Tuesday, May 31, 2011

Filled Under:

လယ်ယာမြေသိမ်းယူမှုများနဲ့အစိုးရသစ် Land confiscation cases and new government

မင်းမြတ်ကျော်

အစိုးရသစ်အနေနဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်ရာမှာ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေးပါ၊ ဖမ်းဆီးထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေကို လွတ်ပေးပါ၊ ပြည်တွင်း စစ်ရပ်စဲ ရေးတို့ကို ဆောင်ရွက်ပါလို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရတွေက တောင်းဆိုနေတာကို အမိန့် အမှတ် ၂၈/၂၀၁၁ နဲ့ အစိုးရသစ်က အဖြေပေး လိုက်ပါပြီ။ 

ယခင် စစ်အစိုးရနဲ့ ယခုတက်လာတဲ့ အစိုးရသစ်ဟာ အတူတူပါပဲ ဘာမှ မထူးခြားပါဘူးလို့ လုပ်ဆောင်ချက်နဲ့ သက်သေပြ လိုက်ပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်လို့ သတ်မှတ်မရတဲ့ တနှစ်ပြစ်ဒဏ် လျော့ပေါ့ပေးတာကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန် ကြေငြာတာ ဖြစ်တဲ့အတွက် သမတရဲ့ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် မရှိဘူး။ အရာရာကို စစ်တပ်ကသာ ချုပ်ကိုင် ထားတယ်။ တပ်မတော်ရဲ့ သဘောထား အမှန်ကတော့ ယခုလိုပါပဲ ဆိုတာကို ပြတ်သားရှင်းလင်းစွာ ဖေါ်ပြအသိပေး လိုက်တာဖြစ်တယ်။ 


ပြည်တွင်းက တိုင်းသူပြည်သားတွေ တောင်းဆိုနေတဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုအခွင့် အရေးတွေ တောင်သူ လယ်သမားများနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အစိုးရသစ်က ဆွေးနွေး တိုင်ပင်နေ ပါပြီ၊ မကြာခင် အကောင် အထည် ပေါ်လာတော့ မှာပါလို့ နိုင်ငံရေး ပါတီတွေနဲ့ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များ ကလဲ အကောင်းဖက်က မျှော်လင့်နေကြပါတယ်။ လယ်ယာမြေ အသိမ်းခံ နေရတာ နေ့စဉ်ကြုံ တွေ့နေရ သလို အဓမ္မခိုင်းစေခြင်း ခံရတာနဲ့ ကလေးစစ်သား စုဆောင်း နေတာကလဲ ယနေ့တိုင် ကြားနေရဆဲ ဖြစ်ပါတယ်။

တောင်သူလယ်သမားများ အခွင့်အရေးနဲ့ ပတ်သက်လို့ ကတော့ ကံမမြို့နယ် စစ္စရံကျေးရွာက တောင်သူလယ် သမား တွေရဲ့ အမှုကို စစ်ဆေးစီရင်တာကို ဥပမာ ပြလိုပါတယ်။ ထူးကုမ္ပဏီနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို ကျူးကျော်ပြီး တော့ စတစ်စက်ရုံ တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ တောင်သူ လယ်သမားတွေက ပိုင်နက် ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု စတာတွေနဲ့ အရေးယူပေးဖို့ ကံမမြို့နယ် တရားရုံးကို ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ပါတယ်။ 

တရားရုံးက မှုခင်း ဖြစ်ပျက်ပုံကို ရဲစုံစမ်းမှု ပြုလုပ်စေတဲ့ တောင်သူ လယ်သမားတွေက လယ်ယာမြေတွေ ကျူး ကျော် ဖျက်ဆီးခံရ တာကို သက်သေခံဓါတ်ပုံ အထောက်အထား တွေနဲ့အတူ တင်ပြခဲ့ပေမဲ့ ဖြစ်ရပ်မှန်တွေကို ချန်လှပ်ပြီး မပြည့်စုံတဲ့ ရဲစုံစမ်းမှု အစီရင်ခံ စာရေးသားပြီး တရားရုံးကို တင်ပြခဲ့ပါတယ်။ ဒါကြောင့် အချက်အလက် မခိုင်လုံလို့ တရားစွဲဆို ခွင့်မရှိဘူးဆိုပြီး တရားရုံးက အမှုကို ပလပ်ခဲ့ပါတယ်။

တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုကို အားကိုးတဲ့ သာမန်တောင်သူ လယ်သမားများ အနေနဲ့ တရားဥပဒေရဲ့ အကာအကွယ်ကို မရခဲ့ပါဘူး။ ဒါ့အပြင် ဦးပိုင် ကုမ္ပဏီလီမိတက်ကို တရားစွဲဆိုရာမှာ ဦးဆောင်တယ်လို့ ယူဆတဲ့ လယ်ပိုင်ရှင် ဦးသန်းဦး၊ ဦးအောင်လင်းနဲ့ အပေါင်းသင်း ၃ယောက်ကို မတ်လ ၂၁ ရက် မနေ့ညက ကံမမြို့ ကနေ ဆိုင်ကယ် ၃စီးနဲ့ ပြန်အလာ ထူးကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ တည်ဆောက်ရေး ရုံးနားအရောက်မှာ ဦးသန်းဦးနဲ့ ဦးအောင်လင်းတို့ စီးလာတဲ့ ဆိုင်ကယ်ကို လူအုပ်နဲ့ ၀ိုင်းရိုက်ပြီး သူတို့၂ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

ညစ်ညမ်းစွာ ဆဲဆိုမှု၊ အကျိုးဖျက်ဆီးမှု၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ လက်ရောက်မှု စတာတွေနဲ့ တရားစွဲ ဆိုခဲ့ပါတယ်။ ကံမမြို့နယ် ရဲစခန်းကလဲ လူအုပ်နဲ့ဝိုင်းပြီးရိုက်နှက် မတရားဖမ်းဆီး ချုပ်နှောင်ထားတာကို သိလျက်နဲ့ ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူများကို အရေးမယူတဲ့ အပြင် ဦးသန်းဦးတို့ စီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်ဟာ လိုင်စင် မဲ့ တင်သွင်းလာတာ ဖြစ်တယ်ဆို ပြီး သွင်းကုန်ထုတ်ကုန် အက်ဥပဒေပုဒ်မ ၅ နဲ့ ထပ်ပြီး တရားစွဲဆို ပေးခဲ့တာကိုလဲ တွေ့ရမှာဖြစ်တယ်။

ကံမမြို့နယ် တရားရုံးရဲ့ စီရင်ပိုင်ခွင့် နယ်ပယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုဖြစ်တဲ့အတွက် တရားဥပဒေနဲ့ အညီ စစ်ဆေးစီရင်ခြင်း ရှိမရှိ ဆိုတာကို သိရှိနိုင်ဖို့အတွက် အမှုစစ်ဆေးတဲ့ နေ့တိုင်း လူအများ စိတ်ဝင်တစားနဲ့ လာရောက် နားထောင် ကြတဲ့အမှုလဲ ဖြစ်ပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ မှုခင်းဖြစ်ပွားရာ အရပ်မှာရှိတဲ့ ကံမမြို့နယ် တရားရုံး မှာအမှုကို အများပြည်သူရဲ့ ရှေ့မှောက်မှာ ဆက်လက် စစ်ဆေးရမှာ ဖြစ်ပေမဲ့ လုံခြုံ ရေးကြောင့် အခြားမြို့နယ်ကို ပြောင်းရွှေ့ စစ်ဆေးဖို့ ကံမမြို့ နယ်ရဲစခန်းက တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ အမှုကို ကံမမြို့နယ် တရားရုံးမှာ ဆက်လက်စစ်ဆေးရင် အမှန်တရားကို မျက်ကွယ်ပြုလို့ မရတော့တာကို တရားလိုဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီနဲ့ တရားသူကြီးတွေက သဘော ပေါက် ပါတယ်။ ဒါကြောင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ ထူးကုမ္ပဏီ က မလျော်သြဇာ လွှမ်းမိုးမှုတွေကို အသုံးပြုပြီး မင်းလှမြို့နယ်တရားရုံးကို ပြောင်းရွှေ့စစ် ဆေးဖို့ စီမံဆောင်ရွက်ခဲ့တာပါ။ 

