Saturday, April 28, 2012

Filled Under: , ,

အမျိုးသမီးများကဏ္ဍ... VOA 20 April 2012



CEDAW အမျိုးသမီးတွေပေါ်မှာ အကြမ်းဖက်မှုအလုံးစုံ ပပျောက်ဖို့အတွက် အဖွဲ့ဝင်ထားတဲ့ မြန်မာနိုင်ငံမှာ နှိပ်စက်အကြမ်းဖက်ခံနေကြရတဲ့ အမျိုးသမီးတွေအပေါ် အာဏာပိုင်တွေဘက်က အကာအကွယ်ပေးနိုင်တဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ အသက် ၁၅ နှစ်အရွယ် မအေးယုအောင်ဆိုတဲ့ မိန်းကလေးငယ်လေးဟာ ပြီးခဲ့တဲ့လက အိမ်ရှင်အမျိုးသမီးရဲ့ မီးပူနဲ့ကပ်တာ ခံရလို့ ဒဏ်ရာတွေ ရခဲ့ပြီးတော့ မိခင်ဖြစ်သူက ပြန်ခေါ်ဖို့ ကြိုးစားပေမဲ့လည်း အခုထက်ထိ သမီး ဘယ်မှာရှိနေတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။ သတင်းမီဒီယာတွေမှာ ဒီအကြောင်းကို ဖော်ပြခဲ့ပေမဲ့လည်း အာဏာပိုင်တွေဘက်ကနေ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးတာမျိုးလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အခုသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။

CEDAW လို့ခေါ်တဲ့ အမျိုးသမီးတွေပေါ်မှာ အကြမ်းဖက်မှူပပျောက်ရေးသဘောတူစာချုပ်ကို ၁၉၇၇ ဇွန်လိုင်လ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ သဘောတူစာချုပ်အရကော ပြည်တွင်းတည်ဆဲ ဥပဒေအရကော အရွယ်မရောက်သေးသူတွေနဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်မှုပေးဖို့ တာဝန်ရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံအတွင်းမှာ မကြာသေးမီက အမျိုးသမီးငယ်လေးတွေကို နှိက်စက်ညုင်းပန်းခံရတဲ့ ဖြစ်ရပ်တွေ သတင်းမီဒီယာ တွေပေါ်မှာ ခပ်စိပ်စိပ်ထွက်ပေါ်နေခဲ့တာတွေတွေ့ရပါတယ်။
လက်တလောဖြစ်ရပ်တစ်ခုကတော့ မတ်လ ၂၅ ရက်နေ့ကဖြစ်ရပ်ပါ။ အသက် ၁၅ နှစ်အရွယ် အိမ်ဖော်မလေး အေးယုအောင်ကို ပဲခူးမြို့နယ်  ဒုတိယတရားသူကြီးဦးအောင်ဖုန်းဝင်း ရဲ့ဇနီး အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူနဲ့ ဒဏ်ရာဒဏ်ချက်တွေရရှိသွားတာဖြစ်ပါတယ်။ မအေးယုအောင်ရဲ့မိခင် ဒေါ်ကြူကြူက တော့ ကြောင်ကြီး သင်တန်းမြို့သစ်ကဖြစ်ပြီးတော့ ကလေးလေးယောက်ရဲ့မိခင်လည်းဖြစ်ပါတယ်။ ခင်ပွန်းလည်းမရှိ၊ စာလည်းမတတ်တဲ့အပြင် အ၀တ်လျှော်တဲ့အလုပ်ကို လုပ်ကိုင်နေရတဲ့ အားကိုးရာမဲ့ အမျိုးသမီးတဦးအနေနဲ့ နှိပ်စက်ခံခဲ့ရတဲ့ သမီးအတွက် ရင်မအေး ဖြစ်နေပါတယ်။ အကြောင်းအစုံကို သိရအောင် သူ့ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒေါ်ကြူကြူ ။        ။ ကြောင်ကြီး အ.ထ.က ကျောင်းမှာ ကျွန်မသမီးအေးယုအောင်က ကျောင်းတက်ပါတယ်ရှင်။ ဆရာမ ဒေါ်စန္ဒာအေးကတော့ ဘယ်နှစ်တန်းကိုင်လဲမသိပါဘူး။ အဲဒီကနေစပြီး ဦးအောင်ဖုန်းဝင်းအိမ်ကို အေးယုအောင်ကို ပို့ပေးခဲ့ပါတယ်။

မေး ။ ။ ပို့ပေးပြီးတဲ့အခါမှာ အေးယုအောင်က မီးပူနဲ့အထိုးခံရပြီးတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတာကို အင်တာနက်စာမျက်နှာတွေပေါ်မှာ သတင်းတွေတင်ထားတာကိုတွေ့ရတယ်လေ။ ဘယ်လိုလို့ အင်တာနက်ပေါ်မှာရောက်သွားတာလဲ။

ဒေါ်ကြူကြူ ။  ကျွန်မမြို့ထဲမှာအ၀တ်သွားလျှော်တော့ အေးယုအောင်အင်တာနက်ပေါ်မှာပါလာတယ် ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့ အချိန်မှာ ကျွန်မ သမီးကို ဈေးကို ဒေါ်ခင်မျိုးသက်က သွားခိုင်းတယ်ရှင့်။ အဲဒီအချိန်မှာ ဈေးသူဈေးသားတွေက အေးယုအောင်ဘာဖြစ်တာလဲဆိုပြီးတော့ မေးတော့ သူက ဦးအောင်ဖုန်းဝင်း ဇနီးက သမီးကို မီးပူတိုက်တာကြာတယ် ဆိုပြီးဆူတဲ့အချိန်မှာ အခုအချိန်အထိ နှစ်ထည်ဘဲပြီးသေးသလား၊ မီတာတက်တယ် ဆိုပြီးတော့ ဆူတယ်။ ကလေးက ပြီးတော့ အောက်မှာအလုပ်ဆင်းလုပ်တယ်။ အိမ်ပေါ်ပြန်တက်လာတော့ ဒေါ်ဖြူဝင်းသက်ကနေပြီးတော့ မီးပူတိုက်နေတာတွေ့တော့ ကလေးက ယူပြီးတိုက်တယ်။ အဲဒီအချိန်မှာ ကလေးဆီက နေမီးပူကို သူကပြန်ယူတိုက်ပြီးစိတ်မရှည်တော့တာနဲ့ ကလေးကို မီးပူနဲ့ ကပ်လိုက်တာကိုအေးယုအောင်ကနေပြီးတော့ ရှင်းပြတယ်။ အင်တာနက်ပေါ်ကို သတင်း၊ ဓါတ်ပုံ တင်ပေးတဲ့ လမ်းပြကြယ် ဦးအေးမြင့်ရဲ့ သားဆီက အကြောင်းစုံကို သိရတယ်။ သူကနေပြီးထပ်ပြောတယ်။ အေးယုအောင်က ဒီအကြောင်းတွေကို ဈေးထဲမှာပြောပြတော့ အဲဒီအချိန်မှာဘဲ သူတို့ရဲစခန်းကို သွားတိုင်ကြတယ်။ ရဲစခန်းရောက်တော့ အေးယုအောင်ကိုဖြေရှင်းချက်တွေမေးမြန်းချက်တွေရှိတဲ့ အချိန်မှာဘဲ ဦးအောင်ဖုန်းဝင်းက ကားနဲ့လာပြီးတော့ ကလေးကိုခေါ်သွားတယ်။ သူက စခန်းမှူးနဲ့ပြောဆိုပြီး တော့ ကလေးကို ခေါ်သွားတာတဲ့။ စခန်းမှူးက ဥသာမြို့သစ်စခန်းမှူးရှင့်။

မေး ။ ။ ဒီစခန်းမှူးဆီကို မကြူကြူတို့ဆက်မလိုက်ဘူးလား။ 

ဒေါ်ကြူကြူ ။        ။ ကျွန်မနေနဲ့တွေးခဲ့တာ က ပဲခူးကိုဆင်းပြီးတော့ အမှတ်၃ ရရက ရဲစခန်းကိုတိုင်မယ်ပေါ့။ အဲဒါဆိုရင်လဲပြီးရောပေါ့နော်သူခေါ်တဲ့အချိန်ကို လိုက်သွားမယ်။ ပြီးတော့ ရဲစခန်းကိုဘဲဝင်ပြီးတော့ အမှုကိုဖွင့်မယ်ပေါ့။ အဲဒီလိုဆိုတော့ သူက အမတ်၃ ရဲစခန်းကိုမသွားဘဲနဲ့ ရန်ကုန်ကိုသွားမောင်းတော့ ဘယ်လိုမှ ရဲစခန်းမှူးနဲ့ ဆုံနိုင်ခွင့်မရှိတော့ဘူးရှင့်။

မေး ။ ။ မကြူကြူသမီးနဲ့ မရမ်းကုန်းမြို့နယ်အိမ်မှာ တွေ့ရတော့ သမီးအခြေအနေကို တွေ့ရတဲ့အချိန်ကိုပြန်ပြောပြပါလား။ 

ဒေါ်ကြူကြူ ။        ။ ကျွန်မသမီးနဲ့ မရမ်းကုန်းမြို့နယ်က အိမ်မှာသွားတွေ့ခဲ့တယ်။ တွေ့တော့ အရင်က ကလေးကို အိမ်ကနေထည့်ပေးလိုက်တုန်းက ဖြူဖြူဖွေးဖွေးလေး။ အခုတော့ ဒီလိုမီးအိုးတွေဘာတွေ စတဲ့ ဆိုးတဲ့ကိစ္စတွေဖြစ်သွားပြီးတော့ ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အပြင် မျက်ရိုးပေါ်မှာ၊လည်ပင်းမှာ၊ဗိုက်မှာပါ ညုင်းအနာတွေနဲ့ ကလေးကို ဘောင်းဘီအင်္ကျီလက်ရှည်တွေတော့ ၀တ်ထားပေးတယ်။
မေး။  ။ အဲဒီလိုဖြစ်နေတော့ မိခင်တစ်ဦးအနေနဲ့ ကိုယ့်သမီးကိုပြန်ခေါ်နိုင်ခွင့် ရှိတာပေါ့။ ဒါပေမယ့် မကြူကြူ ဘာဖြစ်လို့ ကိုယ်နဲ့အပါမခေါ်ခဲ့သလဲ။

ဒေါ်ကြူကြူ ။        ။ ကျွန်မခေါ်တော့ ဦးအောင်ဖုန်းဝင်းက ပြောတယ်။ ဒီကလေးကို ထည့်ပေးလိုက်ရင်သူတို့ ပြဿနာတွေတက်မှာ မို့လို့တဲ့ ။ ဒီကလေးကိုဘုရားဖူးတော့ ခေါ်သွားမယ်လို့ပြောပါတယ်။

မေး ။ ။ ကလေးက မီးပူထိုးထားတဲ့ အခြေအနေ၊ ဒဏ်ရာတွေနဲ့ဆိုတော့ ဘုရားဖူးဘယ်လိုလို့ခရီးသွားမလဲ။ ကျွန်မသမီး ကိုပြန်ခေါ်သွားမယ်။ ပြန်မထည့်နိုင်ဘူးဆိုရင် နီးရာရဲစခန်းကို တိုင်မယ်ဆိုပြီးတော့ မကြူကြူမပြောဘူးလား။

ဒေါ်ကြူကြူ ။        ။ ပြောတယ်ရှင့် ။ ပြောတော့ ဦးအောင်ဖုန်းဝင်းက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ခင်ဗျားသမီးပါသွားရင်ခင်ဗျား သိပ်လွယ်မယ့်ပုံမပေါ်ဘူး။ ကိုယ်ချင်းစာစိတ်ထားပေးမှာမဟုတ်ဘူးတဲ့။ ဒီကလေးကို ထည့်ပေးလိုက်ရင် အဓိကပြဿနာက သူတက်မှာ။ ဒါကြောင့် လုံးဝမထည့်ပေးနိုင်ဘူးလို့ပြောတယ်။ ကျွန်မ သမီးကို လက်ဆွဲပြီး ခြံအပြင်ထွက်ခါနီးမှာ ခြံတခါးကို သော့ပိတ်ထားတယ်ရှင့်။ ဒါပေမယ့် ကျွန်မကလေးကို အဲဒီညခေါ်သွားပြီး တည်းခိုခန်းမှာသိပ်ခဲ့တယ်ရှင့်။ နောက်နေ့တော့ ပြန်ပို့လိုက်တယ်။

မေး ။ ။ အခုလောလောဆယ်မှာ အမျိုးသမီးရေးရာကိုရော မကြူကြူ အကူအညီတောင်းခဲ့သေးသလား။

ဒေါ်ကြူကြူ ။        ။ ဟုတ်ကဲ့တောင်းခဲ့ပါတယ်။ သူတို့က ခေါင်းရှောင်တဲ့သဘောတွေ အများကြီးသက်ရောက်တယ်။

မေး ။ ။ ဘယ်လိုဆိုလိုတာလဲ။

ဒေါ်ကြူကြူ ။        ။ ကျွန်မလည်းကျွန်မသမီး မီးအိုးနဲ့အကပ်ခံရလို့ ဆရာမတို့ကူညီပေးပါလား လို့သွားပြောခဲ့တယ်လေ။ သူတို့က နင့်သမီးဒီလိုဖြစ်တာ ဘာလုပ်ပေးရမှာလဲတဲ့။ ပဲခူးမှာဖြစ်တာ ပဲခူးမှာပြောပေါ့။ ကြောင်ကြီးမှာလာပြောတော့ ငါတို့ ဘာမှမလုပ်ပေးနိုင်ဘူးတဲ့။ အဲဒီလိုမျိုးပြောပါတယ်။

မေး ။ ။ အဲဒီတော့ ကြောင်ကြီးအမျိုးသမီရေးရာက ဘယ်သူနဲ့သွားတွေ့တာလဲ။

ဒေါ်ကြူကြူ ။        ။ ဒေါ်အေးအေးဇင်နဲ့ရှင့်။ ဒီဟာက ပဲခူးနဲ့ဘဲ သက်ဆိုင်တော့ ပဲခူးမှာအမျိုးသမီးရေးရာ တွေရှိတယ်။ ကိုယ်ဟာကိုယ်စုံစမ်းပြီးတော့ တိုင်ကြားပေါ့ဆိုပြီးသူကပြောပါတယ်။

မေး။  ။အဲဒီတော့ မကြူကြူတို့ ပဲခူးအမျိုးသမီးရေးရာကိုရောဆက်လိုက်သေးသလား။

ဒေါ်ကြူကြူ ။        ။ ဆက်မလိုက်နိုင်ပါဘူးရှင့်။ ကျွန်မက ပညာလည်းမတက်၊ ပိုက်ဆံလည်းမရှိ၊ ကလေးတွေ ၃၊၄ ယောက်နဲ့ဆိုတော့ ဒုက္ခလည်းရောက်နေပါတယ်ရှင့်။
မေး။  ။အခုမကြူကြူက ကိုယ့်သမီးဘယ်ရောက်နေလဲဆိုတာမသိဘူးပေါ့။ မိခင်တစ်ဦးအနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ဒေါ်ကြူကြူ ။        ။ ရင်ထဲမှာ မီးတောက်မီးလျှံဖြစ်ပြီးတော့ အသက်ရှင်နေတဲ့လူတစ်ယောက်ထက်ဆိုးတယ်ရှင့်။ ကျွန်မသမီးက ကျန်းမာရေးလည်းမကောင်း အသက်က အခုမှ ၁၅ နှစ်ဘဲရှိသေးတယ်ရှင့်။ ဦးအောင်ဖုန်းဝင်းတို့လိုမျိုးတွေက ဥပဒေကို ချိုးဖောက်တဲ့လူမျိုးတွေဖြစ်တဲ့အတွက် အမေဖြစ်သူ ကျွန်မကလည်း အရမ်းကိုခံစားနေရပါတယ်ရှင်။ ကျွန်မသမီးလေးကို ကျွန်မလက်ထဲပြန်ပို့ပေးဖို့ ကျွန်မဒီဥပဒေရဲ့ ၀န်ထမ်း တွေအားလုံးကို အကူအညီတောင်းပါတယ်ရှင်။

မေး ။ ။ မိခင်ဒေါ်ကြူကြူရဲ့ဖြစ်ရပ်နဲ့ ပက်သက်လို့ ဥပဒေအကြောင်း အရဘယ်လိုအရေးယူဆောင်ရွက်သင့်သလဲဆိုတာ ဟောင်ကောင်အခြေစိုက် AHRC ခေါ်အာရှလူ့အခွင့်အရေးကော်မရှင်က ဥပဒေအကြံပေး ရှေ့ နေ ဦးမင်းလွင်ဦးကတော့ ဒီလိုပြောပါတယ်။

