Tuesday, June 07, 2011

Filled Under:

ဥပဒေမဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုများနဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်များ အတွင်း ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့သူများ ဒါမှမဟုတ် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ၂၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ မြန်မာနိုင်ငံ က ထုတ်ပြန်ထားပါတယ်။


ဥပဒေမဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုတာနဲ့ပတ်သက်လို့ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ အများအပြား ရှိပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ လက်အောက်မှာ ရှိတဲ့ ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတာဟုတ်၊ မဟုတ်ဆိုတာကို သုံးသပ်တဲ့ အဖွဲ့အနေနဲ့ အခြေခံ သတ်မှတ်ထားတဲ့ အဆင့် ၃ ဆင့် ရှိပါတယ်။


ပထမအဆင့်ကတော့ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိပဲ ဖမ်းဆီးချုပ်နှောင်ထားတာ၊ ဥပဒေမဲ့ လွတ်ရက်မရှိ၊ လွတ်မြောက်မဲ့ရက် မသေချာပဲဖမ်းဆီး ထိန်းသိမ်းထားတာ၊ အကြောင်းပြချက် တစုံတရာ ခိုင်ခိုင်လုံလုံမရှိပဲ ဖမ်းဆီးထိန်းသိမ်းထားတာကို မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံရတဲ့အဆင့် ၁ အဖြစ် သတ်မှတ်ထားပါတယ်။


ဒုတိယအဆင့်အနေနဲ့ ဥပဒေမဲ့မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့ကိစ္စရပ်များ ကတော့ နိုင်ငံတကာက လိုက်နာပါမယ်လို့ လက်မှတ်ရေးထိုးတားတဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ လူ့အခွင့်အရေး အချက် ၃၀ ပါခံစားခွင့်များနဲ့ နိုင်ငံတကာ ပဋိညာဉ် စာချုပ်တခုဖြစ်တဲ့ နိုင်ငံသားနဲ့နိုင်ငံရေး အခွင့်အရေးစာချုပ်ပါ အချက်များကို ချိုးဖေါက်ခံရတာနဲ့ ပတ်သက်လို့ ဖေါ်ပြအရေးဆိုတာ၊ ဥပမာ လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စတာတွေနဲ့ ပတ်သက်တဲ့ နိုင်ငံသားတဦးရဲ့ အခြေခံ အခွင့် အရေးတွေ တောင်းဆိုတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခံရရင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်း ခံရခြင်းအဆင့် ၂ အဖြစ်သတ်မှတ်ထားပါတယ်။


တတိယအဆင့် အနေနဲ့မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတယ်လို့ သတ်မှတ်တာကတော့ အထက်ကဖေါ်ပြခဲ့တဲ့ အဆင့် ၂ မှာ ပါတဲ့ လူတဦးချင်းစီရဲ့ အခြေခံ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်လို့ ချိုးဖေါက်ခံရ၊ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးတရားရုံးမှာ တရားစွဲဆိုခြင်း ခံရတဲ့အခါမှာ နိုင်ငံတကာ ကသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလိုက်နာရမဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေစံချိန် စံနှုန်းတွေ၊ ပြည်တွင်းမှာ အတည်ပြုပြဌာန်းထားတဲ့ ဥပဒေ နည်းဥပဒေတွေနဲ့အညီ မဟုတ်ပဲ စစ်ဆေးစီရင်ခြင်း ခံရတာတွေ ကို အဆင့်၃ အဖြစ်သတ်မှတ်ပါတယ်။


