Thursday, August 25, 2011

Filled Under:

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အိမ်နီးချင်းနိုင်ငံများဆက်ဆံရေး.....25 သြဂုတ် 2011

ဦးမင်းလွင်ဦး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ အရပ်သားအစိုးရသစ်အနေ နဲ့  ယခင်စစ်အစိုးရနဲ့ မတူဘဲ တရားဥပဒေများနဲ့ အညီ အုပ်ချုပ်တဲ့အရပ်သားအစိုးရ သစ်ဖြစ်ပြီ ဆိုတာကိုပြသဖို့လိုအပ်လာပါတယ်၊ ဒါမှလဲ နိုင်ငံတော်အစိုးရသစ်အဖွဲ့ကို နိုင်ငံတကာကကြိုဆိုအသိအမှတ်ပြုလာကြမှာဖြစ်တယ်။
အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက် ကြမှာလဲ၊ နိုင်ငံရေး ပါတီများနဲ့ဘယ်လိုအကောင်အထည်ဖေါ်သွားမလဲ၊ အတိုက်အခံနိုင်ငံ ရေးပါတီများ ရဲ့အခန်းကဏ္ဍကိုလွတ်လပ်စွာပေးထားလားစတာတွေကို လာရောက် စနည်းနာကြတဲ့ နိုင်ငံတွေတနေ့ထက်တနေ့ပိုလို့များလာပါတယ်။ဥပမာ  အမေရိကန် ကိုယ်စားလှယ် အဖွဲ့၊ ဥရောပအထူးကိုယ်စားလှယ်အဖွဲ့နဲ့ယခုအပတ်ထဲမှာ အာရှပိစိဖိတ် အဖွဲ့ဝင်နိုင်ငံများ ဖြစ်တဲ့သြစတြေးလျနဲ့ ဂျပန်စတဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွေ အနေနဲ့ အစိုးရသစ်ကို ဘယ်လိုအဆင့်အတန်းနဲ့ အသိအမှတ်ပြု ဆက်ဆံမလဲဆိုတာကို အဖြေရှာနိုင်ဖို့ လာရောက် တွေ့ဆုံကြတာဖြစ်တယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ စစ်အစိုးရကြားမှာ နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးဆိုတာကနေစတဲ့ လက်နက်ကိုင်တိုက်ပွဲတွေဟာယနေ့တိုင် မြန်မာနိုင်ငံနယ်စပ် တလျောက်မှာဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာ ခြင်းမဟုတ်ပဲ စစ်ပွဲများနဲ့ ဖြေရှင်းတဲ့အခါမှာ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံများရဲ့ အခန်းကဏ္ဍ ဟာပိုမိုအရေးပါလာခဲ့ပါတယ်။
ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တုံးက နိုင်ငံရေးလမ်းစဉ်မတူလို့ နယ်စပ် တလျောက်မှာရှိတဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများကိုနေထိုင်လှုပ်ရှားခွင့်ပြုထား ခဲ့ကြပါတယ်။ တခါ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရတက်လာတဲ့အခါမှာလဲ တရားဝင်ရွေးချယ် တင်မြှောက်တဲ့အစိုးရမဟုတ်တဲ့အတွက် နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်း၊ တရုပ်၊အိန္ဒိယ တို့နဲ့ တိုင်းရင်းသားအဖွဲ့များရဲ့ဆက်ဆံရေးဟာယခင်ကာလများအတိုင်းရှိနေခဲ့ပါတယ်။ ဒီကာလ အတွင်းမှာ တရုပ်အစိုးရနဲ့ စစ်အစိုးရတို့ရဲ့ဆက်ဆံရေးဟာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ပိုမို ဖေါ်ဆောင်လာတာကိုတွေ့ရတယ်။မြန်မာနိုင်ငံရဲ့သယံဇာတအရင်းအမြစ်တွေကို ဈေးပေါပေါ နဲ့ယူ ငွေမပေးပဲလက်နက်နဲ့လဲလှယ်တာတွေ၊ တရုပ်နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားအတွက် လိုအပ်နေတဲ့ လျှပ်စစ်နဲ့လောင်စာသဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေတည်ဆောက်ရေးစတာတွေ
တရုပ်နိုင်ငံအတွက်ပင်လယ်ပြင်စိုးမိုးနိုင်ဖို့ ရေဒါစခန်းတည်ဆောက်ခွင့်ပြုတာတွေဟာ စစ်အစိုးရနဲ့ တရုပ်အစိုးရအတွက်အရေးပါတဲ့ အကျိုးတူစီးပွားဖက်ဆောင်ရွက်မှုတွေဖြစ်လာပါ တယ်။
ဒါကြောင့်လဲ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးဖွဲ့စည်းတည်ထောင်တဲ့အရပ်သား အစိုးရသစ်ဖြစ် လာတဲ့အခါ တရုပ်နိုင်ငံက အလျင်အမြန်အသိအမှတ်ပြုထောက်ခံခဲ့ တာကိုတွေ့ရမှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးချယ်တင်မြှောက်တဲ့အစိုးရဖြစ်တဲ့အတွက် ၂ နိုင်ငံဆက်ဆံရေး ဟာယခင်ကထက်ပိုမိုပြီးခိုင်မာလာတာကိုတွေ့ရတယ်။ ဒီအချိန်မှာ တိုင်းရင်းသားများအရေးကို အရပ်သားအစိုးရအနေနဲ့ တနည်းမဟုတ်တနည်းနဲ့ဖြေရှင်းရတော့မှာဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမလား၊ လက်နက်ကိုင်တိုက်ပွဲဆင်နွဲမလား တခုခုကိုရွေးချယ်ရမှာဖြစ်တယ်။ အစိုးရသစ်အနေနဲ့ စစ်တပ်ရဲ့စီမံအုပ်ချုပ်မှု အောက်ကဟန်ပြအစိုးရသာဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့ကို မတတ်သာတဲ့အဆုံးမှလုပ် ဆောင်မှာဖြစ်တယ်။မြန်မာနိုင်ငံအတွင်းမှာ ဖွဲ့စည်းတည်ထောင်ထားတဲ့တိုင်းရင်းသားနိုင်ငံရေးပါတီများကလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလိုက်နာစောင့်ထိန်းပါမည်ဆိုတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ၀န်ခံ လက်မှတ်ရေးထိုးထားရတာဖြစ်တယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈မှာ နိုင်ငံတော်အတွင်းရှိလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးဟာ တပ်မတော်ရဲ့ကွပ်ကဲမှု အောက်တွင်ရှိရမယ်ဆိုတဲ့ အချက်ကိုလဲလိုက်နာရမှာဖြစ်တယ်။
ယခုလက်ရှိကချင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေး
နွေးဖို့ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၅ ဦး နဲ့ဖွဲ့ပြီး ဆွေးနွေးရေးကို လုပ်ဆောင်မယ်ဆိုတာနိုင်ငံရေး အရအနှစ်သာရရှိတဲ့လုပ်ဆောင်ချက် မဟုတ်ပဲ ဟန်ပြလုပ်ဆောင်ချက်မျှသာဖြစ်တယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။
ကချင်အတိုင်ပင်ခံအဖွဲ့က ဦးဆင်ဝါးနော်၊ အမျိုးသားလွှတ်တော်က ဦးချက်ထိန်နန် တို့ အပြင် စစ်ဖက်က ၃ ဦးပါဝင်မှာဖြစ်တယ်။ ကချင်အတိုင်ပင်ခံအဖွဲ့နဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အနေနဲ့စစ်တပ်ကပြောခိုင်းတာကိုသာပြောရမှာဖြစ်တယ်။ရှင်းရှင်းပြောရရင်တော့ စကားပြန်လုပ်ပေးဖို့ခေါ်သွားတာလို့ဆိုနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၀ မှာ တပ်မတော်ဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ရဲ့သဘော တူညီချက်နဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးမှာ ပြည်သူတရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင်ရှိတဲ့အပြင်တပ်မတော်ရဲ့ဦးဆောင်မှုနဲ့ပြည်သူ့စစ်ဗျူဟာကိုဖေါ်ဆောင်ရ
မယ်လို့ပြဌာန်းထားတာဖြစ်တယ်။
စစ်တပ်အနေနဲ့မိမိရဲ့ အကျိုးစီးပွားနဲ့ အာဏာတည်တံ့ဖို့အတွက်ဦးတည်ဆောင်ရွက်မှာဖြစ် သလို တဖက်က အိမ်နီးချင်းတရုပ်နိုင်ငံကလဲ မိမိနိုင်ငံရဲ့လိုအပ်ချက်တွေဖြစ်တဲ့ ရေနံ၊သဘာဝ ဓါတ်ငွေ့နဲ့ရေအားလျှပ်စစ်တို့ကြောင့် စစ်အစိုးရကိုတဖက်တလမ်းကကူညီထောက်ပံ့ ပေးရ မှာ ဖြစ်တယ်။ ဒါကြောင့်လဲစစ်ကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို ဒုက္ခသည်အဖြစ် လက်ခံခြင်းမပြု တာဖြစ်တယ်။ မနေ့တနေ့က မန္တလေးနဲ့မေမြို့စတဲ့ နေရာတွေမှာ ဗုံးပေါက် ကွဲ တဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေကပဲ လုပ်ဆောင်သလို ဖေါ်ပြလာ တာကိုကြည့်ရင် စစ်အစိုးရအနေနဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုတာထက် လက်နက်ကိုင် တိုက်ပွဲများနဲ့ဖြေရှင်းဖို့ပြင်ဆင် ဆုံးဖြတ်ပြီး ဖြစ်နေတယ်ဆိုတာကိုသိသာထင် ရှားစေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ အစိုးရသစ်နဲ့ဆွေးနွေးတဲ့အခါ တိကျပြတ်သားတဲ့ဆုံးဖြတ်ချက်တရပ်ကိုချမှတ်ထားဖို့လိုအပ်လာပြီဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

0 comments:

Post a Comment