Sunday, October 31, 2010

Filled Under:

ကြံ့ဖွံ့ပါတီ ခြိမ်းခြောက်မဲတောင်း

ရွေးကောက်ပွဲကျင်းပဖို့ ၉ ရက်ပဲလိုပါတော့တယ် စစ်အစိုးရက ပထမလူထုကို အတိုးနှုံး သက်သာစွာနဲ့ ငွေချေးမယ်၊ ယာယီနိုင်ငံသားကဒ် ထုတ်ပေးမယ်၊ လမ်းပြုပြင်ပေးမယ် ဆိုတာတွေနဲ့ ချော့မော့ပြီးစည်းရုံးခဲ့ပါတယ်။ ပြည်သူလူထု ကစစ်အစိုးရထင်သလို အလွယ်တကူလိုက်ပါ ဆောင်ရွက်ခြင်းမရှိတာကို တွေ့ရတဲ့အခါမှာ နောက်နည်းလမ်းတခုကို ထပ်မံအသုံးပြုလိုက်ပါတယ်။ အဲဒါကတော့ ခြိမ်းခြောက်မဲပေးခိုင်းခြင်းပါပဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုမဲမပေးရင် လမ်းခင်းတာတွေ ဆက်မလုပ်တော့ဘူး၊ ငွေချေးယူထားပြီး ကြံ့ဖွံ့ကိုမဲမပေးရင် ထောင်ဒဏ် ၁ နှစ်ကျခံရမယ်စသဖြင့် ခြိမ်းခြောက်ပြီးမဲရဖို့အတွက် မတရားတဲ့နည်းလမ်းတွေ ကိုအသုံးပြုပြီး ခြိမ်းခြောက်စည်းရုံးနေပါတယ်။



တနိုင်ငံလုံးမှာနေထိုင် ကြတဲ့ပြည်သူတွေကိုလဲ ကြံ့ဖွံ့ကသာ အနိုင်ရနေပြီလို့ ထင်မြင်အောင် အလံအသစ်တွေတင် တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ် အသီးသီင်္းအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ကသာ ဦးဆောင်သွားမှာဆိုတဲ့ သဘောသက်ရောက်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေကိုလဲ ဆက်လက်ဆင်နွှဲနေတာကို တွေ့နေရပါတယ်။ တိုင်းသူပြည်သားတွေကို ကျောသား ရင်သားမခွဲခြားပဲ စီမံအုပ်ချုပ်ရမဲ့အစား ရန်သူလို၊ စစ်ဆင်ရေးတရပ်လို သဘောထားပြုမူနေတာတွေဟာ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ဆောင်ရွက် မှုတွေမဟုတ်ပါဘူး။ ကြံ့ဖွံ့ကိုမဲပေးရင် ဘာတွေလုပ်ပေးမယ်၊ ဆောင်ရွက် ပေးမယ်ဆိုတဲ့ကတိ စကားတွေကိုပြည်သူတွေ မယုံကြည်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ စစ်အစိုးရအနေနဲ့ ပေးခဲ့တဲ့ကတိတွေကိုဘယ်တုံးကမှ အကောင်အထည် ဖေါ်ဆောင်ရွက်ပေးခြင်းမရှိလို့ပါပဲ။

မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလ ၈၂ ယောက် အပါအ၀င် ကိုယ်စား လှယ်လောင်း ၃,၁၅၃ ယောက်က မဲဆန္ဒနယ်မြေပေါင်း ၁,၁၅၈ ခုမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်တယ် မဲပေးခွင့်ရှိသူ ၂၉ သန်းကျော်အနေနဲ့ နိုင်ငံတ၀န်းက မဲရုံပေါင်း ၄၀,၀၀၀ မှာ ဆန္ဒအလျောက် မဲပေးနိုင်ကြမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက သတင်းစာ ရှင်းလင်း ပွဲ မှာ ထုတ်ဖေါ်ပြောကြားလိုက်ပါပြီ။နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိကို စောင့်ကြည့် လေ့လာဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ သတင်းယူမဲ့ သတင်းဌာနတွေကို လာရောက်ခွင့်မပြုဘူးလို့လဲ အတိအလင်း ထုတ်ဖေါ် တားမြစ်ထားပါတယ်။ တကယ်တန်းရွေးကောက်ပွဲဆိုတာကလဲဟန်ပြလုပ်နေတာပါ။

စစ်အစိုးရအနေနဲ့ တရားမဲ့ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်လို့နိုင်ငံတကာကသိသွားမှာကိုစစ်အစိုးရကမလိုလားပါ ဘူး။ ဒါကြောင့်လဲနိုင်ငံတကာကစောင့်ကြည့်လေ့ လာမဲ့သူတွေနဲ့ သတင်းဌာန တွေကို ခွင့်မပြုတာဖြစ်တယ်။ နိုင်ငံတကာကအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်သင့် တယ်လို့ ပြောနေတာမို့ ဒီမိုကရက်တစ်အင်အားစုတွေကိုရွေးကောက်ပွဲမှာ ပါဝင်တယ်လို့ပြောနိုင်အောင် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ပေးပြီး ပါဝင်စေခဲ့တာဖြစ်တယ်။ တကယ်တန်းမဲဆွယ် စည်းရုံးပိုင်ခွင့်ကိုတော့ အကန့်အသတ်နဲ့ပဲခွင့်ပြုပြီးလုပ်ကိုင်စေခဲ့တာပါ။

