြီးပြီလို့ ထိုင်းအလုပ်သမားဌာန အကြီးအကဲက မနေ့က ထုတ်ဖေါ်ပြောဆို လိုက်ပါတယ်။ ဒီသတင်းအရ ဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်သမား ၁ သန်းကျော်ထဲမှာ ၂ သောင်းကျော်ဘဲ စာရင်းသွင်းထားတာပါ။

လာမဲ့ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကို ယာယီနိုင်ငံကူးလက်မှု ပြုလုပ်ဖို့ စာရင်း သွင်းရမဲ့ နောက်ဆုံးရက်အဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားပါတယ်။ အဲဒီလို ယာယီ နိုင်ငံကူးလက်မှတ် လုပ်မယ်လို့ စာရင်း သွင်းထားတဲ့ အလုပ်သမား ကိုလည်း လက်ရှိ အလုပ်သမား သက်တမ်း နောက်ထပ်နှစ်နှစ် အထိ တိုးပေးမယ်လို့ ထိုင်းအစိုးရက ကြေငြာထားပါတယ်။ ၂၈ ရက်နေ့ နောက်ပိုင်း စာရင်းမသွင်းတဲ့ အလုပ်သမားနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားသား အလုပ်သမားရေးရာ စီမန်ခန့်ခွဲမှု ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ထိုင်းဒုတိယ ၀န်ကြီးချုပ်က အလုပ်သမား နှိမ်နင်းရေးအတွက် နေရပ်ပြန်ပို့ဖို့ ကိစ္စတွေကို အရင်ဦးဆုံး တာဝန်ပေးမယ်လို့ ကြေငြာထားပါတယ်။

ထိုင်းအစိုးရက အလုပ်သမား ပြဿနာ ဖြေရှင်းဖို့အတွက် နည်းလမ်းရှာဖွေရာမှာ ပထမ အဆင့်အနေနဲ့ အလုပ်သမား လက်မှတ်ရှိနေသူတွေက ဘယ်တိုင်းပြည်၊ ဘယ်ဒေသက ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်ဆိုင်ရာ အစိုးရတွေရဲ့ တရားဝင် အသိအမှတ်ပြုမှု ရဖို့နဲ့၊ ဒုတိယ အဆင့်အနေနဲ့ အဲလို ဆိုင်ရာဆိုင်ရာ နိုင်ငံအလိုက် ဖေါ်ပြနိုင်တဲ့ အထောက်အထားရရှိမှ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်နဲ့ အလုပ်သမားလက်မှတ် ဆက်လက် ထုတ်ပေးမယ်ဆိုပြီး ၂၀၀၄ ခုနှစ် ကတည်းက စတင် ဆောင်ရွက်ခဲ့တာပါ။ အဲဒီလို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားတွေကို အသိအမှတ် မပြုတဲ့ လက်မှတ်ကို ထုတ်ပေးထားရာမှာ မြန်မာအလုပ်သမား တွေအတွက် စစ်အစိုးရက ယာယီ နိုင်ငံကူးလက်မှတ်လို့ ခေါ်ဆိုထားတဲ့ အနီရောင် စာအုပ်တအုပ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ လာအိုနဲ့ ကမ္ဘောဒီယား နိုင်ငံက အလုပ်သမား တွေအတွက် ပြဿနာ အခက်အခဲ သိပ်မကြီးပေမဲ့ မြန်မာနိုင်ငံက အလုပ်သမား တွေအတွက် ပြဿနာက အတော်ကြီး နေပါတယ်။ ယာယီနိုင်ငံကူး လက်မှတ်အတွက် စာရင်းသွင်းဖို့ မြန်မာ အလုပ်သမားတွေက တာချီလိတ်၊ မြ၀တီနဲ့ ရနောင်းမှာ ဖွင့်လှစ်ထားတဲ့ ဌာန တွေမှာ သွားရမှာပါ။ အခုလို ဆောင်ရွက်တာနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမား တွေဘက်မှာ အခက်အခဲ ရှိနေကြောင်း ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံက လာတဲ့ အလုပ်သမားတွေ စိုးရိမ်နေတာက ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ပြဌာန်းထားတဲ့ လူဝန်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ ချက်နဲ့ ညိစွန်းနေတာ အမှန်ဘဲ။ ဒါတွေကြောင့်လည်း ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရောက်တဲ့ အခါမှာ သက်ဆိုင်ရာ ရဲကဖြစ်စေ၊ ရပ်ကွက်အတွင်းက မနာလိုတဲ့သူတွေ တိုင်ကြားလို့ ဖြစ်ပါစေ အရေးယူခြင်း ခံရတယ်။ အရေးယူ ခံရရင်လည်း ဒီလိုမျိုး တန်းမကျအောင်၊ တရားရုံး မရောက်အောင် ငွေပေးပြီး ဖြေရှင်းနေရတဲ့ ကိစ္စတွေက တော်တော်များများ ရှိပါတယ်။ ဒါတွေကြောင့် အလုပ်သမားတွေ တွန့်ဆုတ်နေတယ်လို့ ကျနော်တို့ သိရတယ်။”

