Monday, September 13, 2010

Filled Under:

အမှုသည်အခွင့်အရေးမရှိကြောင်း AHRC ကြေငြာချက်ထုတ်

(VOA စက်တင်ဘာ၉) အာရှလူ့အခွင့်အရေး ကော်မရှင်ကထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ မြန်မာပြည်က တရားရုံးတွေမှာ အမှုသည်တယောက်ရဲ့ အခွင့်အရေးတွေ ပျောက်ဆုံးနေတာအပြင် တရားသူကြီး ကိုယ်တိုင်က တရားရုံးအတွင်း လုပ်ပိုင်ခွင့် အာဏာတွေ ပျောက်ဆုံးနေခဲ့တယ်လို့ ဖော်ပြပါရှိတယ်။ ဒီကြေငြာချက်ဟာ သင်္ကြန် တွင်းမှာဗုံးဖောက်ခွဲမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဖြိုးဝေအောင်နဲ့ ပတ်သက်ပြီးတော့ထုတ်ပြန်တဲ့ ကြေငြာချက်လည်းဖြစ်ပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက တရားသူကြီး ဦးကိုကိုဦးက အမှုသည်ကိုဖြိုးဝေအောင်ရဲ့ မိသားစုဝင်တွေကို တရားခွင်မှာလာရောက် ကြားနာခွင့်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခွင့်မပြုခဲ့လို့ တရားရုံးထဲ ဝင်ရောက်နားထောင်ခွင့်မရခဲ့ဘူးလို့ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန် ချက်မှာ ရေးသားထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေး ကော်မရှင်ရှေ့နေဦးမင်းလွင်ဦးက အခုလို
ပြောပြပါတယ်…

ဦးမင်းလွင်ဦး…. ကိုဖြိုးဝေအောင်ကို စစ်ဆေးစီရင်နေတဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးရဲ့ စီမံခန့်ခွဲမှုဟာတရားသူကြီးရဲ့ လက်မှာ မရှိဘဲနဲ့ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရဲ့ စီမံခန့်ခွဲမှုအောက်မှာ တရားသူကြီးက လိုက်ပါဆောင်ရွက်နေရတယ် ဆိုတာကို နိုင်ငံတကာက သိအောင် ဒီလိုကြေငြာချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။တရားရုံးတွေရဲ့ သဘောသဘာဝအရ စစ်ဆေးဆုံးဖြတ်နိုင်တဲ့ အာဏာဟာ တရားသူကြီးမှာသာ ရှိနေရမှာဖြစ်ပေမဲ့ လက်တွေ့မှာတော့ ကိုဖြိုးဝေအောင်ရဲ့ မိသားစုဝင်တွေကို တရားသူကြီးက တရားခွင် စစ်ဆေးစဉ်မှာတရားရုံးထဲမှာ လာရောက်နားထောင်ခွင့် ပြုထားခဲ့ပေမဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုတဲ့အတွက် မိသားစုဝင် တွေ လာရောက်နားထောင်ခွင့်မရဘဲ ဖြစ်ခဲ့ရပါတယ်။ ဒါတင်မကစွပ်စွဲခံထားရတဲ့ အမှုသည်ကိုဖြိုးဝေအောင်နဲ့ ခုခံချေပပေးမဲ့ အကျိုးဆောင် ရှေ့နေဦးကျော်ဟိုးတို့ဟာ အမှုနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ တွေ့ဆုံခွင့်ရရမှာ ဖြစ်ပေမဲ့ အဲ့ဒီ့အခွင့်အရေးလည်း မရခဲ့ဘူးလို့ပြောပါတယ်။

ဒါဟာ စစ်အစိုးရအနေနဲ့ ၂၀၀၀ပြည့်နှစ်က သူတို့ကိုယ်တိုင်ထုတ်ပြန်ထားတဲ့ တရားစီရင်ရေး ဥပဒေအရ တရားခွင်မှာရသင့် ရထိုက်တဲ့ အခွင့်အရေးပြဌာန်းချက်တွေကို ဆန့်ကျင်ရာကျနေကြောင်း ဦးမင်းလွင်ဦးကအခုလို ပြောသွားပါတယ်။

ဦးမင်းလွင်ဦး…. ဒီဟာက၂၀၀၀ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရတရားခံ တယောက်ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်ဆိုတာကို ကျနော်တို့ဖော်ပြလိုခြင်းဖြစ်တယ်။ နောက်ပြီးတော့ အမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ တရားလိုဘက်ကနေ တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေရှိတယ်။ ဒီစာရွက်စာတမ်းတွေဟာ သက်သေခံဥပဒေပုဒ်မ၇၆အရ ဆိုရင်အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ အတွက် မည်သူမဆိုမိတ္တူကူးနိုင်တယ်။ မည်သူမဆိုဖတ်နိုင်တဲ့ အနေအထားဖြစ်တယ်။သို့သော်လည်းကိုဖြိုးဝေအောင်ရဲ့ အမှုမှာကျတော အဲဒီလိုမိတ္တူကူးယူခွင့်ကို တရားရုံးကနေခွင့်မပြုတာကို ကျနော်တို့တွေ့ရတယ်။

အဲတော့ အနောက်ပိုင်းခရိုင် တရားရုံးကနေခွင့်မပြုတဲ့အတွက် တိုင်းတရားရုံးကိုတက်တယ်။ တိုင်းတရားရုံးလည်း ခွင့်မပြုတဲ့ အတွက် နောက်ဆုံးတရားရုံးချုပ်အထိကို မိတ္တူကူးယူခွင့်ရဖို့အတွက် လျှောက်လွှာတင်ထား ရတယ် ဆိုတာကို ကျနော်တို့သိရတယ်။ဒါတွေက၂၀၀၀ပြည့်နှစ် တရားစီရင်ရေးဥပဒေရဲ့ အခြေခံမူတွေနဲ့လည်း ဆန့်ကျင်တယ်။ နိုင်ငံတကာက ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့လည်းဆန့်ကျင်တယ် ဆိုတာကိုတွေ့ရတယ်။ဒါကတော့ တရားခွင်မှာ တရားခံတယောက်အဖြစ် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေရတဲ့ ကိုဖြိုးဝေအောင်နဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦး ပြောသွားခဲ့တာပါ။

ကိုဖြိုးဝေအောင်ဟာ ဒီနှစ်၂၀၁၀ဧပြီလ ၁၅ ရက်နေ့ကရန်ကုန်သင်္ကြန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတော့ လူ၁၀ယောက်သေဆုံး ၁၆၈ယောက် ထိခိုက်ဒါဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီးတရားခံအဖြစ် စွပ်စွဲပြီးဖမ်းဆီးခံထားရသူဖြစ်ပါတယ်။ ကိုဖြိုးဝေအောင်ကတော့ သူ့မှာအပြစ်မရှိကြောင်း ဆက်လက်ပြောနေဆဲဖြစ်ပြီး သူ့ကိုအပြစ်ရှိတယ်လို့ဝန်ခံလာအောင် ၉ရက်ကြာ နှိပ်စက်ညှင်းပန်းတာကိုလည်း ခံခဲ့ရတယ်လို့အဲဒီ့ကြေငြာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

0 comments:

Post a Comment