Tuesday, June 07, 2011

Filled Under:

နိုင်ငံရေးအကျဉ်းသားများနဲ့ အစာငတ်ခံဆန္ဒပြခြင်း

မင်းလွင်ဦး


မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင် ၄၂ ခုနဲ့ ရဲဘက်စခန်း၁၀၉ ခုမှာ ဖမ်းဆီး အကျဉ်းချ ခံထားရတဲ့သူ ၆၀၀၀၀ ကျော် ရှိတဲ့အနက် ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံထားရသူ ၂၀၀၀ ကျော် ရှိပါသေးတယ်။ ယခင် စစ်အစိုးရနဲ့ ယခုအစိုးရ သစ်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ မရှိပါဘူး။ ပြစ်မှုဆိုင်ရာ မှုခင်းတွေနဲ့ အရေးယူ အပြစ်ပေးခြင်း ခံနေရတဲ့ သူတွေပဲ ရှိတယ်လို့  နိုင်ငံတကာကို ယနေ့တိုင် ပြောနေဆဲ ဖြစ်ပါတယ်။

ဘယ်လိုနည်းနဲ့ပဲ အကျဉ်းကျနေပါစေ၊ အကျဉ်းထောင်ထဲ ရောက်တဲ့ သူတိုင်းမှာ အကျဉ်းသားတွေရဲ့ အခွင့်အရေး ဆိုတာရှိပါတယ်။ အာဏာပိုင် အစိုးရ အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေး၊ စား ၀တ် နေရေး ကအစ စံနစ်တကျ စီမံခန့်ခွဲပေးရမှာ ဖြစ်သလို အကျဉ်းသားများ ခံစားရမဲ့ ခံစားခွင့် တွေကိုလဲ ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ 

အကျဉ်းထောင်များကို စီမံခန့်ခွဲ အုပ်ချုပ်တဲ့အခါ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ပတ်သက်လို့ အင်္ဂလိပ်ကိုလိုနီ လက်ထက်က ပြဌာန်းခဲ့တဲ့ ၁၈၉၄ အကျဉ်းထောင်များ အက် ဥပဒေနဲ့ ဥပဒေကို အကောင်အထည် ဖေါ်ပေးတဲ့ အကျဉ်းထောင် လက်စွဲတို့နဲ့အညီ စီမံအုပ် ချုပ်ရမှာ ဖြစ်တယ်။ နိုင်ငံခြား တိုင်းတပါး လက်အောက်ကျရောက် စဉ်က ပေးအပ်ထားတဲ့ အကျဉ်းသားများရဲ့ အခွင့်အရေးတွေကို ကိုယ့်လူမျိုး အချင်းချင်း ပြန်လည်အုပ်ချုပ်တဲ့ အချိန်ကာလမှာ တိုးမြှင့်ပေးဖို့ ကောင်းပေမဲ့ ယခင်ကထက် ပိုကောင်းမလာပဲ ဆိုးသထက်ပို ဆိုးရွားလာတာကို တွေ့ရမှာဖြစ်တယ်။

မေလ ၂၂ ရက်နေ့ ကစလို့ ရန်ကုန်အင်းစိန် အကျဉ်းထောင် အတွင်းမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသူများနဲ့ အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြ နေကြပါတယ်။ တောင်းဆိုထားတဲ့ အချက် အလက်တွေဟာ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေ မဟုတ်ပါဘူး။ 

အကျဉ်းကျ ခံနေရသူတိုင်း ရသင့်ရထိုက်တဲ့ ခံစားခွင့်များနဲ့ ပတ်သက်လို့ သတ်မှတ် ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ခံစားခွင့်ရစေဖို့ ရည်ရွယ်ပြီး အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ တနှစ်လျော့ပေါ့  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက် လာသူတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော်မျှသာ ပါဝင်တာကို တွေ့ရတာ ဖြစ်တယ်။ ဒီပြန်လည် လွတ်မြောက် လာတဲ့သူတွေဟာ သာမန် အကျဉ်းသားတွေလို သတ်မှတ်လျော့ရက်တွေ ခံစားခွင့်ရရင် လွတ်မြောက် လာတာကြာပြီလို့တောင် ဆိုနိုင်ပါတယ်။

