မေလ၊ ၄ ရက်၊ ၂၀၀၉ ခုနှစ်

အဆိုပါ ဆွေးနွေးပွဲတွင် ကနေဒါနှင့် အာရှနိုင်ငံများမှ ကမ္ဘောဒီးယား၊ ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ ထိုင်း၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ မွန်ဂိုးလီးယား၊ နီပေါ၊ သီရိလင်္ကာ ဟောင်ကောင်၊ အင်ဒိုးနီးရှား၊ အိန္ဒိယ စသည့်နိုင်ငံများမှ တရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ဥပဒေ ပညာရှင်များက ၎င်းတို့နိုင်ငံအတွင်း ကြုံတွေ့နေရသော တရားစီရင်ရေးဆိုင်ရာ အားနည်းချက်များကို မည်သို့ပြင်ဆင် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဥပဒေပညာရှင်များ အထူးအလေးပေး ဆွေးနွေးသည့်အချက်မှာ - ဖြစ်မှုများ စုံစမ်းရာတွင် ကြံ့ကြာမှု၊ တရားသူကြီးများ၏ လာဘ်စားမှု၊ စစ်တပ်မှ ခြယ်လှယ်မှု စသည့် တရားစီရင်ရေးစနစ် အားနည်းစေသည့် အချက်များကို တင်ပြပေးသွားမည် ဖြစ်ပါသည်။
၎င်းတို့ တင်ပြဆွေးနွေးသော ပထမအချက် တရားစီရင်ရေးစနစ် အားနည်းစေသော အကြောင်းမှာ - ပြစ်မှုများ စုံစမ်းရာတွင် ကြံ့ကြာနေမှုဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ အချို့နိုင်ငံများတွင် ပြစ်မှုများ စုံစမ်းရေးအတွက် ရဲများအား လုံလောက်သော သင်တန်းများ ပို့ချပေးမှု မရှိခြင်း၊ စုံစမ်းစစ်ဆေးရေးအတွက် ဘဏ္ဍာငွေ မလုံလောက်ခြင်း၊ ရဲများရရှိသော လစာဝင်ငွေ နည်းလွန်းခြင်းတို့ဖြစ်သည်။
အမှု စုံစမ်းသူ ရဲအနေဖြင့် ၀င်ငွေမလုံလောက်သည့်အခါ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များ၏ လာဘ်ထိုးမှုကို အလွယ်တကူ လက်ခံလာတတ်သည်။ အာဏာပိုင်များနှင့် ဆက်နွယ်သော အမှုများတွင် ဂရုတစိုက် စုံစမ်းစစ်ဆေးမှု နည်းလာပြီး အမှုသည်များအပေါ် ရိုက်နှက်လာသည်အထိ ဖြစ်လာခဲ့သည်။
အမှုစတင် စုံစမ်းသည့်ကာလတွင် ချစားမှုများ အရိုးစွဲလာခဲ့သဖြင့် အမှုစစ်များအနေဖြင့် အမှုကို ခိုင်မှာစွာ စစ်ဆေးရမည့်အစား ဘက်လိုက်ကာ အမှန်တရား ပေါ်ပေါက်ရေးကို အထောက်အကူမပြုတော့ဘဲ တဘက်စောင်းနင်း စစ်ဆေးမှုများကြောင့် တရားရေးမဏ္ဍိုင် ယိုင်လဲခဲ့ရပါသည်။
တရားစီရင်ရေး နယ်ပယ်အတွင်း ရဲများ၊ တရားသူကြီးများနှင့် ရှေ့နေများ၏ လာဘ်စားမှုသည် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည့်အလျှောက် ဂရုစိုက်ဖြေရှင်းရမည့် အချက်ဖြစ်သည်။ လစာငွေနည်းခြင်းကြောင့် တရားသူကြီးနှင့် ရဲများ လာဘ်စားခြင်းသည် ဘေးအန္တရာယ်တခုဖြစ်ပြီး ပြန်လည်ပြုပြင်ရန် သင်ခန်းစာယူဖွယ် အကြောင်းအရာ တရပ်ဖြစ်ပါသည်။
တရားဥပဒေစိုးမိုးမှု အားနည်းသောနိုင်ငံများတွင် လာဘ်စားမှု ဖြစ်ပေါ်လေ့ရှိသည့်အတွက် လာဘ်စားမှု တိုက်ဖျက်ရေးသမိုင်းတွင် ဟောင်ကောင်၏ လွတ်လပ်သော ချစားမှု တိုက်ဖျက်ရေး ကော်မရှင် (Independent Commission Against Corruption/ ICAC) ၏ အောင်မြင်မှုကိုလည်း လေ့လာရန်လိုကြောင်းကို တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြသည်။
စစ်တပ်မှ စိုးမိုးချယ်လှယ်မှုသည် တရားစီရင်ရေး ယန္တရား ပျက်စီးနေရကြောင်းကိုလည်း နိုင်ငံအများအပြားတွင် တွေ့ရသည်။ နိုင်ငံအချို့တွင် စစ်တပ်မှ အရပ်သားအစိုးရထံတွင် အာဏာသိမ်းပြီ်းကြာမြင့်စွာ အုပ်ချုပ်ခဲ့ခြင်းကြောင့် တရားစီရင်ရေးစနစ် ပျက်ပြားခဲ့ရသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ တွင်တကြိမ်၊ ၁၉၈၈ တွင် နောက်ထပ်တကြိမ် အာဏာသိမ်းပြီး ယခုအချိန်အထိ စစ်အမိန့် (Martial Law) အုပ်ချုပ်နေခြင်းကြောင့် တရားစီရင်ရေးစနစ် လုံးဝ ပျက်သုဉ်းနေသည်။
စစ်အာဏာရှင် သမတ မူရှာရက်မှ အရေးပေါ်ကြေငြာချက်ဖြင့် နိုင်ငံအာဏာကို စစ်အမိန့်ဖြင့် အုပ်ချုပ်လိုသော်လည်း ပါကစ္စတန် လူမှုအခြေပြု လူ့အဖွဲ့အစည်း၊ ရှေ့နေနှင့် တရားသူကြီးများ၏ တန်ပြန် တိုက်ပွဲဝင်မှုကြောင့် ပါကစ္စနိုင်ငံ၏ တရားစီရင်ရေးစနစ် အားကောင်းလာစေရန် ဆောင်ရွက်နေချိန် ဖြစ်ပါသည်။
ဥပဒေစိုးမိုးရေး အားမကောင်းခြင်းနှင့် ဒီမိုကရေစီတန်ဘိုး ယိုစိမ့်ကျဆင်းခြင်းတို့သည် လူ့အဖွဲ့အစည်း၏ တရားစီရင်ရေးစနစ်ကို ယိုယွင်း ပျက်သုဉ်းစေသည်။ မျှတကောင်းမွန်သော တရားစီရင်ရေး စနစ်တရပ်ရှိမှသာ ဥပဒေ စိုးမိုးရေး (Rule of Law) နှင့် ဒီမိုကရေစီစနစ် (Democratic System) ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် လူသားတန်ဘိုးနှင့် လူ့အခွင့်အရေးအား ကာကွယ်၊ ဖြည့်ဆီး၊ မြှင့်တင်နိုင်ရန် ဥပဒေပညာရှင်များ ဟောင်ကောင်တွင် ဆွေးနွေးကြခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
nice to see the lawyers' group discussion.
ReplyDelete