Tuesday, March 20, 2012

ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာအမှု တရားရုံး ပယ်ချ.. 20 March 2012 DVB

ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာအမှု တရားရုံး ပယ်ချ

Published on March 20, 2012 by နန်းမြနဒီ   ·   No Comments
မြန်မာစစ်တပ်က ကချင်အမျိုးသမီး တဦးကို ဖမ်းခေါ်သွားပြီး ပျောက်ဆုံးနေတယ် ဆိုတဲ့ အမှုကို ခင်ပွန်းဖြစ်သူက တရားရုံးကို တိုင်ကြားခဲ့ရာမှာ နေပြည်တော် တရားလွှတ်တော်ချုပ် ရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။
မိုးမောက်မြို့နယ် ခိုင်ဗန်ရွာသူ မဆွမ်လွတ်ရွယ်ဂျာကို ခမရ ၃၂၁ က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက် က ပြောင်းဖူးခင်းကနေ ဖမ်းခေါ်သွားခဲ့တဲ့အတွက် အဲဒီကိစ္စကို ခင်ပွန်းဖြစ်သူ ဦးမရူလွန်းဒေါင်က ဇန်န၀ါရီ ၂၇ ရက် နေ့မှာ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ နေပြည်တော်ရှိ တရားလွှတ်တော်ချုပ် ရုံးကို တိုင်ကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်တရားလွှတ်တော်ချုပ်ရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့က မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး ကြားနာ စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရားရုံးကို ဆက်သွယ် မေးမြန်းရာမှာ အမှုကို ပယ်ချလိုက်တယ်လို့ တရားရုံးက ပြောတဲ့အကြောင်း  ကချင် မိသားစုရဲ့  ရှေ့နေဖြစ်သူ ဦးမာခါးက ဒီဗွီဘီကို ပြောပါတယ်။
“ရုံးကို မေးလိုက်တော့ ပယ်တယ် ဆိုတာ လောက်ပဲ ကျနော်တို့ သိရတယ်။ ပယ်ရတဲ့ အကြောင်းကတော့ လျှောက်လဲချက်ပေးတဲ့အခါ တဘက်က ဗိုလ်ကြီးကျော်ကျော်ဌေးဆိုတဲ့ သူက ကိုယ်စားလာတယ်။ ကျနော်တို့ နိုင်ငံတော်အတွက် ဥပဒေ ရှေ့နေနဲ့ လျှောက်လဲတာ ကျတော့ သူတို့ တပ်အနေနဲ့ ဖမ်းဆီးထားခြင်း မရှိဖူး။ ဖမ်းဆီးခြင်းလည်း မရှိခဲ့ဘူး။ ဒါကြောင့် ထုတ်ပြန်စရာ မလိုဘူး ဆိုပြီး သူတို့က လျှောက်တဲ့ အပေါ်မှာ အမိန့်ချမှတ် တာပေါ့။”
မဆွမ်လွတ်ရွယ်ဂျာဘက်ကနေ သူနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ခင်ပွန်းဖြစ်သူနဲ့ ယောက္ခထီးတို့ က သက်သေ ထွက်ဆိုပေမယ့် ဒါဟာ မခိုင်လုံဘူးလို့ တရားရုံးက ပြောခဲ့တယ်။
ဖြစ်စဉ်က တောထဲ တောင်ထဲမှာဖြစ်လို့ တိကျတဲ့ ဓာတ်ပုံ၊ အထောက်အထားတွေ ရဖို့ ခက်ခဲတယ်။ လျှောက်ထားသူဘက်က တကယ် နစ်နာပေမယ့် အမှန်တရား ဖြစ်မလာတဲ့ အတွက် ကျန်တဲ့ ဖြစ်စဉ်တွေ အပေါ်မှာလည်း စိတ်ပူမိတယ်လို့ သူက ဆက်ပြောပါတယ်။
အမှုနဲ့ ပတ်သက်ပြီး ရှေ့နေက  မိသားစုနဲ့ တိုင်ပင်ကာ ပြည်ထောင်စု လွှတ်တော်ကို တင်ဖို့ နည်းလမ်းရှာသွားမယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်  မဆွမ်လွတ်ရွယ်ဂျာဟာ အခါလယ်ရွယ် သမီးတယောက်ရဲ့ မိခင်ဖြစ်ပြီး  ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလက ယာခင်းထဲမှာ ပြောင်းဖူး ချိုးနေစဉ်  ခင်ပွန်း၊ ယောက္ခထီးဖြစ်သူ တို့နဲ့ အတူ ခမရ  ၃၂၁ က စစ်သား ၅ ဦး ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
လမ်းတ၀က်မှာ ခင်ပွန်းနဲ့ ယောက္ခထီးတို့က ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သူကတော့ စစ်သားတွေ နောက် ပါသွားခဲ့တယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ ဆွေမျိုးတွေ က တပ်ရင်းမှူးဆီ သွားတိုင်တဲ့အခါမှာ   နိုဝင်ဘာလ ၂ ရက် နေ့မှာ လွှတ်ပေးမယ်လို့ ပြောပေ မယ့် ပြန်မလွှတ်ပေး လို့ တရားရုံးထိ တိုင်ရတာလို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ် လူ့အခွင့်အရေး ဆက်ချိုးဖောက်.. VOA 20 March 2012