မြန်မာနိုင်ငံ အလုပ်သမားတွေ တွေ့ရတဲ့ အခက်အခဲတွေက အဓိက (၃) ခု ရှိတယ်လို့လည်း ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ခေါင်းဆောင် ကိုမိုးဆွေက “အဓိကက သူတို့က Information တိတိကျကျလည်း မရှိဘူး။ နောက်တခု သူတို့ရဲ့ လုံခြုံရေးအတွက်၊ နောက်တခုက အခွန်တို့ နောက်ပိုင်းမှာ ဖြစ်လာမဲ့ ပြဿနာကို သူတို့ကြောက်လာတယ်။

မြန်မာ အလုပ်သမားတွေ ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရေးမှာ သဘောတူ ပါဝင်လာအောင် မြန်မာ စစ်အစိုးရက ဆောင်ရွက်ပေးရမဲ့ ကိစ္စလို့လည်း ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ထောက်ပြ ပြောဆိုပါတယ်။

“အာဏာပိုင်တွေ အနေနဲ့ အလုပ်သမားတွေကို လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ယူဖို့အတွက်ကို မိမိနိုင်ငံသို့ သွားရင်သော်လည်းကောင်း၊ နဂိုရောက်ရှိပြီးသား လူတွေက ပြန်လာပြီးတော့ ရယူရင် သော်လည်းကောင်း၊ မည်သည့် အရေးယူမှု တစုံတရာမှ မရှိကြောင်း ဆိုတဲ့အချက်ကို ထုတ်ပြန် ကြေငြာပေးရင် ဒီထက်ပိုပြီး လုပ်လာနိုင်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။”

ဖေဖေါ်ဝါရီလ ၂၈ နေ့နောက်ပိုင်း စာရှင်းမသွင်းတဲ့ သူတွေကို ပြန်ပို့မဲ့ကိစ္စဟာ ထိုင်းအစိုးရဟာ လက်တွေ့မှာ အခက်အခဲ ရှိနိုင်တဲ့အကြောင်း ဦးမိုးဆွေက အခုလို သုံးသပ်ပါတယ်။

“လူတသန်းကို ဖမ်းပြီးပြန်ပို့တဲ့ ကိစ္စဟာ လက်တွေ့မှာ ဖြစ်ဖို့ခဲယဉ်းတယ်။ တနှစ်လုံးလုံး ထိုင်း Immigration နဲ့ ရဲက ထိုင်းနိုင်ငံမှာ တော်တော်လေး အလုပ်ရှုပ်သွားမယ်။ ငွေကြေးတွေလည်း အများကြီး ကုန်သွားမယ်။ လူတွေကို ချုပ်နှောင်ထားရမယ်။ နောက်ပြီး နယ်စပ်ကိုပို့မယ်။ အဲဒီ Process ကြီးကို လုပ်မယ်ဆိုရင် လူသိန်း ၂၀ ပြန်ပို့ဖို့ ကိစ္စက လက်တွေ့မှာ မလွယ်ဘူး။ သူတို့မှာ အကုန်အကျ အရမ်းများတယ်။

ဒုတိယ အချက်အနေနဲ့ အဲလိုပြန်ပို့မယ် ဆိုရင် ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းတွေက အကုန်လုံး ရပ်သွားမယ်။ လုပ်ငန်းရှင်နဲ့ ထိုင်းအစိုးရလည်း ပြဿနာ တက်မှာဘဲ။”

ထိုင်းနိုင်ငံမှာ တရားမ၀င် ရောက်နေတဲ့ မြန်မာနိုင်ငံသး စုစုပေါင်း ၂ သန်းကျော် ရှိနေပြီး အဲဒီအထဲမှာ လူဦးရေ ထက်ဝက်လောက် ဖြစ်တဲ့ ၁၁ သိန်းမျှတာ အလုပ်သမား လက်မှတ် ရှိကြတာပါ။ အဲဒီလို အလုပ်သမား လက်မှတ်ရှိတဲ့ အလုပ်သမားတွေကို ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ထိုင်းအလုပ်သမား ၀န်ကြီးအဖွဲ့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် တွေဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲမှာ ပုကံမြို့မှာ ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်တွေက ယာယီ နိုင်ငံကူးလက်မှတ် အတွက် အလုပ်သမား ၁ သန်းကျော် လုပ်ပေးရမဲ့ ကိစ္စမှာ ၂ အုပ်စု ခွဲပြီးတော့ ပထမ ၆ သိန်း ဒီနှစ်အတွင်းမှာ လုပ်ပေးမယ်။ ဒုတိယ ၆ သိန်းကို နောက်နှစ်မှာ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကလည်း ယာယီလက်မှတ် ပြုလုပ်ဖို့ စာရင်းသွင်းရမဲ့ ကိစ္စကို လာအိုနဲ့ ကမ္ဘောဒီးယားက အာဏာပိုင်တွေလို မြန်မာအာဏာပိုင်တွေ ထိုင်းနိုင်ငံထဲမှာ လာရောက် ဆောင်ရွက်ပေးရန် တိုက်တွန်းပေးဖို့ ထိုင်းအာဏာပိုင်တွေကို ဒီရက်အတွင်းမှာ တင်ပြထားတယ်လို့ သိရပါတယ် ခင်ဗျား။

0 comments:

Post a Comment