အကျဉ်းထောင် အက်ဥပဒေမှာ မည်သည့် ပြစ်မှုမျိုးနဲ့မဆို အကျဉ်းထောင်ကို ရောက်လာရင် ဘယ်လို လက်ခံထားရှိရမယ်၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးကအစ ဘယ်လို   စောင့်ရှောက်မှု ပေးရမယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို အစားအစာတွေ ကျွေးမွေးရမယ် ဆိုတာတွေကို အကျဉ်းထောင် လက်စွဲမှာ အတိအကျ ပြဌာန်းထားပါတယ်။ 


အကျဉ်းထောင်ကသာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေ အတိုင်း ဖမ်းဆီး အကျဉ်းချထား သူများကို ကျွေးမွေး ရင်ပြင်ပမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များ အနေနဲ့ ထောင်ဝင်စာ သွားတွေ့တဲ့ အခါမှာ အစား အသောက်တွေ ထွေထွေထူးထူး ယူသွားစရာတောင် မလိုပါဘူး။ ထောင်က ကျွေးမွေးတဲ့ အစားအသောက် တွေသာ သတ်မှတ်ပုံစံအတိုင်း အပြည့်အ၀ ကျွေးမယ်ဆိုရင် ယခုလို ကျန်းမာရေး ချို့တဲ့တဲ့ အဖြစ်တွေ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ 

မေလ ၂၂ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြ တောင်းဆိုတဲ့ အချက်တွေကို ကြည့်ရင် အကျဉ်းထောင် လက်စွဲ ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များ အားလုံးကို အပြည့်အ၀ ရရှိရေးအတွက်  တောင်းဆို ထားတာကို တွေ့ရမှာ ဖြစ်တယ်။ ဥပဒေက ခွင့်ပြုထား တဲ့ တောင်းဆိုချက်တွေကို ဘာလို့ တောင်းဆို   နေရတာလဲလို့ မေးရင်တော့ ဥပဒေနဲ့ အညီ ခံစားခွင့် မရတဲ့အတွက် အခုလို အစာငတ်ခံ         ဆန္ဒပြ နေတာပါလို့ ပဲ ဖြေရမှာ ဖြစ်တယ်။


နိုင်ငံတကာ အစိုးရများ အနိမ့်ဆုံး လိုက်နာရမဲ့ အကျဉ်းထောင်များရဲ့ စံချိန် စံညွန်းနဲ့ အညီ မရတဲ့အတွက် ယခုလို တောင်းဆိုကြရတာ ဖြစ်တယ်။ ဒါကြောင့်လဲ နိုင်ငံတကာ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ကင်တားနားတို့က စိုးရိမ်ပူပန်စွာနဲ့ အနီးကပ်စောင့်ကြည့်နေမှာ ဖြစ်ကြောင်း မြန်မာအစိုးရကို သတိပေး ခဲ့ပါတယ်။


နေပြည်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ အင်းစိန်ထောင် အတွင်း လာရောက်စုံစမ်းစဉ် ကာလမှာတော့ ပြစ်ဒဏ်တိုက်ကို သီးခြားပို့တိုက် ပိတ်ထားတဲ့ သူတွေအားလုံးကို အဆောင်ပြန်လည် ပို့ဆောင်ပေးပြီး ဆန္ဒပြသူများနဲ့ ဆွေးနွေး မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ဆုံးသိရတဲ့ သတင်းတွေအရ အကျဉ်းသားများ လူ့ဂုဏ်သိက္ခာနဲ့ အညီသတ်မှတ်ထားတဲ့ ၀တ်စုံဝတ်ဆင်နိုင်ဖို့ ဟောင်းနွမ်းစုပ်ပြတ်နေတဲ့ အ၀တ်အစားကို ၆လတကြိမ် လဲလှယ်ပေးဖို့ကိစ္စ၊ သတ်မှတ်ထားတဲ့ စံညွန်းတွေနဲ့အညီ အစားအသောက် ကျွေးမွေးဖို့ ကိစ္စတွေကို ဘဏ္ဍာရေးမလုံလောက် တဲ့အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးဆိုပြီး ငြင်းပယ်ခဲ့တယ်လို့ သိရပါ တယ်။