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ် လူ့အခွင့်အရေး ဆက်ချိုးဖောက်

Ethnic Kachin people sit in the doorways of shelters at a temporary camp for people displaced by fighting between government troops and the Kachin Independence Army, or KIA, outside the city of Myitkyina in the north of the country, February 22, 2012.
ဓာတ်ပုံ Reuters
မြန်မာအစိုးရစစ်တပ်တွေဟာ ကချင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ကျူးလွန်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ မရောက်နိုင်အောင်လည်း ပိတ်ဆို့ တားဆီးနေတယ်လို့ Human Rights Watch လို့ ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုက FCCT နိုင်ငံခြား သတင်းထောက်များအသင်းမှာ အင်္ဂါနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း HRW တာဝန်ရှိသူတွေက အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ သတင်းပို့ထားပါတယ်။
လူမသိသေးတဲ့ ဘေးဒုက္ခများလို့ ဆိုရမယ့် Untold Miseries လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၈၃ မျက်နှာပါ အစီရင်ခံစာ အသစ်တခုကို HRW အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး ကချင်ပြည်နယ်ဘက်မှာဖြစ်ပျက်နေတဲ့ အခြေအတွေကို အသေးစိတ် ဖော်ပြထားတာပါ။
မြန်မာအစိုးရက ဖော်ဆောင်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ကချင်ပြည်နယ်ဘက်ဆီတော့ မရောက်သေးဘူးလို့ HRW က ဆိုပြီး ကချင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA နဲ့ တိုက်ခိုက်နေတဲ့ မြန်မာအစိုးရစစ်တပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲဖြစ်တယ်လို့ HRW က ဝေဖန် ပြစ်တင်လိုက်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တစုံတရာ အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ မြန်မာအစိုးရစစ်တပ်က မတရားပြုမူလုပ်ဆောင်နေတာ တွေဟာ ကချင်ပြည်လို လူမျိုးစုတိုင်းရင်းသားဒေသတွေမှာ ကိုလိုနီခေတ်လွန် နောက်ပိုင်းကတည်းက ဖြစ်နေခဲ့တာတွေနဲ့ အတူတူ ဆက်ဖြစ်နေဆဲပါပဲလို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
“ဒီကနေ့အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတဲ့ အချက်တခုကတော့ မြန်မာအစိုးရစစ်တပ်ဟာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အရပ်သားတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက် ကျူးလွန်နေတုန်းပဲ ဆိုတာပါ။ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့တွေကို မြန်မာအစိုးရစစ်တပ်က ဆက်ပြီး ထိန်းချုပ်ထားဆဲ၊ တားဆီး ပိတ်ဆို့ထားဆဲပါပဲ။” လို့ Phil Robertson က ပြောပါတယ်။
အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့ကြားကပဲ မြန်မာအစိုးရက လုပ်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ကို အလွယ်တကူပဲ ခပ်မြန်မြန် အသိအမှတ်ပြုခဲ့ကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပါအ၀င် နိုင်ငံတကာကိုလည်း HRW က ဝေဖန် ပြောဆိုခဲ့ပါသေးတယ်။
HRW အဖွဲ့ရဲ့ အခုအစီရင်ခံစာကို ကချင်အရေးလုပ်ဆောင်နေကြတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးတွဲ လုပ်ဆောင် ပြုစုခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ ဘေးဒုက္ခအမျိုးမျိုး ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတဲ့ ကာယကံရှင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို လူပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ၊ အခင်းဖြစ်ခဲ့တဲ့နေရာတွေအပါအ၀င် အသေးစိတ် ဖော်ပြထားပါတယ်။
မြန်မာအစိုးရစစ်တပ်ဟာ ကလေးငယ်တွေအပါအ၀င် အပြစ်မဲ့ ရွာသူရွာသားတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ တရားလက်လွတ် ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တာ၊ မုဒိန်းကျင့်တာ၊ ဒေသခံတွေကို အထမ်းသမား ပေါ်တာတွေအဖြစ် အတင်းအကျပ်စုဆောင်းပြီး စစ်တပ်ပစ္စည်းတွေကို သယ်ယူခိုင်းတာ၊ ရွာတွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေစဖြစ်ကတည်းကဆိုရင် သူတို့သိထားသလောက် အရပ်သား ၇၅,၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာအစိုးရစစ်တပ်ရော၊ KIA အဖွဲ့ရောဟာ ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုနေဆဲ၊ လူတွေ သေကျေ ဒဏ်ရာရစေတဲ့ မြေမြှုပ်မိုင်းဗုံးတွေကို အသုံးပြုနေဆဲပဲလို့လည်း HRW အဖွဲ့ရဲ့ လေ့ကျင့်ရေး၊ သုတေသနနဲ့ လှုံ့ဆော်စည်းရုံးရေး ဆိုင်ရာ တာဝန်ရှိသူ Matthew Smith က ပြောပါတယ်။
“ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ်ဘက်စလုံးဟာ လူကို အန္တရာယ်ဖြစ်စေတဲ့ မိုင်းဗုံးတွေကို အမြောက်အများ အသုံးပြုနေကြသလို ကလေးစစ်သားတွေကိုလည်း နှစ်ဘက်စလုံးက အသုံးပြုနေပါတယ်။ မြန်မာစစ်တပ်ဟာ အသက် ၁၄ နှစ်လောက်ထိငယ်တဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းအသုံးပြုနေပြီး KIA အဖွဲ့က အဲဒီလို အတင်းအကျပ်စုဆောင်းနေတုန်းပဲလားဆိုတာ အတည်မပြုနိုင်ပေမဲ့ အသက် ၁၈ နှစ်အောက် လူငယ်တွေကို စစ်သားအဖြစ်လက်ခံနေတုန်းပဲ ဆိုတာကတော့ အထောက်အထားတွေရှိပါတယ်။” လို့ Matthew Smith က ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းမ်စ်လွန်းဒေါင်ကတော့ အသက် ၁၈ နှစ် အောက်ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာမရှိဘဲ အသက် ၁၈ နှစ်အထက်တွေကိုသာ စစ်သင်တန်းပေးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"လက်နက်ကိုင်နေတဲ့သူတွေက ၄၅နှစ်အထက်ဆိုလို့ရှိရင် သူတို့က တိုက်ရည်ခိုက်ရည်ရှိတဲ့ လူငယ်တွေဖြစ်တယ်။ ဒီတော့ကာ လွန်ခဲ့တဲ့ အချိန်တွေတုန်းကတော့ ရှိရင် ရှိမှာပေါ့နော်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တိုင်းမှာ အဲဒါတွေကတော့ အခြေအနေအရ သုံးတဲ့နေရာ ရှိရင်ရှိမယ်။ ပြောနေကြတယ်၊ ဗမာ့တပ်မတော်မှာလည်းပဲ ဒီနေ့ ၇သောင်းကျော် ရှိနေတယ်လို့ ပြောတယ်။ ဒါတွေကတော့ ပြောတာပေါ့။ လက်တွေ့ဆိုရင်တော့ ဒါတွေက သွားကြည့်ပြီးတော့မှ အဲဒါ သက်သေသာဓက ပြနိုင်မယ်၊ မှန်ကန်တယ်၊ ဒီနေ့ထက်ထိလည်း ရှိပါသေးတယ်ဆိုာ ရှိရမှာပေါ့နော်။ လက်တွေ့မှာတော့ ကျနော်တို့က အသက် ၁၈နှစ်အပေါ်မှာသာ သင်တန်းပေးနေပါတယ်။”
ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်နှစ်ဘက်စလုံးအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာပါလို့ မြန်မာအစိုးရကိုရော KIO အဖွဲ့ကိုပါ HRW က အကြံပေး တိုက်တွန်းထားပါတယ်ခင်ဗျား။
,