နောက်မှုခင်းများ စစ်ဆေးစီရင်ရာမှာ တရားရုံးများအနေနဲ့ လိုက်နာရမဲ့ အနိမ့်ဆုံး စံချိန်စံနှုန်းတွေ ရှိပါတယ်။ အများပြည်သူရဲ့ ရှေ့မှောက်မှာ မှုခင်းများကို စစ်ဆေးစီရင်ရမယ်လို့ တရားစီရင်ရေးဆိုင်ရာ လိုက်နာ ရမဲ့မူများအဖြစ် နိုင်ငံတကာက လက်ခံကျင့်သုံးပါတယ်။ အဲဒီလို အများပြည်သူရှေ့မှာ စစ်ဆေးစီရင်ခြင်းမရှိပဲ အင်းစိန် အကျဉ်းထောင် အတွင်းက အထူးတရားရုံးမှာ မိသားစုဝင်တွေတောင်မှ တက်ရောက် ကြားနာခွင့်မရှိပဲ စစ်ဆေးစီရင်နေတဲ့ ကိစ္စရပ် တွေ၊အမှုတွေကို စစ်ဆေးစီရင်တဲ့အခါ တရားမျှတမှုရှိတယ်၊ ဘက်လိုက်မှု ကင်းတယ်ဆိုတာကို ပြည်သူတွေထံ တင်ပြမဲ့ သတင်းဌာနတွေကို သတင်းယူခွင့် ပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။


တရားစီရင်ရေးဆိုင်ရာ မူတခုကတော့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ၊ စွပ်စွဲခံထားရသူကို ဥပဒေနဲ့အညီ ရှေ့နေရှေ့ရပ်များနဲ့ ခုခံချေပခွင့်ပေး ရပါတယ်။ သေဒဏ်ထိုက်သင့်တဲ့ အမှုများကို အစိုးရ ကိုယ်တိုင်က တရားခံအတွက် လိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေ ငှားရမ်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ် ဆောင်ခဲ့ခြင်းမရှိတဲ့ အမှုကိစ္စတွေ၊ မှုခင်းစစ်ဆေး စီရင်ခြင်းမပြုမှီနဲ့ စစ်ဆေးနေစဉ် အတွင်းမှာ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေအကျိုးဆောင်နဲ့ လွတ်လပ်စွာတွေ့ဆုံ ဆွေးနွေးတိုင်ပင်ခွင့် စတာတွေကို ခွင့်မပြုတဲ့ ကိစ္စရပ်တွေ၊ ဟာတရားစီရင်ရေးဆိုင်ရာ လိုက်နာရမဲ့ စံများနဲ့ ဆန့်ကျင်ပါတယ်။


နောက်တရားစီရင်ရေးဆိုင်ရာ မူတခုကတော့ တရားစီရင်ရေးအဖွဲ့ အနေနဲ့မှုခင်းကို စစ်ဆေးပေါ်ပေါက်ချက်များ အပေါ်အခြေခံပြီး ဥပဒေနဲ့အညီ လွတ်လပ်စွာ စစ်ဆေး စီရင်ခွင့်တွေကို ခွင့်ပြုပေးရမှာဖြစ်တယ်။ ဥပမာအားဖြင့် မှုခင်းများစစ်ဆေးစီရင်တာကို အာဏာပိုင် အဖွဲ့အစည်းက၀င်ရောက်စွက်ဖက်ခြင်းမပြုရပါဘူး။ နိုင်ငံတော်လုံခြုံရေး ကိုထိပါးစေတယ်။


ဟန့်တားလောက် တဲ့ပြစ်ဒဏ် ပေးဖို့လိုတယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို တရားစီရင်ရေးအဖွဲ့ တွေကိုပေးပို့ နေတဲ့ကိစ္စတွေစာ နိုင်ငံတကာ လိုက်နာရမဲ့ တရားစီရင်ရေးဆိုင်ရာ စံချိန်၊စံနှုန်းများနဲ့ ချိန်ထိုးကြည့်လိုက်လို့ ကိုက်ညီမှုတွေမရှိဘူး ဆိုရင်ဖြင့် ကုလသမဂ္ဂ လူ့ခွင့်အရေးကောင်စီက ဥပဒေမဲ့ မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်းဖြစ်တယ် လို့ သတ်မှတ်ပါတယ်။