နိုင်ငံတကာရှိ အကျဉ်းထောင် အာဏာပိုင်များ လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂက
လူ့အခွင့်အရေးများနဲ့ အညီ လိုက်နာဆောင်ရွက်ဖို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများ ရှိပါတယ်။ ဒီစံချိန် စံညွှန်းတွေကို နိုင်ငံတကာ အစိုးရများ ပါဝင်တက်ရောက် လက်မှတ်ရေးထိုး သဘောတူညီ ခဲ့ကြတာဖြစ်တယ်။ 


လူ့ဂုဏ်သိက္ခာနဲ့ ညီအောင် နေထိုင်အသက်ရှင် နေထိုင်ခွင့်ပေးဖို့၊ သန့်ရှင်း တဲ့ သောက်သုံးရေ လုံလောက်တဲ့ အစားအစာနဲ့ အ၀တ်အစားတွေကို အာဏာပိုင်တွေက ဖြည့်ဆည်းပေးဖို့ လိုအပ်သလို၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အကျဉ်းသားဦးရေနဲ့ ညီမျှတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေထားရှိပေးဖို့ လိုအပ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ အချို့ အကျဉ်းထောင်တွေမှာ ဆရာဝန်မပြောနဲ့ ကျန်းမာရေး ၀န်ထမ်း တောင် ခန့်အပ်ထားခြင်းမရှိပါဘူး။


ဖမ်းဆီးအကျဉ်းကျ ခံနေရသူများကို အကျဉ်းသား အချင်းချင်း နှိပ်စက် ညှင်းပန်းမှုမရှိအောင် ထားရှိဖို့၊ အာဏာပိုင်များအနေနဲ့ အကျဉ်းသားတွေကို အကျဉ်း ထောင်ဥပဒေ ချိုးဖေါက်လို့ အပြစ်ပေးရင် ဘယ်လောက်အထိပဲ တိုက်ပိတ်ထားနိုင်တယ်၊ အကျဉ်းသားတွေနဲ့ အဓိကရုဏ်း ဖြစ်ရင်တောင်မှ အသက်သေဆုံးသည်အထိ အင်အားသုံး မနှိမ်နင်းပဲ ဖမ်းဆီးထိန်းသိမ်းဖို့ စတာတွေကို အတိအကျ သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေပြဌာန်း ချက်တွေကို ကျူးလွန်ဖေါက်ဖျက်တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့အထိ လိုက်နာရမဲ့ အခြေခံ မူတွေကို ချမှတ်ပြဌာန်း ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ အစိုးရကတော့ နိုင်ငံတကာက လိုက်နာရမဲ့ စံချိန်စံညွှန်းတွေကို မလိုက်နာတဲ့ အပြင် မြန်မာနိုင်ငံအတွင်းမှာ လိုက်နာကျင့်သုံးနေတဲ့ အကျဉ်းထောင် အက်ဥပဒေနဲ့ အကျဉ်းထောင် လက်စွဲပါ အချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ ဝေးကွာတဲ့ ဒေသတွေ ပို့ဆောင်ထားပြီး မိသားစုဝင်များကိုပါ ထပ်ဆင့်ပြစ်ဒဏ်ပေး ထားသလို ဖြစ်နေတာကို တွေ့ရမှာဖြစ်တယ်။

 မြန်မာနိုင်ငံအတွက် ခန့်အပ်ထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့အထူး ကိုယ်စားလှယ် ကင်တားနားကတော့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အာဏာပိုင် အစိုးရ ကိုယ်တိုင်က ကျူးလွန်ဖေါက်ဖျက်မှု တွေရှိနေတယ် ဆိုတာကို အစီရင်ခံအုံးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

0 comments:

Post a Comment