တရားရုံးကို အမှုရောက်လာရင် တရားလို၊ တရားခံ ၂ဖက်က တင်ပြတဲ့ မျက်မြင် သက်သေတွေနဲ့ သက်သေခံ တင်ပြ ချက်တွေပေါ်မှာ မူတည်ပြီး အမှန်တရားကို ရှာဖွေစစ်ဆေးပြီး ဆုံးဖြတ်ပေးရတာ တရားရုံးရဲ့တာဝန်ပါ။ သက်သေခံချက်တွေဟာ အမှန်တရားကို စစ်ဆေးစီရင်ဆုံးဖြတ်ဖို့ လိုလောက်တဲ့ အချက်တွေရဖို့ စစ်ဆေးဖေါ်ထုတ်ရမှာ တရားရုံး တရားသူကြီးရဲ့ တာဝန်ဖြစ်တယ် ဆိုတာကို တရားရုံးများ လက်စွဲနဲ့ ညွန်ကြားလွှာတွေမှာ ဖေါ်ပြပြီးသား ဖြစ်ပါတယ်။ 

သက်သေတင်ပြ ထွက်ဆိုချက်တွေအရ ပြစ်မှုကျူးလွန်ကြောင်း သံသယကင်းရှင်းစွာ တရားလို ဖက်က မတင်ပြနိုင်ရင် သံသယအကျိုးကို တရားခံ တနည်းအားဖြင့် စွပ်စွဲခံရသူဖက်ကို အသာပေးပြီး ဆုံးဖြတ်ရပါ တယ်။ ပြစ်မှုကျူးလွန်သူ ၁၀ ဦးလွတ်သွားပါစေ အပြစ်မရှိ သူတဦးကို အပြစ်မပေး မိပါစေနဲ့ဆိုတာ နိုင်ငံတကာ ကတရားရုံးတွေမှာ လိုက်နာကျင့်သုံးရတဲ့ တရားစီရင်ရေး ဆိုင်ရာစံချိန်စံညွှန်း ဖြစ်ပါတယ်။ အဂတိတရား ၄ပါးကင်း ရှင်းတဲ့ စီရင်ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့ လိုပါတယ်။ 

စစ္စရံကျေးရွာသားများ ဖြစ်တဲ့လယ်ပိုင်ရှင် ဦးသန်းဦး၊ ဦးအောင်လင်းနဲ့ မိတ်ဆွေများဖြစ်ကြတဲ့ ထွန်းမင်းလွင်၊ ခင်မောင်စန်း၊ ကျော်ညွန့်တို့ကို မှုခင်းစစ်ဆေး တွေ့ရှိချက် တွေအရ တရားလိုဖြစ်သူနဲ့ တရားလိုဖက်က တင်သွင်းတဲ့ သက်သေများ ကိုယ်တိုင်က ညစ်ညမ်းစွာဆဲဆိုပြီး၊ ခဲနဲ့ ပစ်ပေါက်တယ်လို့ ထွက်ဆိုထားတဲ့ ထွက်ဆိုချက် မရှိပေမဲ့လဲ တရားရုံးက တရားခံ ၅ ဦးစလုံးက တပြိုင်နက်ထဲ ဆဲဆိုပြီး ခဲနဲ့ပစ်ပေါက်တဲ့ အတွက်မှန်တွေ ကွဲရပါတယ်လို့ စီရင်ချက်မှာ ထည့်သွင်း သုံးသပ်ထားတာကို တွေ့ရပါတယ်။
 