ရှေ့ နေ ဦးမင်းလွင်ဦး ။   ။ ဒီအေးယုအောင်ရဲ့ ဖြစ်ရပ်က အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေအရ အရွယ်မရောက်သေးတဲ့ အသက်၁၅ နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ယခုလိုမျိုးရက်ရက်စက်စက်၊ မိမိမွေးရာပါအနေအထား ပျက်ယွင်းသွားလောက်အောင်အထိုးခံရတဲ့ ကိစ္စရပ်မျိုးကို ရဲစခန်းကနေပြီးတော့ အပြင်းအထန်နာကျင်စေမှုနဲ့ အမှူဖွင့်တိုင်ကြားတာကိုလက်ခံအမှုဖွင့်ဖို့လိုပါတယ်။ နောက်ပြီးတော့ တခါ ဒီမိခင်ဖြစ်သူအနေနဲ့ လည်း မိမိကလေးဖြစ်တဲ့သူကို ပြန်လည်စောင့်ရှောက်ထိန်းသိမ်းဖို့ အတွက်ကြိုးစားတဲ့အခါမှာလည်း နှောက်ယုက်မှု၊ဟန့်တားမှု၊ချိန်းခြောက်မှုတွေရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရပါတယ်။ အဲဒီလိုမျိုး ကိစ္စရပ်တွေဖြစ်လာရင် ရဲစခန်းမှာ မတရားဖမ်းဆီးချုပ်နှောင်မှု ဒါမှမဟုတ်ရင် လူခိုးမှုစတဲ့ ပြစ်မှူဆိုင်ရာ အမှုတွေနဲ့ အမှုဖွင့်တိုင်ကြားနိုင်ပါတယ်။ အဲဒီလိုမျိုးတိုင်ကြားချိန်မှာ အမှုအခင်းဖြစ်တဲ့နေရာကနေသက်ဆိုင်ရာ ရဲစခန်းသော်လည်းကောင်းကာယကံရှင်နေထိုင်တဲ့ အရပ်ကရဲစခန်းသော်လည်းကောင်း ဒီအမှုကိုဖွင့်ပြီးတော့ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးအရေးယူဆောင်ရွက်ပေးမှူ မရှိခဲ့ဘူးဆိုရင် သက်ဆိုင်ရာမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ပြီးတော့ အမှုကိုတိုင်ကြားနိုင်ပါတယ်ဆိုတာ ကျွန်တော်တို့ဥပဒေမှာအတိအလျှင်းဖော်ပြပြီးသားဖြစ်ပါတယ်။ ဒီအမှူမှာ ကျူးလွန်သူက တရားဥပဒေကို လေးစားလိုက်နာစောင့်ထိန်းရမယ့်မြို့နယ်တရားသူကြီး တစ်ဦးဖြစ်နေတာက တော်တော်ဆိုးဝါးတဲ့အခြေအနေဖြစ်နေတယ်လို့ကျွန်တော်တို့တွေ့ ရပါတယ်။

မေး ။ ။ ဒါ့အပြင် မအေးယုအောင်လို ဒီလိုဖြစ်ရပ်မျိုးနောက်ထပ်အမျိုးသမီငယ်လေး တွေမဖြစ်ရလေအောင် နဲ့၊ Rule of Law ဆိုတဲ့တရားဥပဒေ စိုးမိုးရေးလမ်းမှန်ပေါ်ရောက်စေဖို့ ကြိုးပမ်းမှုမျိုးမြန်မာနိုင်ငံမှာ အခုလိုအခြေအနေမျိုးမှာ ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲဆိုတဲ့ မေးခွန်းအပေါ် ဦးမင်းလွင်ဦးရဲ့ဖြေကြားချက်နဲ့အတူ ဒီသတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍကို နိဂုန်းချုပ်အပ်ပါတယ်။

ရှေ့ နေ ဦးမင်းလွင်ဦး ။   ။ ကလေးသူငယ်တွေနဲ့ပက်သက်လို့ အသက်၁၄ နှစ်ကျော်ရင်အလုပ်လုပ်နိုင်တယ်ဆို ပြီးတော့ ကလေးသူငယ်ဥပဒေတွေမှာ ပြဌာန်းထားတာမှန်ပါတယ်။ သို့သော်လည်း လုပ်ရမယ့်အလုပ်တွေအကန့်အသက်တွေအများကြီးရှိပါတယ်။ အဲဒီအထဲမှာ အိမ်ဖော်အလုပ်၊ ညပိုင်းအလုပ်တွေမပါဘူး။ နောက်ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေကို ပြန်လည်ထိန်းသိမ်းဖို့အတွက် မိခင်ဖြစ်သူမှာ အခွင့်အရေးအပြည့်အ၀ရှိတာဖြစ်တယ်။ နိုင်ငံတကာ ကလေးသူငယ်များ convention ကို လက်မှတ်ရေးထိုးထားတဲ့ အထဲမှာ မြန်မာနိုင်ငံ ပါတယ်။ ဒါကြောင့်ဒီလိုမျိုး ကိစ္စရပ်တွေမှာ အမျိုးသမီးရေးရာ ကော်မတီကသော်လည်းကောင်း၊ လူ့အခွင့်အရေးကော်မရှင်ကသော်လည်းကောင်း တရားလိုအဖြစ်နဲ့ ကူညီဆောင်ရွက်ပေးပြီး တော့ တရားစွဲဆိုတာတွေလုပ်ပေးသင့်ပါတယ်။ ယခု လိုမျိုးလက်လွတ်စပယ်လုပ်ထားတဲ့ ကိစ္စရပ်တွေက မတင့်တော်ဘူးလို့ကျွန်တော့ အနေနဲ့ပြောချင်ပါတယ်။

0 comments:

Post a Comment