Thursday, April 22, 2010

Filled Under:

အာရှလူ့အခွင့်အရေးကော်မရှင်မှကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို အိတ်ဖွင့်ပေးစာပေးပို့

တွံတေးမြို့နယ်ကလူ့အခွင့်အရေးလှုပ်ရှားသူမစန္ဒာနဲ့ခင်ပွန်းဖြစ်သူကိုဇော်မင်းထွန်းတို့ကိုအာဏာပိုင်တွေကဝတ္တရားနှောက်ယှက်မှုနဲ့မတရားတရားစွဲဆိုအရေးယူခဲ့တယ်လို့ အကြောင်းပြပြီးမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေအတွက်အရေးယူဆောင်ရွက်ပေးနိုင်ဖို့အတွက်အာရှလူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကိုအိတ်ဖွင့်ပေးစာတစောင်မနေ့ကရက်စွဲနဲ့ပေးပို့ခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးအာရှလူ့အခွင့်အရေးကောင်စီကရှေ့နေဦးမင်းလွင်ဦးကို မေးကြည့်တော့

ဦးမင်းလွင်ဦး…..မြန်မာနိုင်ငံအတွင်းမှာလူ့အခွင့်အရေးဆုံးရှုံးနေတယ်။အဲဒီလူ့အခွင့်အရေးဆုံးရှုံးတဲ့အတွက်တိုင်ကြားတဲ့သူတွေ ကိုအာဏာပိုင်တွေကနေ ဖိအားပေးအရေးယူနေတာတွေရှိနေတယ်။ အဲဒီလိုမျိုးကိစ္စရပ်တွေကို ဒီအတိုင်းထားရင်တဖြေးဖြေး ပိုဆိုးလာမှာဖြစ်တဲ့အတွက် နိုင်ငံတကာကကော ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ကကော ဒီကိစ္စကိုအရေးတယူ လုပ်ပြီးတော့ လျင်မြန်စွာဆောင်ရွက်ပေးဖို့ ပြောဆိုရခြင်း ဖြစ်ပါတယ်။

မေး………. ဒီလိုစာတွေပေးပို့တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ ထိရောက်မှုရှိပါသလဲ။ အရင်ကကော ဒီလိုစာတွေပေးပို့ ခဲ့ဘူးသလားခင်ဗျ။

ဦးမင်းလွင်ဦး……… မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူ့အခွင့်အရေးဖောက်ဖျက်တဲ့ ကိစ္စမှန်သမျှကို ပေးပို့ခဲ့ဘူးပါတယ်။အဲတော့အဲဒီလို ပေးပို့လိုက်တဲ့အတွက် ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကင်တားနားသွားတဲ့ အခါမှာအချို့ အချက်အလက်တွေကို ပိုမိုတိတိကျကျရရှိတာဖြစ်တယ်။အဲဒီအချက်တွေပေါ်မှာမူတည်ပြီးတော့လည်း ဒီတခေါက်သူ့ရဲ့
အစီရင်ခံစာကိုပိုပြည့်ပြည့်စုံစုံ တင်ပြနိုင်ပြီးတော့ နိုင်ငံတကာကဒီကိစ္စကို ဝိုင်းဝန်းဆောင်ရွက်ဖို့လိုပြီဆိုတာ သူ့အနေနဲ့တင်ပြ လာတာဖြစ်တယ်။သို့သော်သူတင်ပြပြီးနောက်ပိုင်းမှာလည်း ဒီလိုအမှုတွေဟာဆက်လက်ဖြစ်နေဆဲဖြစ်တယ်။ဒါကြောင့်မြန်မာနိုင်ငံ အတွင်းမှာကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ အထူးကိုယ်စားလှယ်ရုံးတရုံး၊ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းကလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်ကြားနိုင်မယ့်နည်းလမ်းတခုခု ဖန်တီးပေးနိုင်ဖို့ကို ကျနော်တို့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဆီကို အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းခံရခြင်းဖြစ်ပါတယ်။

မေး………..မစန္ဒာနဲ့ သူ့ခင်ပွန်း ကိုဇော်မင်းထွန်းတို့က ဦးဆောင်ပြီး အခွင့်အရေးတောင်းဆိုခဲ့တယ်ဆိုပေမဲ့ တကယ်တမ်း ပြောရရင် ဒါဟာမြန်မာနိုင်ငံသားတိုင်းရသင့်တဲ့ ၊ရကိုရရမယ့် အခွင့်အရေးကို တောင်းဆိုတာ မဟုတ်ဘူးလားခင်ဗျ။

ဦးမင်းလွင်ဦး………ဟုတ်ပါတယ်ခင်ဗျ၊ဒီလိုအရေးပေါ်ဖြစ်လာတဲ့ အခါမှာ ပြည်သူ့ဆေးရုံကနေ အရေးပေါ်ရောက်ရှိလာတဲ့ လူနာကို ထိုက်သင့်သလို ကုသဖို့တာဝန်ရှိပါတယ်။ အဲဒီလို လုပ်မပေးတဲ့အတွက်မစန္ဒာနဲ့ သူ့ယောက်ျားဟာ ဝင်ရောက်ပြီးအကူအညီ တောင်းပြောဆိုတဲ့အခါမှာ မိုက်ရိုင်းစွာပြောဆိုတယ်။ ပြည်သူ့ဝန်ထမ်း တယောက်တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာတာဝန် ဝတ္တရား နှောက်ယှက်တယ်ဆိုပြီး တရားစွဲဆို အရေးယူခဲ့တာ တွေ့ရတယ်။

မေး……..အိတ်ဖွင့်ပေးစာ နဲ့ ပတ်သက်ပြီး မစန္ဒာနဲ့ ကိုဇော်မင်းထွန်းတို့ အပေါ်မှာ ဘယ်လိုသက်ရောက်မှုရရှိသွားနိုင်ပါလဲခင်ဗျ။

ဦးမင်းလွင်ဦး……..ဒီလိုပေးပို့လိုက်တဲ့အတွက် သူတို့အနေနဲ့ အာဏာပိုင်အဖွဲ့အစည်းကိုလည်း အသိပေးပြီးသားဖြစ်တယ်။ အာဏာပိုင်အဖွဲ့အစည်းအသီးသီးကနေ ဆောင်ရွက်ခြင်းမရှိလို့သာ နိုင်ငံတကာကို အကူအညီတောင်းခံရတာဖြစ်တဲ့အတွက်သူတို့ အပေါ်မှာ ဒီထက်ပိုပြီးဆိုးလာနိုင်မဲ့အခြေအနေမရှိဘူးလို့ပဲ ကျနော်တို့ကသတ်မှတ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment