Monday, May 14, 2012

Filled Under: ,

X2O ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အပြီးသတ်စီရင်ချက် ချမှတ်၊ တရားစီရင်ရေးတွင် အမှုအချို့ကို ပြည်သူများမျက်ကွယ်၌ စစ်ဆေးခြင်း၊ စီရင်ချက်ချမှတ်ခြင်းတို့ ရှိနေသည့်အပေါ် ဝေဖန်မှုများ ရှိနေ... Eleven Media 13 May 2012


X2O ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အပြီးသတ်စီရင်ချက် ချမှတ်၊ တရားစီရင်ရေးတွင် အမှုအချို့ကို ပြည်သူများမျက်ကွယ်၌ စစ်ဆေးခြင်း၊ စီရင်ချက်ချမှတ်ခြင်းတို့ ရှိနေသည့်အပေါ် ဝေဖန်မှုများ ရှိနေ PDF Print
Sunday, 13 May 2012 10:20

7321
နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့သော Mr.John William Yettaw နှင့်ပတ်သက်၍ တရားစွဲဆိုခံရမှု အတွက်
စစ်ဆေးမှုများပြုလုပ်ရာ အင်းစိန်ထောင်ဝင်း အတွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးမှပြန်လည် ထွက်ခွာလာသည့်
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၉ ခုနှစ် မေလအတွင်းက တွေ့ရစဉ်
၂၀၁၀ ပြည့်နှစ်၊ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် ကျား (၅) ဦး၊ မ(၃)ဦး၊ ပေါင်း(၈)ဦး သေဆုံးခဲ့ပြီး ကျား(၆၈)ဦး၊ မ(၃၁)ဦး၊ ပေါင်း(၉၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် ရဲစခန်း(ပ)၃၂၀/ ၂၀၁၀ ပုဒ်မ ၃၀၂/၃၂၆/ ၁၁၄/၁၀၉ (ပ)၃၂၁/၂၀၁၀ ပေါက်ကွဲပုဒ်မ ၃(ပ) ၄၃၇/၂၀၁၀ မတရားအသင်း ပုဒ်မ ၁၇(၁)၊ (ပ)၄၃၈/၂၀၁၀ လ၀ကပုဒ်မ ၁၃(၁)တို့ဖြင့် အရေးယူထားရှိပြီး စစ် ဆေး၍ ၂၀၁၀ ပြည့်နှစ်ဇွန်လ ၃၀ ရက် နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ အင်းစိန်အကျဉ်းထောင်ရှိ သီးသန့်တရားရုံးတွင် မြောက်ပိုင်းခရိုင် တရားရုံးခရိုင်တရားသူကြီး ဦးကိုကိုဦးမှ စတင်စစ်ဆေးခဲ့ပြီး တရား သူကြီး အဆင့်ဆင့် ပြောင်းလဲခဲ့ရာ လက်ရှိ ခရိုင်တရားသူကြီး ဦးအောင်သိန်းမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှုအမြန်ပြီးပြတ်ရေး ပြည်ထောင်စုဝန်ကြီး မှတ်ချက်ပြု ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင် တရားရုံး ခရိုင်တရားသူကြီး ဦးအောင်သိန်းမှအမှု နှင့်ပတ်သက်၍ လိုပြသက်သေ ၁၂၀ ဦး၊ ပြန်ခေါ်သက်သေ ၉၆ ဦးတို့အား စစ်ဆေးထားရှိပြီး တရားခံဖြိုးဝေအောင် (ခ)မိုဟာမက်ယှာဗန်(ခ)သက်ခိုင်အား ပုဒ်မ၃၀၂(၁)(ခ)၁၁၄၊ ၃၂၆/၁၁၄ ပေါက် ကွဲပုဒ်မ ၃/၆၊ မတရားအသင်းပုဒ်မ ၁၇(၁)နှင့်လ၀ကပုဒ်မ ၁၃ (၁)တို့အရ စွဲချက်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့တွင် ပြန်ခေါ်သက်သေ များကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အမှုတွင် တရားခံဘက်ရှေ့နေ ဦးကျော်ဟိုးမှ အမှု ၄ မှုမှ တရားလိုပြ သက်သေများအား စစ်ဆေးနေစဉ် အတွင်း တရားလိုဘက်မှ ရဲစွဲချက်တွင် ပါရှိသော စာရွက်စာတမ်း ၁၄ မျိုးနှင့် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၃ ရက်နေ့၏ တရားခံချုပ်မိန့်ရီမန်တို့အား မိတ္တူကူး ခွင့်တောင်းခံခဲ့ရာ တရားသူကြီးမှ ခွင့်မပြု၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လ ၁၃ ရက်နေ့တွင် တိုင်းတရားရုံးသို့ ပြင်ဆင်မှု တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ တိုင်းတရားရုံးမှ ပလပ်၍ တရားရုံးချုပ်သို့ ဆက်လက်ပြင်ဆင်မှု ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ဇန်န၀ါရီလ ၂၄ ရက် နေ့တွင် အမှုတွဲ ပြန်လည်ရရှိခဲ့၍ ၃ လ ကြာမြင့်ခဲ့ကြောင်းသိရှိရသည်။ ထို့အပြင် တရားခံအပေါ် စွဲချက်တင်ထားသော စွဲချက်အမိန့်ကို မကျေနပ်၍ စွဲချက်ပြင်ဆင်မှု တင်သွင်းခဲ့ရာ ၂၀၁၁ ခုနှစ် စက် တင်ဘာလ ၁၁ ရက်နေ့တွင်တိုင်းတရား ရုံးမှအမှုတွဲတောင်းခံခဲ့ပြီး ပြင်ဆင်မှုအား ပလပ်ခဲ့၍ ၂၀၁၁ခုနှစ်နိုဝင်ဘာလ ၂၂ရက်နေ့တွင်အမှုတွဲရရှိခဲ့ကာ၂လကြာ မြင့်ခဲ့သဖြင့်ပြင်ဆင်မှု တင်သွင်း၍ ကြာမြင့်ချိန် ၅လကြာမြင့်ခဲ့ကြောင်း သိရသည်။
အမှုကို တရားလိုဘက်မှ မြောက်ပိုင်းခရိုင် ဥပဒေအရာရှိ ဦးတိုးမြင့်မှ လည်းကောင်း၊ တရားခံဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးမှလည်းကောင်း လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြစ်ဒဏ်များကို ၂၀၁၂ခုနှစ်၊ မေလ ၈ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရား ရုံးမှ ကိုဖြိုးဝေအောင်(ခ)မိုဟာ မက်ယှာဗန်(ခ)သက်ခိုင်အား မင်္ဂလာတောင်ညွန့်ရဲစခန်း(ပ)၃၂၀/၁၀၊ မြောက်ပိုင်းခရိုင် တရားရုံးပြစ်မှုကြီး အမှတ် ၁၀၂/၁၀၊ ပုဒ်မ၃၀၂(၁)(ခ)/၁၁၄ အရ သေဒဏ်၊ ပုဒ်မ ၃၂၆/၁၁၄ အရထောင် ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၃၂၄/ ၁၁၄အရ ထောင်ဒဏ်(၃)နှစ်တို့အား တစ်ပေါင်း တည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နှင့် မင်္ဂလာတောင်ညွန့်(ပ)၃၂၀/၁၁၄၊ မြောက်ပိုင်းခရိုင် တရားရုံးပြစ်မှုကြီး အမှတ် ၁၀၃/၁၀၊ ပေါက်ကွဲစေတတ် သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃/၆အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ မင်္ဂလာတောင်ညွန့်ရဲစခန်း(ပ) ၄၃၇/၁၀၊ မြောက်ပိုင်းခရိုင် တရားရုံး ပြစ်မှုကြီးအမှတ် ၁၀၄/ ၁၀၊ မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)အရ ထောင်ဒဏ်(၃)နှစ်၊ မင်္ဂလာတောင် ညွန့်ရဲစခန်း(ပ)၄၃၈/ ၁၀၊ မြောက်ပိုင်း ခရိုင်တရားရုံးပြစ်မှုကြီးအမှတ် ၁၀၅/ ၁၀၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၁၃(၁)အရ ထောင်ဒဏ်(၃)နှစ်တို့ အား တစ်ပေါင်းတည်း ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ပြစ်မှုကြီးအမှတ် ၁၀၂/၁၀၊ ၁၀၃/၁၀၊ ၁၀၄/၁၀၊ ၁၀၅/၁၀တို့မှ ပြစ်ဒဏ်အားလုံးအားတစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။ မြောက်ပိုင်းခရိုင် တရားရုံးပြစ်မှုသေး အမှတ် ၄၅/ ၁၀၊ ၄၆/၁၀၊ ၄၇/၁၀၊ ၄၈/၁၀ တို့မှ တရားခံပြေး သူရဇော်၊ မျိုးအေး၊ အောင်ကြီး၊ ရဲသီဟတို့အား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အရ ဆောင်ရွက်ပြီး အမှုခေတ္တပိတ်ခဲ့ပါကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အမိန့်ချမှတ်ခဲ့ပြီးနောက် တရားစီရင်ရေးတွင် အမှုအချို့ကို ပြည်သူများ မျက်ကွယ်၌ စစ်ဆေးခြင်း၊ စီရင် ချက်ချမှတ်ခြင်းတို့ ရှိနေသည့် အပေါ် ဝေဖန်သုံးသပ်ခဲ့ကြပါသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားစီရင်ရေးမူနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ပုဒ်မသုံးခုရှိပြီး ပုဒ်မ ၁၉ ၏ ပုဒ်မခွဲ(က)(ခ)(ဂ)တို့ဖြစ်ကြောင်း သိရသည်။ (က)ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ (ခ)ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့ မှောက်တွင်တရားစီရင်ရေး(ဂ)အမှုများ တွင် ဥပဒေအရခုခံချေပခွင့်နှင့် အယူခံ ပိုင်ခွင့်ရရှိရေးဟူ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၁၉တွင် ပြဋ္ဌာန်းထားပါသည်။

ကျွန်တော့်နိုင်ငံရဲ့ အပြောင်းအလဲကို နောက်ပြန်လှည့်သွားနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ တရားစီရင်ရေး မဏ္ဍိုင်(Rule of Law) ယိမ်း ယိုင်ခြင်း၊ အဂတိတရားလိုက်စားခြင်း (corruption) တို့ဟာ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ မျှတမှန်ကန်တဲ့ တရားစီရင်ရေး မဏ္ဍိုင် မရှိခြင်း၊ နယ်ပယ် အသီးသီးမှာ အဂတိတရား လိုက်စားခြင်း၊ အလွဲသုံးစားပြုမူခြင်းတို့ကြောင့် နိုင်ငံရဲ့ ပုံရိပ် အကြီးအကျယ် ထိခိုက်နေရပါတယ်  . . .
ထို့အတူ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင်လည်း တရားစီရင်ရေး ဆိုင်ရာမူများနှင့် ပတ်သက်၍ ပုဒ်မ၃ (က)မှ(ဆ)အထိ ပြဋ္ဌာန်းထားကြောင်း သိရသည်။ ထိုသို့ ပြဋ္ဌာန်းထားသည် ဖြစ်ရာ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၃(က)တွင် ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေးဟူ၍ လည်းကောင်း၊ ပုဒ်မ ၃(ခ)တွင် ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူရှေ့တွင် တရားစီရင်ရေးဟူ၍ လည်းကောင်း၊ ပုဒ်မ၃(ဂ)၌အမှုများတွင် ဥပဒေအရခုခံ ချေပခွင့်နှင့်အယူခံ ပိုင်ခွင့်ရရှိရေးဟူ ၍လည်းကောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ အစရှိသော ပြဋ္ဌာန်းချက်များသည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပုဒ်မ၁၉(က၊ခ၊ဂ) တို့၏ ပြဋ္ဌာန်းချက်များနှင့် အတူတူပင် ဖြစ်သည်ကို တွေ့ရှိရပါသည်။
လက်ရှိအချိန်တွင် တရားစီရင်ရေး၌ အမှုအချို့အား စီရင်ဆုံးဖြတ်ရာ ၌ ပြည်သူများ၏ရှေ့မှောက်တွင် စီရင် ဆုံးဖြတ်ခြင်းမဟုတ်သောကြောင့် အထင်အမြင် လွဲမှားစရာများ ရှိနေကြောင်း ပြည်သူများ၏ကွယ်ရာ၌ အမိန့်ချမှတ် ခဲ့သော အမှုများကသက်သေပင် ဖြစ်ကြောင်း အမှုသည်အချို့က ၎င်းတို့၏ အမြင်ကို ပြောကြားပါသည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ၁၉၇၄ ခုနှစ်ပြည်သူ့ တရားသူကြီးအဖွဲ့ ဥပဒေ၊ ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေနှင့် ၂၀၀၀ပြည့်နှစ် တရားစီရင် ရေးဥပဒေများတွင် သတ်မှတ်ထားသည့် တရားသူကြီးများသည်ပြစ်ဒဏ်ကျခံနေ ရသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ရသင့်ရထိုက် သော အခွင့်အရေးများခံစားနိုင်ရေးနှင့် အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေ ရေးအတွက် အကျဉ်းစခန်းများ၊ ရဲဘက် စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများ အားစစ်ဆေးကြည့်ရှုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်းနှင့်ထို့အတူ ၂၀၁၀ ပြည့်နှစ်ပြည်ထောင်စု တရားစီရင်ရေးဥပဒေ တွင်လည်း အဆိုပါကဲ့သို့ပင်ဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏စက်ရှင် တရားသူကြီးများသည် အကျဉ်းထောင်များသို့ သွားရောက် စစ်ဆေး၍ အစီရင်ခံရန်နှင့် တရားဝင် ထုတ်ပြန်ရန်နှင့်စ ပ်လျဉ်းသည့် မေးခွန်း နှင့်ပတ်သက်၍ ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုလိုပွင့်လင်းလာတဲ့ ဒီမိုကရေစီခေတ်ထဲမှာ အများပြည်သူကို မကွယ်မ၀ှက်ဘဲ စီရင်ချက်ချတာ မျိုးပဲ ဖြစ်စေချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉(ခ)နဲ့ ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မ (ခ)တို့အရ အများပြည်သူရှေ့မှောက်မှာ တရား စီရင်ရေးဆိုတဲ့မူကို လက်တွေ့ကျင့်သုံး သင့်ပါတယ်။  ဒါပေမယ့် အဲဒီပုဒ်မတွေ မှာ ပြဋ္ဌာန်းထားတာက ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူရှေ့မှောက် တွင် တရားစီရင်ရေး ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာအနေနဲ့ ဥပဒေအရကန့် သတ်ချက်ရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့အမှုကို ပြည်သူကွယ်ရာမှာ စစ်မယ်ဆိုလည်း စစ်လို့ရပါတယ်။ ဒါပေမယ့် အရာရာကို ပွင့်ပွင့်လင်းလင်းပဲထင်သာ မြင်သာရှိအောင်လုပ်ချင်တယ်ဆိုရင် အဲဒီ ပုဒ်မမှာပါတဲ့ ပြည်သူ ရှေ့မှောက်မှာ တရားစီရင်ရေး ဆိုတဲ့မူကို ကျင့်သုံးသင့်ပါတယ်” ဟု ရှေ့နေတစ်ဦးက သုံးသပ်ပါသည်။
“ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူရှေ့မှောက်တွင် တရားစီရင်ရေးလို့ ဥပဒေမှာဆိုထားတော့ ဥပဒေအရ ကန့်သတ်ချက်ဆိုတာ အစိုးရ က သတ်မှတ်တဲ့ပေါ်မှာ မူတည်ပါတယ်။ မပွင့်လင်းချင်ရင် ဥပဒေအရ ကန့်သတ်ချက်လို့ ပြောလို့ရသလို၊ ထုတ်ပြန်ချင်ရင်တော့ ဥပဒေအရ ကန့်သတ်ချက်မရှိ လို့ဆိုပြီး ပြောလို့ရပါတယ်။ အချို့ကိစ္စ တွေမှာ ဘယ်သူကဘယ်လိုလုပ်တာကို သတင်းစာမှာ အသေးစိတ်ဖော်ခဲ့ပြီး အမှုစစ်တဲ့အခါ၊ စီရင်ချက်ချတဲ့အခါ ကျမှ ပြည်သူကွယ်ရာမှအမိန့်ချတာ မဖြစ်သင့်ပါဘူး။ ဒါပေမယ့်အခုအချိန် ထိ ပြည်သူကွယ်ရာမှာ စီရင်ချက်ချတဲ့ တရားစီရင်ရေးမူကို ကျင့်သုံးနေတယ် ဆိုတာကတော့ ပြည်သူတွေအပေါ်မှာ မရိုးသားမပွင့်လင်းရာ ရောက်နိုင်ပါတယ်”ဟု ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပါသည်။
“ကိုဖြိုးဝေအောင်နဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်က အင်းစိန်တရားရုံးအထိကိုသွားပြီးတော့ သက်သေထွက် ဆိုခဲ့ရတဲ့ သူတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုရင် ကိုဖြိုးဝေအောင်ကို ထောင်ထဲကို စစချင်းဖမ်းပြီး ခေါ်ဆောင် လာခဲ့စဉ်ကာလမှာ သူ့ကိုနှိပ်စက်ညှဉ်းပန်းမှုတွေ ရှိမရှိ၊ Pressure ပေးမှုတွေ ရှိမရှိဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားသူကြီးက မေးတယ်။ အဲလိုမေးတဲ့အခါမှာ ကျွန်တော်ပြောခဲ့တယ်။ ရှိတာပေါ့လို့။ ဘာလို့လဲဆိုတော့ သူ့ကို အခန်းတံခါးပိတ်ပြီးတော့ တစ်ဦးတည်း စစ်ကြောတယ်။ အစားအသောက်ပုံမှန် စားရတာ၊ ရေပုံမှန်ချိုးရတာမျိုး မရှိဘူး။ အပြင်လမ်းလျှောက်တဲ့ အချိန်လဲနည်းပြီးတော့ ကျွန်တော်တို့ အခြားအကျဉ်းသားတွေနဲ့လည်း ပေးမတွေ့တဲ့အပြင် ကို ညမိုးချုပ်တဲ့ အချိန်တွေကျမှသူ့ ကို သီးခြားခေါ်ထုတ်သွားတာမျိုးလည်း ရှိတယ်လို့။ ဘာတွေစစ်ကြောလဲတော့ ကျွန်တော်လည်း မသိဘူးလို့။ ဒါဟာ ဆိုလို့ရှိရင် အကျဉ်းသားတစ်ယောက် ကို ခြိမ်းခြောက်ပြီးတော့မှ အတင်းအကျပ် ထွက်ဆိုခိုင်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲလိုပဲ ကျွန်တော်တော့ ယူဆတယ်။ လက်ရှိအခြေအနေမှာ တရားစီရင်ရေးဟာ မထူးခြားသေးဘူး လို့ပဲမြင်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒါမှမဟုတ်တရား ဥပဒေနဲ့အညီ မဖြစ်တာတွေဟာ တရားရုံးတွေတိုင်းမှာ ရှိနေဆဲပဲလို့ ကျွန်တော်တော့မြင်တယ်။ လူထုရဲ့ အာရုံစိုက်မှု ပြောင်းသွားလို့သာစာမျက်နှာတွေမှာ ထင်ထင်ရှားရှား မတွေ့ရတာ။ အဲတော့ ပြန်ပြီးတော့ ကျွန်တော်တို့က အာရုံမစိုက်တာ၊ ဂရုမစိုက်တာတွေကို ပြန်လေ့လာရမယ်။ ပြန်သုံးသပ်ရမယ်။ ဝေဖန် စရာရှိတာဝေဖန်ရမယ်။ ထောင်တွေ ထဲမှာကျန်နေသေးတဲ့ သူတွေနဲ့ပတ် သက်လို့တော့ တကယ်ပြစ်မှု ကျူးလွန်ထားခြင်း မရှိပါဘဲနဲ့ အမှုမှန်ကလည်း ပေါ်ပေါက်နေပြီ၊ တရားခံအစစ်က လည်းတွေ့နေပြီ ဆိုပေမယ့် လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူတွေဟာ ပြစ်မှုကနေ လွတ်မြောက်လာခြင်း မရှိသေးဘူးပေါ့။ ဥပမာ သရက်ထောင်မှာရှိတဲ့ ကိုသန်းဇော်လို ကိစ္စမျိုးပေါ့ နော်။ တရားခံအစစ်ကလည်း တစ်နေရာမှာမိနေပြီ။ ဒါပေမယ့် သူက တရားခံအစစ် မဟုတ်မှန်း သိပေမယ့်လည်း သူ့ကိုဆက်လက် ဖမ်းဆီးထားတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ နောက်တစ်ခါ ကျွန်တော်တို့ ဗကသတွေ အရင်တုန်းက ၉၆၊ ၉၈ ကလုပ်ခဲ့တဲ့ ကိုအေးအောင်တို့၊ ဆရာဦးရွှေထူးတို့ လူမျိုးတွေ၊ နောက်ပြီးတော့ မြင်းခြံထောင်က ကောရိလ်ယိုလို လူမျိုးတွေ။ သူ့ရဲ့အမှုတွဲတွေ က လွတ်မြောက်သွားပြီ။ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။ချထားတဲ့ ပုဒ်မ ကလည်း တစ်ခုတည်းပဲ ကျန်တဲ့သူတွေ လွတ်မြောက်သွားပြီ။ သူကျန်ရစ်ခဲ့တာဟာ မဖြစ်သင့်ဘူး။ နောက်တစ်ချက် က အချို့ကိစ္စတွေမှာ ဆိုလို့ရှိရင် စစ် ထောက်လှမ်းရေးက ဖမ်းဆီးခဲ့တဲ့အမှု တွေဟာ အဲဒီစစ်ထောက်လှမ်းရေးတွေတောင်မှ မှားယွင်းဖမ်းဆီးခဲ့တဲ့အတွက် ဆိုပြီးတော့ အကျဉ်းသားတချို့ကို ၂၀၀၅ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တာတွေ ရှိတယ်။ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ သူတွေအခုချိန်ထိ ဖမ်းဆီးထားခြင်း ခံရတယ်။ ဒါဟာဆိုလို့ရှိရင် နှစ်ကာလတွေ ကျော်လွန်နေပြီ။ သူတို့ကို ဖမ်းဆီး ထားတဲ့ စစ်ထောက်လှမ်းရေးတွေတောင်မှ ပြန်လွတ်လာပြီဆိုလို့ရှိရင် သူတို့က ပိုပြီးတော့တောင် လွတ်သင့်သေးတယ်။ ကျွန်တော်ကတော့ အဲလိုပဲ မြင်ပါတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဖြစ်မြောက်ရေးအတွက် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါသည်။
“၂၀၀၃ ခုနှစ် EMG  ကို ၀င်ရောက်စီးနင်းရှာဖွေပြီး ကျွန်တော်အပါအ၀င် လူငါးယောက်ကို ဖမ်းသွားတယ်။ လေးယောက်ကို ပြန်လွှတ်ပြီး တစ်ယောက်ကို ဗုံးခွဲရန်ကြံစည်မှု၊ နိုင်ငံတော် အကြီးအကဲတွေကို လုပ်ကြံရန် စီစဉ်မှုဆိုပြီး သေဒဏ်ချမှတ်ခဲ့တယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်အသေးစိတ် စောင့်ကြည့်ခဲ့တယ်။ ဒီအမှုဟာ ဇာတ်ညွှန်းတစ်ခုပါ။ ဒီလိုဇာတ်ညွှန်းတွေနဲ့လူ ဘယ်လောက် သေဒဏ်ကျခံ ရပြီလဲ။ ထောင်ကျခဲ့ရပြီလဲ။ အခု ကိုဖြိုးဝေအောင်အမှုက ဘယ်လောက်မှန်သလဲဆိုတာ မသိရပေမယ့် အမှုစစ်ဆေးမှု ကာလအတွင်း လေ့လာစောင့်ကြည့်မှုတွေ အရသူဟာ လုံလောက်မျှတတဲ့ တရားစီရင်မှု မခံရဘူး။ လုံလောက်တဲ့ ချေပပိုင်ခွင့် မရှိဘူးဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲကို နောက်ပြန်လှည့်သွားနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ တရားစီရင်ရေးမဏ္ဍိုင် (Rule of law) ယိမ်းယိုင်ခြင်း၊ အဂတိတရား လိုက်စားခြင်း (corruption)တို့ဟာ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ မျှတမှန်ကန်တဲ့ တရားစီရင်ရေးမဏ္ဍိုင် မရှိခြင်း၊ နယ်ပယ်အသီးသီးမှာ အဂတိ တရားလိုက်စားခြင်း၊ အလွဲသုံးစားပြု မူခြင်းတို့ကြောင့် နိုင်ငံရဲ့ပုံရိပ် အကြီးအကျယ် ထိခိုက်နေရပါတယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် ရှေ့ကိုဆက်သွားမယ် ဆိုရင်တော့ ဒီနှစ်ချက်ကို အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ကျကျ ပြုပြင်မှရမယ်”ဟု Eleven Media Group ၏ CEO  ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။
နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြန်လည် လွတ်မြောက်လာသူအချို့၏ အမြင်များ
‘တရားရင်ဆိုင်ခဲ့ရတာက ထောင်ဘူးဝမှာ ထောင်ပိုင်ရုံးခန်းမှာပဲ အထူးခုံရုံးဆိုပြီးဖွဲ့တယ်။ နောက်ပြီး ကျွန်တော်တို့ကို မနက်ကျလို့ရှိရင် တရားရုံးမှာ စစ်မယ့်ဟာကို ညကြီးမှာ ပြင်ဆင်ထားခွင့်ရှိတယ် ဆိုပြီး လာပြောတယ်ဗျာ။ ကျွန်တော်မှ တစ်ခါမှမရောက်ဖူးတဲ့မြို့မှာ ခြေကျင်းတွေ၊ လက်ထိတ်တွေနဲ့ ဘယ်လိုလုပ်ပြီး ရှေ့နေထွက်ငှားမလဲဗျာ။ အဲလိုပေါ့။ ကမောက်ကမနိုင်ပြီးတော့ ဒါဟာတရားသလား၊ မတရားသလား ဆိုတာကို တားမြစ်ဖို့လိုတယ်။ နောက်တစ်ခုက တရားရုံးဆိုတာ အများပြည်သူလာရောက် နားထောင်ခွင့်ရှိကိုရှိရမယ်။ လွတ်လပ်ပွင့်လင်းတဲ့ တရားရုံးဖြစ်ရမယ်။ အဲဒါ ကျွန်တော်တို့ရဲ့အခြေခံစံညွှန်းပဲ။ ဒါမှ ရှေ့နေတွေ၊ ရှေ့ရပ်တွေနှစ်ဖက်ရဲ့ အပြိုင်လျှောက်လဲမှုပေါ် မူတည်ပြီးတော့ ဒီလာပြီးတော့ နားထောင်တဲ့ ပရိသတ်တွေက သူတို့ကိုယ်တိုင်၊ သူတို့အတွေးနဲ့ ဒီဟာကို သုံးသပ်ခွင့်ရှိရမှာပေါ့။ တကယ် ဆုံးဖြတ်တာကတော့ တရားသူကြီးဆိုတာ ကျွန်တော်မငြင်းပါဘူး။
တကယ်တော့ဗျာ။ အဲဒီအထူးတရားရုံးလို့ နာမည်တပ်ထားတာတွေ အားလုံးဟာ Open Court အများပြည်သူရှေ့မှောက်မှာ စစ်လို့ရတဲ့ကိစ္စတွေချည်းပါပဲ။ ဘာမှကျွန်တော်တို့မကြားဝံ့၊ မနာသာကိစ္စမျိုးတွေ၊ ယဉ်ကျေးမှုအရ မောင်နဲ့နှမ၊ သားနဲ့အမိ မကြားမနာကောင်းတဲ့ အရာတွေဘာမှမပါပါဘူး။ နိုင်ငံရေးကိစ္စတွေ ချည်းပါပဲ။ အဲတော့နိုင်ငံရေး အရဖြစ်တဲ့ကိစ္စကို နိုင်ငံရေးအရ တရားရုံးမှာ နှစ်ဖက်လျှောက်လဲကြဖို့၊ နှစ်ဖက် ရှေ့နေတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပေါ့။ သူတို့ရဲ့ ပြောစကားတွေကို ပြည်သူတွေ နားထောင်ခွင့်ပေးသင့် ပါတယ်။ ဒါကဖြစ်ကို ဖြစ်သင့်တဲ့ကိစ္စပါ။
အဲတော့အများစုဟာ အရင်ခေါက်ရိုးကျိုး၊ အရင်ပုံစံဟောင်းကြီးထဲမှာပဲ သွားနေကြဆဲပါပဲ။ အထူးသဖြင့် အာဏာသုံးရပ်မှာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာသုံးရပ်ထဲမှာ ကျွန်တော်တို့ မပြောင်းလဲနိုင်ဆုံးကတော့ တရားစီရင်ရေးအာဏာပါပဲဗျာ။ အဲဒါကတော့ရှေ့ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော် သွားဖို့ဆိုလို့ရှိရင် တရားစီရင်ရေး အာဏာမပြောင်းလဲနိုင်ဘူး ဆိုရင်တော့ တကယ့်တကယ် ဒီမိုကရေစီကို မရောက်နိုင်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့တရားရုံးတွေကို ပွင့်လင်းမြင်သာတဲ့ တရားရုံး Open Court ဖြစ်ဖို့တော့ လိုပါတယ်။ ဒါမှပဲပြည်သူတွေက ဘယ်သူကတော့ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာမျိုး။ စွပ်စွဲချက်တွေဟာ ယုတ္တိယုတ္တာတန်တယ် မတန်ဘူးဆိုတာမျိုး ပြည်သူတွေ ကိုယ်တိုင်လာရောက်နားထောင်ပြီးတော့ ဆုံးဖြတ်ခွင့်ရတာပေါ့ဗျာ။ သူတို့ရဲ့ စိတ်ထဲမှာ သူတို့နားလည်တဲ့ အမှန်တရားနဲ့ သူတို့ကိုယ်တိုင် သုံးသပ်ခွင့်ရတာ ကောင်းပါတယ်။ အဲဒီအခါမှာ တရားသူကြီတွေ ဆုံးဖြတ်တာဟာ တရားသလား၊ မတရားဘူးလား ဆိုတာ ပြည်သူတွေသိရမှာပေါ့။’
(၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်

‘ဒီတရားစီရင်ရေးစနစ်ဟာ တကယ် အများပြည်သူကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်သင့်တယ်။ အများပြည်သူကို ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဥပဒေမျိုး မဖြစ်ရဘူး။ နောက်တစ်ချက်က အုပ်ချုပ်သူလူတန်းစာဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ်ဗျာ။ အုပ်ချုပ်သူ လူတန်းစားဆိုတာ ဒီမိုကရေစီအစိုးရ တက်လာရင်ပဲဖြစ်ဖြစ်၊ လက်ရှိအစိုးရပဲ ဖြစ်ဖြစ်၊ အရင်က စစ်အစိုးရပဲဖြစ်ဖြစ်၊ အားလုံးကို ကျွန်တော် ညွှန်းတာပါ။ အုပ်ချုပ်သူလူတန်းစား တစ်ခုတည်းကိုပဲ အကာအကွယ်ပေးတဲ့ ဥပဒေမျိုးမဖြစ်သင့်ဘူး။