ဒုတိယအင်အား အကြီးမားဆုံးလို့ပြောနိုင်တဲ့ တစညပါတီကိုတောင်မှ အချို့နေရာတွေမှာယှဉ်ပြိုင်ခွင့်မပြု ခဲ့ပါဘူး။ မြို့နယ် ၅၄ မြို့နယ်မှာ ယှဉ်ပြိုင်အရွေးခံမဲ့သူမရှိလို့ ရွေးကောက်ပွဲတောင်မလုပ်ရ သေးဘူး ရွေးချယ်ပြီးသားဖြစ်နေပြီလို့ ဆိုပြန်တယ်။ အမည်စာရင်းတင်သွင်းထားသူတွေကို ပြည်သူတွေကမဲမပေးလဲ ရွေးချယ်ခံရမဲ့သဘော ဖြစ်နေပါပြီ။ အရေးပါတဲ့မြို့နယ်တွေမှာ ၀င်ရောက်အရွေးချယ်ခံမဲ့ကိုယ်စားလှယ်တွေကို ငွေပေးပြီး ရွေးကောက်ပွဲကိုယ်စားလှယ် အဖြစ်က နှုပ်ထွက်ခိုင်းနေတယ်လို့ကြားသိနေရ ပါတယ်။

ပထမငွေပေးပြီးစည်းရုံးမယ်။ ဒါမှမရရင်အဲဒီရွေးချယ်ခံမဲ့ကိုယ်စားလှယ်ကို နည်းမျိုးစုံနဲ့အန္တရာယ်ပေးပြီးရွေးကောက်ပွဲမှာ အရွေးချယ်မခံရအောင်လုပ်မယ်၊ဒါက စစ်အစိုး ရရဲ့သဘောထားအမှန်ပဲဖြစ်တယ်။ အနာဂါတ်မှာ စစ်အစိုးရဆောင်ရွက်မဲ့ စီးပွားရေးလုပ်ငန်း တွေ၊ ညူးကလီးယား စက်ရုံ စီမံကိန်းတွေ၊ မိသားစုအကျိုးစီးပွားတွေအတွက် ၂၀၁၀ ရွေးကောက်ပွဲက စစ်အစိုးရ အတွက်အလွန်မှပင် အရေးပါတယ်၊ ရွေးကောက်ပွဲမှာ အနိုင်မရလို့ မဖြစ်ဘူးဒါ့ကြောင့်လဲ နည်းမျိုးစုံနဲ့အနိုင်ရအောင်လုပ်ဆောင်နေတာဖြစ်တယ်။

ကုလသမဂ္ဂနဲ့နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နဲ့ အထင်ကရတိုင်းရင်းသား ခေါင်းဆောင်တွေ မပါဝင်တဲ့ ရွေးကောက် ပွဲဟာတရားမျှတမှုရှိမှာမဟုတ်ဘူးဆိုတာကို သတိပေးပြောကြားနေပေမဲ့ စစ်အစိုးရက တော့ တရားဝင်အစိုးရဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းနိုင်ဖို့ အဟန့်အတားမရှိလုပ် ဆောင်နေပါပြီ။ ပြည်သူတွေအနေ နဲ့လုပ်နိုင်တာ ကတော့ စစ်အစိုးရကျင်းပတဲ့ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲ ဆန့်ကျင် ဖို့ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာမဲစာရင်းအရ မဲပေးနိုင် တဲ့သူ ၅၁ ရာခိုင်နှုန်းကမဲပေးရင် ရွေးကောက် ပွဲအထမြောက်တယ် လို့ပြည်သူ့လွှတ် တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၀(ဂ) မှာ ပြဌာန်း ထားတာ ကိုတွေ့ရမှာဖြစ်တယ်။ မဲပေးနိုင်တဲ့ ပြည်သူတွေထဲက ၅၁ ရာခိုင်နှုန်းကမဲမပေးပဲ နေခဲ့ရင် ရွေးကောက်ပွဲအထမမြောက် ဘူးလို့ ဆိုရမှာဖြစ်တယ်။ စစ်အစိုးရက မဲရဖို့အတွက် အတင်းအကြပ် စီမံထားတာတွေကိုတွေ့နေရပါတယ်။ ပြည်သူတွေကိုယ်တိုင်က ပူးပေါင်း ဆောင်ရွက်ခြင်းမပြုရင် စစ်အစိုးရ အနေနဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရမှာပါ။ အာဏာပိုင် အဖွဲ့အစည်းက စည်းရုံးလို့ပဲဖြစ်ပါစေ၊ ငွေကြေးနဲ့ ၀ယ်ယူထားတဲ့ မဲပဲဖြစ်ပါစေ မဲပေးရွေးချယ် ရမဲ့နေ့မှာ ပြည်သူတွေကိုယ်တိုင်မဲမပေးရင် ဘာမှမတတ်နိုင်ပါဘူး။

မဲမပေးတဲ့အတွက် အရေးယူအပြစ်ပေးမယ် ဆိုတာကလဲ မြန်မာပြည်သူတွေရဲ့ အားနည်းချက်ကိုသိလို့ စစ်အစိုးရ ကခြောက်လှန့် နေတာ ဖြစ်တယ်။ဒါကိုလဲပြည်သူတွေသိဖို့လိုပါတယ်။ ဒါကြောင့်လဲမဲမပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူတွေကို လိုက်လံစည်းရုံးနေရတာ ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာမဲမပေးလဲကြံ့ဖွံ့က အစိုးရဖွဲ့ဖြစ်အောင်ဖွဲ့မှာပဲ ဒီတော့ ငါတို့လဲအန္တရာယ်မဖြစ်အောင်ကြံ့ဖွံ့ကိုသာမဲပေးလိုက်ရင်ပြီးတာပဲလို့ပြည်သူတွေထင်ယောင် ထင်မှားဖြစ်အောင်စစ်အစိုးရက လုပ်ဆောင်နေတာပါ။ဒါကိုပြည်သူတွေသိနားလည်ပြီးမှန်ကန် တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ပါစေ။
အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး အာအက်ဖ်အေအတွက် ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment