Saturday, October 23, 2010

Filled Under:

တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်ဆန္ဒမဲအလွန်အရေးပါ

ရွေးကောက်ပွဲနီးလေ မတရားပြုကျင့်မှုတွေများ လာလေဆိုတာကိုတွေ့နေရတယ် ။ဒီတပတ်အတွင်းမှာ ကြံ့ဖွံ့ကိုမဲထည့်ဖို့ ဆောင်ရွက်နေတဲ့ သူတွေထဲမှာ ရယက၊ မယကတွေတင်မကတော့ပဲ စစ်တပ်အတွင်းမှာလဲ စစ်မှုထမ်းသူများအနေနဲ့ကြံ့ဖွံ့ကိုသာ မဲပေး ရမယ်လို့အောက်ခြေ တပ်သားများကိုညွှန်ကြားနေပါပြီ၊ ထိုနည်းတူစွာ ဒုတိယ အင်အားဖြစ်တဲ့ ရဲ၊မီးသတ်နဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ဖိအားပေးပြီး ကြံ့ဖွံ့မဲရအောင် ဆောင်ရွက် အုံးမှာပါ။ နောက်တခါ မြန်မာနိုင်ငံအတွင်းမှာ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ အသီးသီးကိုလဲ ကြံ့ဖွံ့ကိုသာမဲပေးရမယ်လို့ဆက်လက်ညွန်ကြားလာမှာပါ။ဒီလိုရဲတင်းစွာ ဆောင်ရွက်နေတာကို ပြစ်မှုဆိုင်ရာဥပဒေပြဌာန်းချက်တွေအတိုင်းလဲအရေးယူ ဖို့အလေးထားတိုင်တန်းမဲ့သူလဲမရှိ၊ တိုင်ကြားရင်လဲသက်ဆိုင်ရာ အာဏာပိုင်တွေက အထက် အဖွဲ့အစည်းကိုပြန်လည်မေးမြန်းနေရတာဖြစ်တဲ့အတွက် လျှင်မြန် ထိရောက်စွာ အရေးမယူနိုင် ဘူးဖြစ်နေပါတယ်။နိုင်ငံရေးပါတီတွေကလဲမဲဆွယ်စည်းရုံးရေးကိုလုံးပမ်းနေရတာနဲ့မတိုင်တန်း နိုင်ကြပါဘူး။



ရွေးကောက်ပွဲပြီးမှ အရွေးချယ်ခံရမဲ့ လွှတ်တော်ကိုယ်စားလှယ်ကို အထောက်အထားတွေနဲ့ ကန့်ကွက်မဲ့သူတွေကလဲ ကန့်ကွက်လွှာတင်ဖို့အတွက် ငွေကြေးတတ်နိုင်မှဖြစ်မဲ့ ကိစ္စလို ဖြစ်နေတာကိုတွေ့ရတယ်။ အလွယ်တကူကန့်ကွက်လွှာ မတင်သွင်း နိုင်အောင်ကြို တင်စီစဉ် ထားတာဖြစ်တယ်။ဒါပေမဲ့ ကြံ့ဖွံ့က အနိုင်မရပဲ အခြားနိုင်ငံရေးပါတီတွေက အရေး ပါတဲ့ ဒေသတွေမှာ အနိုင်ရခဲ့ရင်တော့ အဲဒီကိုယ်စားလှယ်တွေကို ကြံ့ဖွံ့ပါတီက နိုင်ငံတော် စားရိပ်နဲ့တရားတဘောင်ရင်ဆိုင်ပြီးအမျိုးမျိုးဒုက္ခပေးအုံးမှာပါ။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ အခန်း ၁၄ မှာ ပုဒ်မ ၈၇ကနေ ပုဒ်မ ၁၀၃ အထိ ကန့်ကွက်လွှာတင် သွင်းခြင်းနဲ့ပတ်သက်လို့ဖေါ်ပြထားပါတယ်။ ရွေးကောက်တင်မြှောက် ခြင်း ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်လို့ မတရားပြုကျင့်တယ် ၊ရွေးကောက်ပွဲ အသုံးစရိပ်တွေကိုသတ်မှတ်ထားတဲ့သိန်း ၁၀၀ ပိုသုံးတယ်လို့အထောက်အထားခိုင်ခိုင်လုံလုံ နဲ့တင်ပြရမှာဖြစ်ပြီး ရက် ၆၀ အတွင်ကန့်ကွက်လွှာတင်သွင်းရမှာဖြစ်တယ်။

ကန့်ကွက်လွှာ တင်တဲ့အမှုကို စစ်ဆေးပေးဖို့တရားမမှုတွေလိုပဲ နိုင်ငံတော် က ကုန်ကျမဲ့ ကုန်ကျစရိပ် ငွေ၁၀သိန်းကို တင်သွင်းပြီးမှ ကန့်ကွက်လွှာကိုလက်ခံ ဆောင် ရွက် ပေးရမယ်လို့ နည်းဥပဒေ ပုဒ်မ ၉၁ မှာဖေါ်ပြထားပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ ခုံရုံးရဲ့ဆုံးဖြတ် ချက်ကို ပြင်ဆင်ပေးဖို့ပြင်ဆင်မှုတင်သွင်းမယ်ဆိုရင်လဲနောက်ထပ် ၁၀သိန်း ထပ်မံပေး သွင်းရမှာ ဖြစ်ပြီး ရက် ၃၀ အတွင်းပြင်ဆင်မှုတင်သွင်း မှသာ ပြင်ဆင်မှုကို လက်ခံ ကြားနာပေး မှာဖြစ်တဲ့ အကြောင်း နည်းဥပဒေပုဒ်မ ၉၉ ကနေ ၁၀၁ အထိဖေါ်ပြထား ပါတယ်။ ကန့်ကွက်မဲ့ လွတ်တော်က ကိုယ်စားလှယ်တဦး အတွက် ၁၀ သိန်းကုန်ကျ မှာဖြစ်တယ်၊ ဥပမာ ရန်ကုန် တိုင်းဒေသကြီး ၄၅မြို့နယ် အတွင်းက ရွေးချယ်တင် မြှောက်ခြင်း ခံလိုက်ရတဲ့ ကိုယ်စားလှယ် ၂၀ အတွက် ကန့်ကွက်လွှာ တင်မယ်ဆိုရင် သိန်း ၂၀၀ ကုန်ကျမှာဖြစ်တယ်။

အပြီးသပ် ဆုံးဖြတ်တဲ့အဆင့်အထိ ရောက်အောင်ဆောင်ရွက်မယ် ဆိုရင်ကန့်ကွက်မဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးအတွက် သိန်း ၂၀ ကုန်ကျမှာဖြစ်ပြီး ကိုယ်စားလှယ် ၂၀ အတွက် သိန်း ၄၀၀ကုန်ကျမှာဖြစ်တယ်။ဒီနေရာမှာ အမှုတွေကို လက်ခံစစ်ဆေးမဲ့ ရွေးကောက်ပွဲခုံအဖွဲ့ ကလဲ တရားမျှတမှုကိုဖေါ်ဆောင်နိုင်ပါ့မလားဆိုတာကလဲမေးခွန်း ထုတ်စရာဖြစ်ပါတယ်။
နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ဖို့ကို တောင်မှ အနိုင်နိုင် ကြိုးပမ်းနေရတဲ့ နိုင်ငံရေး ပါတီများအနေနဲ့ အဲဒီလို ကုန်ကျမဲ့ ငွေအတွက် အကုန်ခံနိုင်ဖို့ရာ မလွယ်ကူတာ ကိုတွေ့ရမှာ ဖြစ်တယ်။ တင်သွင်းထားတဲ့ ငွေ ကိုဘယ်လိုနည်း နဲ့မှပြန်လည် ထုတ်ယူပိုင်ခွင့်မရှိပါဘူး။ ဒီတော့ကာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကျင်းပဖို့ ကုန်ကျ စားရိပ်တွေက နိုင်ငံတော်က ကျခံပေးနေတာမဟုတ်ပဲ။ နိုင်ငံရေးပါတီတွေက တင်သွင်းတဲ့ ငွေကြေးတွေ နဲ့လည်ပတ်သုံးစွဲ နေတယ်လို့ ပြောရမှာ ဖြစ်တယ်။ ငွေများတရားနိုင်ဆိုတာ စစ်အစိုးရက အတိအလင်း ထုတ်ဖေါ် ပြောလိုက်ပါပြီ။ငွေကြေးမတတ်နိုင်လို့ကတော့ ရွေးကောက်ပွဲမှာ မတရားပြုကျင့် တာကိုခေါင်းငုံ့ခံရမဲ့အခြေအနေပါ၊