လက်ရှိအခြေအနေနဲ့ပတ်သက်လို့ တရားစီရင်ရေးစနစ်ကို ပြောရင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပါတဲ့ တရားစီရင်ဟာကို ပြောရလိမ့်မယ် ထင်တယ်။ အများပြည်သူ ရှေ့မှောက်မှာ တရားစီရင်ရမယ်ဆိုတာ ပါသလို ဥပဒေအရ ကန့်သတ်ထားတဲ့ ကိစ္စတွေမှအပ အများပြည်သူရှေ့မှောက်မှာ ဒါမျိုးတွေပါနေတယ်။ အဲဒီအခါကျတော့ မေးစရာရှိလာတယ်။ ဥပဒေအရ ဥပဒေအရ ဆိုတဲ့စကားလုံးဟာ။ ဆိုပါတော့ဗျာ။ အခုနိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်မှာတရားစီရင်ခံနေတဲ့သူတွေ အကုန်လုံးက ဘယ်အရပ်တရားရုံးမှာမှ စီရင်တာမျိုးမရှိဘဲ ထောင်ထဲကို သွားပြီးတော့မှ ထောင်တွင်းဓမ္မာရုံမှာ၊ ထောင်ပရ၀ဏ်အတွင်း ဓမ္မာရုံမှာ စီရင်တာ။ X2O ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး သေဒဏ်ကျခံခဲ့တာ၊ အဲဒီတော့ ကျွန်တော်ဆိုလိုချင်တဲ့ သဘောက ဒီလူတစ်ယောက်ဟာ ပြစ်မှုကျူးလွန်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် စွပ်စွဲခံရတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကျူးလွန်ရင်လည်း ကျူးလွန်တဲ့အလျောက် အများပြည်သူ ထင်သာမြင်သာရှိတဲ့ တရားရုံးတွေမှာ အများပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်ခွင့်ရှိရမယ်။ ကျူးလွန်တာ၊ မကျူးလွန်တာ တစ်ပိုင်းပဲ။ ကျူးလွန်တဲ့အပေါ်မှာ သူ့ရဲ့ခုခံချေပခွင့် ဒါကျွန်တော်တို့ right ပေါ့။ ဒါအပြည့်အ၀ ပေးရမယ်။ ဒါဟာနိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဥပဒေပြုရေး အာဏာဟာ အများပြည်သူထင်သာမြင်သာရှိနေပါပြီ။ တီဗီကနေ ပြတယ်။ လွှတ်တော်ထဲမှာ အပြန်အလှန် မေးခွန်းတွေမေးတယ်။ ကျွန်တော်တို့ စိတ်တိုင်းကျ မဖြစ်သေးပေမယ့် ဆွေးနွေးချက်တွေကို အများပြည်သူ သိနေရပြီ။ကြားနေရပြီ။ နောက်တစ်ခါ အုပ်ချုပ်ရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာမှာဆိုရင်လည်း သမ္မတက ပြည်သူတွေရဲ့စကားသံတွေကို နားထောင်တယ်။ ဥပမာအားဖြင့် မြစ်ဆုံ ကိစ္စဆုံးဖြတ်လိုက်တဲ့ဟာ။ ဒါအများပြည်သူထင်သာမြင်သာရှိတယ်။ အဲဒီတော့ တရားစီရင်ရေး အာဏာ ကတော့ ကျွန်တော်တို့တွေ ပျောက်နေတဲ့အရာပဲ။ ထင်သာမြင်သာ ကျင့်သုံးနေတာမတွေ့ရဘူး။ တရား စီရင်ရေးနဲ့ပတ်သက်ပြီး ပိုပြီးတော့ နားလည်လာအောင်၊ တရားဥပဒေကို ခိုင်ခိုင်မာမာနဲ့ ပြည်သူတွေအားကိုး လာအောင် တည်ဆောက်တာမျိုးကို ကျွန်တော်တော့ အခုထက်ထိ မမြင်ရသေးဘူးဗျ။ ဒါတွေဟာ စောစော ကပြောတဲ့ အမှုတွေမှာ အထင်အရှားရှိတယ်။ ကျွန်တော်ပြောတာက နိုင်ငံရေးအမှုတွေမှာမှ မဆိုလိုချင်ပါဘူး။ တခြားသော ပြစ်မှုကျူးလွန်တဲ့ ကိစ္စတွေလည်းရှိပါတယ်။ ဒီအမှုကရှုံးတယ်ပဲထားထား၊ နိုင်တယ်ပဲ ထားထား အဲဒီလူတစ်ယောက် ပြစ်မှုကျူးလွန်တာ အမှန်ပဲထား။ သို့သော် ထိုက်သင့်တဲ့ပြစ်မှုဥပဒေဖြစ်ရမယ်။ သူ့အတွက်ကို အတင်းအဓမ္မ ထောင်ချတာမျိုး မဖြစ်စေချင်ဘူး။ ခုခံကာကွယ်ပိုင်ခွင့် အပြည့်အ၀ပေးရမယ်။ အခုထက်ထိ ဆိုးရွားနေတဲ့ကိစ္စက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အများပြည်သူရှေ့မှောက်မှာ တရား စီရင်တာ မရှိသေးဘူးဗျ။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲမှု၊ တိုးတက်မှုတော့ ကျွန်တော်မတွေ့ သေးဘူး။’
(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမြအေး

‘ကျောင်းသူဘ၀နဲ့ ဗကသမှာ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုမှာ အစ်မကလှုပ်ရှားတယ်။ နေ့ထူး နေ့မြတ်တွေမှာ ချီတက်တယ်။ လမ်းလျှောက်တယ်။ စက်ဘီးတွေနဲ့ တန်းစီပြီးတော့ သွားတယ်။ အဲလိုပုံစံမျိုးတွေ လုပ်တာကို သူတို့ကစွပ်စွဲတာကျတော့ ဘာလဲဆိုတော့ ပြည်သူလူထုကိုပေါ့နော်။ စိတ်သောကဖြစ်အောင်လုပ်မှု၊ ပြည်သူလူထုကို ကြောက်လန့်အောင်ခြောက်လှန့်မှု၊ ပြည်သူလူထု ကာယိနြေ္ဒ ပျက်စီးအောင် စွဲဆောင်မှုဆိုပြီးတော့ အဲဒီသုံးမှုနဲ့အစ်မကိုစွပ်စွဲတယ်။ အရေးပေါ် အက်ဥပဒေပုဒ်မ ၅(ည)နဲ့သုံးနှစ်ပြစ် ဒဏ်ချမှတ်တယ်။ အဲလိုပြစ်ဒဏ်ချတော့ ခုနတရားစွဲဆိုတဲ့ အပေါ်မှာပေါ့နော်။ တရားခံ တစ်ယောက်အနေနဲ့ အပြစ်ရှိပါသလားလို့ သူကမေးတယ်။ သုံးခါမေးတယ်။ မေးပြီးတော့ အစ်မကမရှိပါဘူး။ မရှိပါဘူးလို့ သုံးခါ ဖြေတယ်။ ဆိုတဲ့အခါကျတော့ ကောင်းပြီ၊ အပြစ်မရှိဘူးဆိုလို့ရှိရင် အထောက်အထားနဲ့ပြောပါဆိုပြီး ကျမ်းကျိန်ခိုင်းပြီးတော့ ပြောခိုင်းတယ်။ပြောခိုင်းတော့ အစ်မကလည်း ပြောလိုက်တယ်။ အမျိုးသမီးတစ်ယောက်၊ မိန်းကလေးတစ်ယောက် အနေနဲ့ဘယ်သူ့ကိုမှ ကာယိနြေ္ဒပျက်စီးအောင် စွဲဆောင်မှု မလုပ်ခဲ့ဘူးဆိုတာကို ကျွန်မရဲ့ ဂုဏ်သိက္ခာကိုပေါ့နော်။ မန္တလေးပြည်သူလူထု တစ်ရပ်လုံးကလည်း သိရှိပြီးသား ဖြစ်ပါတယ်။ ဒါကိုပေါ့နော်။ ဒီပုဒ်မ တပ်တယ်ဆိုတာက အင်မတန်မှလွဲမှားတဲ့ ပုဒ်မဖြစ်တဲ့အတွက်ကြောင့် ကျွန်မမှာ အပြစ်မရှိပါဘူး။ ပြည်သူလူထုကို ခြိမ်းခြောက်အောင် လုပ်ဆောင်မှု၊ ပြည်သူလူထု အိနြေ္ဒပျက်လောက်အောင် လုပ်ဆောင်မှုဆိုတဲ့ အမှုတွေကလည်း ကျွန်မတို့ လုပ်သမျှအလုပ်တွေဟာ ပြည်သူလူထု အကျိုးအတွက် လုပ်တာဖြစ်တယ်။ အဲဒီအတွက်လည်း ပြည်သူလူထုရဲ့ ထောက်ခံမှုအပြည့်အ၀ ရပြီးသား။ ဒါပေမယ့် တရားရုံးမှာရှိနေတဲ့ တရားသူကြီးတွေရော၊ ရှေ့နေတွေရော၊ ၀န်ထမ်းအားလုံးရော သိရှိပြီးသားဖြစ်ပါတယ်။ မန္တလေးမြို့ တစ်မြို့လုံးက ကျွန်မတို့အထက်ဗမာပြည် ဗကသကျောင်းသားများကို ဘယ်လောက်ထိ ထောက်ခံတယ်။ အားပေးတယ်ဆိုတာကိုလည်း အားလုံးသိရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကျန်တာ ထွေထွေထူးထူးပြော စရာမလိုပါဘူးလို့ အစ်မက အဲလိုမျိုး ငြင်းချက်ထုတ်လိုက်တယ်။ ငြင်းချက်ထုတ်လိုက်တော့ အဲဒီမှာ စီရင်ချက်ချတဲ့ သူကနေပေါ့နော်။ သမီးရယ်တဲ့။ သမီးအတွက်က အမိန့်ချဖို့ရာအတွက်ဟာ ဟောဒီက စာအိတ်ထဲမှာ ပါပြီးသားတဲ့။ အဲဒီစာအိတ်ကလေးထဲကဟာ ဖောက်ဖတ်ပြီးတော့ မာမာဦးဟာ ခုနကပြောတဲ့ ပုဒ်မတွေအရပေါ့နော်။ အမှုမြောက်တဲ့အတွက် ထောင်ဒဏ်သုံးနှစ် ကျခံစေဆိုပြီးတော့ တရားရုံးကနေ စီရင်ချက်ချလိုက်တာ။ အဲတော့ စာအိတ်ထဲက ထွက်လာတဲ့အမိန့်ပဲ။ အဲဒီစာအိတ်ထဲက ထွက်လာတဲ့ အမိန်နဲ့အစ်မက ထောင်သုံးနှစ်ကျခဲ့တယ်။ ၈၉ ခုနှစ်မှာ။ ဒါပထမဆုံး ထောင်ကျခြင်းပဲ။
လက်ရှိ တရားစီရင်ရေးစနစ် ကတော့ အရင်ကနဲ့ အတူတူပါပဲ။ အစ်မကတော့ အမှန်တရားကို ပေါ့နော်။ သိရှိနားလည်တဲ့ ဥပဒေပညာရှင်တွေ အနေနဲ့ပေါ့နော်။ သူတို့ကလည်း ဒီတစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဥပဒေကျမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားလာခဲ့တဲ့ ပညာရှင်တွေပါ။ ကိုယ့်ပ ညာအရည်အချင်းနဲ့ ကိုယ်၊ ကိုယ့်ဦးနှောက်နဲ့ကိုယ် သုံးသပ်နိုင်တဲ့ အဆင့်မြန်မြန်ရပါစေလို့ပဲ ဆုတောင်းပါတယ်’
ထောင်ဒဏ်(၆၅)နှစ်ချမှတ်ခံရပြီး ပြန်လည် လွတ်မြောက်လာသူ(၈၈)မျိုးဆက်ကျောင်းသူ မမာမာဦး

0 comments:

Post a Comment