မှုခင်းဖြစ်ရပ် တခုလုံးကို အစအဆုံးမြင်ရသူ ရဲမင်းဦးက တရားခံ ပြသက်သေအဖြစ် အစစ်ခံ ပါတယ်။ တရားခံဖက်က ခုခံချေပချက်တွေကို သုံးသပ်ရာမှာတော့ တရားခံ ဖြစ်သူ ဦးသန်းဦး ကိုယ်တိုင်က အခင်း ဖြစ်ပွား ချိန်မှာ တင်ပြထားတဲ့ သက်သေရဲမင်းဦး ကိုမြင်တွေ့ရတယ် လို့ မပြောထား တဲ့အတွက် ယုတ္တိမတန်လို့ သုံးသပ် ပြီး ခုခံချေပချက်တွေကို မျက်ကွယ်ပြု ဆုံးဖြတ်ထားတာကို တွေ့ရ ပါတယ်။ 

ကိုသန်းဦးကိုယ်တိုင် ဆိုင်ကယ်မစီး တတ်လို့ နောက်မှာထိုင်စီးတာ ဖြစ်ပြီးကိုယ်ပိုင်ဆိုင်ကယ် မဟုတ်ပါဘူး လို့ပိုင်ရှင်အစစ်က သက်သေ ထွက်ဆိုပေမဲ့ လဲဦးသန်းဦးကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ အကောက်ခွန်မဲ့ ဆိုင်ကယ် တင်သွင်းတယ်ဆိုပြီး ထပ်မံအပြစ်ပေး ထားတာကိုလဲတွေ့ရပါတယ်။

မှုခင်းဖြစ်ရပ် တခုတည်းအပေါ်မှာ ပုဒ်မတွေခွဲ တရားစွဲဆိုပြီး အမြင့်ဆုံး ပြစ်ဒဏ်တွေကို သီးခြားကျခံစေဖို့ အမိန့် ချမှတ်ခဲ့တာ ဖြစ်တဲ့အတွက် တရားစီရင်ရေး ဆိုင်ရာမူများ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားရုံးများ လက်စွဲပါ အချက်တွေနဲ့ တိုင်းတာကြည့်ရင် မျှတတဲ့ အပြစ်ပေးမှုလို့ မဆိုနိုင်တဲ့အပြင် စွပ်စွဲခံရသူ တွေမကျူးလွန် တဲ့ပြစ်မှုကို မတရား အပြစ်ဒဏ်တွေ ပေးထားတယ်လို့တောင် ဆိုနိုင်ပါတယ်။

မင်းလှမြို့နယ်တရားရုံး ပညာရှိ တရားသူကြီး မင်းကဦးသန်းဦးပါ ၅ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၇ လ ကနေ ထောင်ဒဏ် ၁၂ နှစ်နဲ့ ၆ လအထိ အပြစ်ပေး ခဲ့တာကို တွေ့ရပါတယ်။ ၀ိုင်းဝန်းရိုက်နှက်တဲ့ ကုမ္ပဏီ ၀န်ထမ်းတွေကို ဦးသန်းဦးက အပြန်အလှန် စွဲဆိုတဲ့အမှုကိုတော့ မှားယွင်းမှုအဖြစ် သတ်မှတ်ပြီး တရားရှင် လွှတ်လိုက်တာကို ကြည့်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးမှုနဲ့ ဥပဒေရဲ့ အကာအကွယ်ကို သာမာန်ပြည်သူတွေနဲ့ ခံစားခွင့် မရဘူးဆိုတာကို တင်ပြလိုက်ရပါတယ်ခင်ဗျား

0 comments:

Post a Comment