ခုဆိုရင် အချုပ်သား တွေနဲ့ အကျဉ်းထောင်က လွှတ်ပေးမဲ့သူတွေ လွှတ်မလွှတ်ကို မသိရ သေးပေမဲ့ ကြိုတင်မဲပေး ရမယ်။ သက်ဆိုင်ရာ မြို့နယ်တွေကို အဲဒီမဲပေးလွှာတွေကို ပေးပို့ မယ်လို့ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုံးက တပ်မတော်သားတွေအများဆုံးနေထိုင် တဲ့မင်္ဂလာဒုံနဲ့ မှော်ဘီမြို့နယ်တွေ မှာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မရှုမလှ ကျဆုံးခဲ့ရတာကို စစ်အစိုးရမမေ့သေးပါဘူး။ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ဆန္ဒမဲကလဲ ခုဆိုအလွန်အရေးပါတဲ့ အခြေအနေဖြစ် နေပါပြီ။ လက်အောက်ခံ အရာရှိ၊အရာခံ၊ အကြပ်တပ်သားများ အနေနဲ့ လက်ရှိ စစ်အစိုးရရဲ့ လုပ်ဆောင်မှုတွေ၊ ဖိနှိပ်မှုတွေကို လက်တွေ့ခံစားနေရတဲ့ သူတွေ ဖြစ်တယ်။

မဖြစ်မနေမဲပေးဖို့ ကြုံတွေ့ လာပြီဆိုရင်တော့ မိမိတို့ခုခံစားနေရတဲ့ ဒုက္ခက လွတ်မြောက်အောင်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့လိုပါတယ်။ ၁၆ ရက်နေ့ ကြေးမုံနဲ့မြန်မာ့အလင်းသတင်းစာ တွေမှာ ရွေးကောက် ပွဲအောင်မြင်ရေး အတွက် မီဒီယာလုပ်ငန်းများက အစွမ်းကုန်ဆောင်ရွက် သွားရမယ်။ တနည်းအားဖြင့် ပြောရရင် ကြံ့ဖွံ့ အောင်နိုင်ရေးအတွက် မီဒီယာကို ယခုထက် ပိုမို ထိရောက် စွာဆောင်ရွက်သွားရမယ်လို့ သတိ ပေးလိုက်တာဖြစ်တယ်။ စစ်အစိုးရအနေ နဲ့ကြံ့ဖွံ့ပါတီ ထောက်ခံ မဲရဖို့ နိုင်ငံတ၀ှမ်း အနိုင်ရဖို့ သွေးရူးသွေးတန်းနဲ့ဆောင်ရွက် နေတာကို ဘယ်သူမှ မကန့်ကွက်နိုင်အောင် နည်းမျိုးစုံနဲ့ ဟန့်တားထားတယ်လို့ ပြောရမှာဖြစ်တယ်။

စစ်အစိုးရက နည်းမျိုးစုံနဲ့ကတိတွေပေးပြီးမဲရဖို့ဆောင်ရွက်နေပေမဲ့ ပေးထားတဲ့ကတိကို ဘယ်တော့မှ အကောင်အထည် ဖေါ်ပေးတာမရှိဘူးဆိုတာ ပြည်သူတွေသိထားဖို့လိုပါတယ်။မြန်မာပြည်သူများ အနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းပြီး အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်တဲ့ နေရာမှာ မဲမပေးပဲနေခြင်းကသာအကောင်းဆုံးဖြစ်ကြောင်းတင်ပြလိုက်ရပါ တယ်ခင်ဗျား။

0 comments:

Post a Comment