အရှေ့တောင်အာရှနိုင်ငံများမှာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထား ရတဲ့သူများကို စစ်ဆေးစီရင်တဲ့ အခါမှာ နိုင်ငံ တကာက ပြဌာန်းထားတဲ့ အနိမ့်ဆုံး စံချိန်စံနှုန်းတွေနဲ့အညီ စစ်ဆေးစီရင် ကြောင်းကို မီဒီယာတွေကတဆင့် ဖေါ်ပြကြပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှားဘာလီကျွန်း ဗုံးဖေါက်ခွဲမှုမှာ အစ္စလာမ် ဘာသာရေး အစွန်းရောက် အဖွဲ့ခေါင်းဆောင်တွေကို တရားရုံးရှေ့လုံခြုံရေး အစောင့်အရှောက်များနဲ့ပို့ပြီး အများပြည်သူ များရဲ့ရှေ့မှောက်မှာ စစ်ဆေးစီရင်ပါတယ်။


ထိုင်းနိုင်ငံမှာဆိုရင်လဲ သီရိလင်္ကာနိုင်ငံကို တင်ပို့မဲ့လက်နက်မှောင်ခိုရုရှနိုင်ငံ သားကို အများပြည်သူရဲ့ ရှေ့မှောက်မှာပဲ စစ်ဆေးစီရင်တာကို တွေ့ရမှာဖြစ်တယ်။ ၁၉၈၈ အရေးအခင်း မဖြစ်ပွားမှီအချိန်က မဟာဗန္ဒုလပန်းခြံလမ်း၊ ဘားလမ်းအထက် ဘလောက်က စိန်ပွဲစားဦးအောင်ခင်ကို အသံတိတ်သေနတ်နဲ့ ပစ်သတ်ပြီး စိန် တွေလုယူသွားတဲ့ အမှုဖြစ်ပွားခဲ့တဲ့အမှုကို ကျောက်တံတားတရားရုံးမှာ အများပြည်သူရှေ့မှောက်မှာပဲ စစ်ဆေးစီရင်ခဲ့ပါတယ်။


တရားခံအတွက် လိုက်ပါဆောင်ရွက်ပေးဖို့ အစိုးရကငှားရမ်းပေးတဲ့ရှေ့နေ အကျိုးဆောင်တွေကို တရားခံက မကြိုက်လို့ တယောက်ပြီးတယောက်ေ ပြောင်းခဲ့တာကိုလဲတွေ့ရပါတယ်။ နောက်ဆုံး တရားရုံးချုပ်ရှေ့နေ ဒေါ်မြင့်မြင့်ခင် ကတာဝန်ယူပြီး လိုက်ပါဆောင်ရွက် ပေးခဲ့ရပါတယ်။ တရားရုံးကို တင်ပို့ပေးနိုင်ဖို့ လမ်းကြောင်းလုံခြုံရေးကို ရဲကတာဝန်ယူပြီး တရားရုံးရှေ့တင်ပို့ စစ်ဆးခဲ့တာပါ။ 

မဆလလက်ထက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့အရေးယူခြင်းခံရတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်အမှု၊ ကိုရီးယားဖေါက်ခွဲရေးသမား ဇင်မိုနဲ့ကင်မင်ချုးတို့ ရဲ့အမှုတွေကို လူအများ တက်ရောက်နားထောင် ခွင့်မပြုတာတောင်မှ သတင်းမီဒီယာဖြစ်တဲ့ သတင်းစာတွေက တဆင့်ကြားသိဖတ်ရှု ခဲ့ရပ်ါတယ်။


ဒါတွေက တရားစီရင် ရေးမှာ အာဏာပိုင်တွေအနေနဲ့ဘက်လိုက်မှုမရှိပဲ၊ မျှတတဲ့တရား စီရင်ရေးကိုဖေါ်ဆောင် နေတယ်ဆိုတာကို ပြည်သူတွေ သိအောင် တဖက်က ကြိုးပမ်းဆောင်ရွက်တာလို့ ဆိုနိုင်ပါတယ်။ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့သူများရဲ့အမှုများကိုတော့ အင်းစိန်ထောင်အတွင်း ဖွင့်လှစ်ထားတဲ့ အထူးတရားရုံး များမှာ စစ်ဆေးစီရင်နေတဲ့ ကိစ္စရပ်ဟာ နိုင်ငံတကာက တရားရုံးများအနေနဲ့ လိုက်နာဆောင်ရွက်ရမဲ့ အနိမ့်ဆုံး စံချိန်စံနှုံးတွေနဲ့ကိုက်ညီခြင်းမရှိတာကိုတွေ့ရမှာဖြစ်တယ်။


၂၀၀၇ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုတွေမှာ ပါဝင်လို့ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့သူတွေကို ကျိုက္ကဆံ။အောင်သပြေ၊ဂျီတီအိုင် အစရှိတဲ့ စစ်ကြောရေးစခန်းတွေကို ပို့ပြီး ဖမ်းဆီးနှိပ်စက် စစ်ကြောမှုပြုတာတွေ၊ တရားရုံးရဲ့ချုပ်မိန့်တစုံတရာမရှိပဲ နိုင်ငံသားတဦးကို ဥပဒေမဲ့ ဖမ်းဆီး၊ နှိပ်စက် စစ်ကြောမေးမြန်းတာတွေဟာ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထိန်းသိမ်းခြင်းလို့ပြောနိုင်ပါတယ်။ 

စစ်ကြောရေးစခန်းအသီးသီးမှာ နှိပ်စက်ညှင်းပန်းပြီး ရယူထားတဲ့ သတင်းအချက်အလက်တွေနဲ့ အပြစ်ပေးနိုင်ဖို့ တရားရုံးကို တင်ပို့တဲ့အခါမှာလည်း လူအများဝင်ရောက် နားထောင်နိုင်ခြင်းမပြုနိုင်တဲ့ အင်းစိန်ထောင်တွင်းက အထူးတရား ရုံးတွေမှာ ရှေ့နေ၊ အကျိုးဆောင်တွေလိုက်ပါဆောင်ရွက်ခွင့်မပြုပဲ အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ် အပြစ်ပေးခဲ့တယ်။


ဒါတွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဥပဒေမဲ့မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုတဲ့ စံများနဲ့နှိုင်းယှဉ်ကြည့်ရင် တရားစွဲအဖွဲ့အစည်းများနဲ့ တရားစီရင်ရေးအဖွဲ့များက ဥပဒေပြဌာန်းချက်များနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိဘူး ဆိုတာကို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။


ဒါကြောင့်လဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကျင်းပတဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ် အဖွဲ့ ကို မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့သူတွေ အမြန်ဆုံး လွှတ်ပေးဖို့ တောင်း ဆိုနေတာ ဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားဖြစ်မှ ဥပဒေမဲ့ဖမ်းဆီးထိန်း သိမ်းခြင်း ခံထားရတယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး၊ ဥပဒေကခံစားခွင့် ပြုထားတဲ့ အချက်တွေကို ကျူးလွန်ဖေါက်ဖျက်ခြင်းခံရတဲ့ သူတွေရဲ့ အမှုကိစ္စတွေ လဲပါဝင်တယ်ဆိုတာကို သိထားကြဖို့ လိုပါတယ်။


မြန်မာနိုင်ငံအစိုးရကတော့ နိုင်ငံတကာကို မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမှုတွေနဲ့ပတ်သက်ပြီးဖမ်းဆီးထိန်း သိမ်းထားတာတွေမရှိဘူး၊ ပြစ်မှုဆိုင်ရာအမှုတွေကို ကျူးလွန်လို့ ဖမ်းဆီးထိန်းသိမ်း ထားရတာပါလို့အကြောင်းပြပြီး နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်နေဆဲ ဖြစ် ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။


အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦး အာအက်ဖ်အေသို့ ပေးပို့ထားသော ဆောင်းပါးဖြစ်သည်။

0 comments:

Post a Comment