ဦးမန်းငြိမ်းမောင် လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွတ်....Interview with AHRC---RFA 20 March 2012

ဦးမန်းငြိမ်းမောင် လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွတ်

ဓာတ်ပုံ ငြိမ်းချမ်းရေးဘလော့ဂ်
Mann Nyein Maung, KNU
ပုဒ်မ (၁၇၁) အရ တရားမ၀င်အသင်းနဲ့ ဆက်သွယ်မှု၊ ပုဒ်မ (၁၂၂) (၁) အရ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် နဲ့ စစ်မက်အပြိုင်ခင်းမှု စတဲ့ ပုဒ်မတွေ နဲ့ ထောင်ဒဏ်တသက် တကျွန်း ချမှတ် ခံထားရတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင် ကို ပုဒ်မ (၄၀၁) အရ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ကေအန်ယူ အကြား အပစ်အခတ်ရပ်ဆဲရေး နဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆွေးနွေးနေစဉ် ကေအန်ယူ ဘက်ကလည်း ဖမ်းဆီးခံထားရတဲ့ သူတို့ ရဲ့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခုလို ဦးမန်းငြိမ်းမောင် လွတ်မြောက်မှု နဲ့ ပတ်သက်ပြီးတော့ သူရှေ့နေ နဲ့ ကေအန်ယူ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့  မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ဦးမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု နဲ့ တရားမ၀င်အသင်းအဖွဲ့ တွေနဲ့ ဆက်သွယ်မှု နဲ့ ထောင်တသက်တကျွန်း ပြစ်ဒဏ်ပေးပြီးတဲ့ နောက်  မတ်လ (၁၉) ရက်နေ့ မှာ အင်းစိန်ထောင် ကနေလွှတ်ပေး ခဲ့တာကို ထောင်မှူးကပြောပြခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြီးမြင့်ကပြောပါတယ်။
“ကျနော်တို့ သွားပြီးတော့ အယူခံ ကိစ္စကို စုံစမ်းရင်းနဲ့ အဲဒီ ကိစ္စကို သိတာ။ အင်းစိန်ထောင်ကနေ ပြီးတော့ ထောင်ကို သွားတဲ့ အခါကျတော့ သူတို့ က မပြောဘူးခင်ဗျ။ မပြောတဲ့ အခါကျတော့ ရီနေတယ်။ ဟာ ခင်ဗျားတို့ ရီနေလို့ မရဘူးလို့။ ကျနော်က တာဝန်နဲ့ လာတာ ဒီမှာ အမိန့်စာတွေ ပါတယ်လို့။ သူ အယူခံ တက်မတက် ကို ဆွေးနွေးရမှာ။ ကျနော်တို့မှာ ကာလ စည်းကမ်းအလိုက် ဆိုတာ ရှိတယ် လို့။ အဲဒီလို ပြောတော့မှ ခဏ နာရီဝက်လောက် စောင့်ပါဆိုပြီးတော့မှ အထက်အမိန့် တောင်းပြီးတော့မှ ဆရာတဲ့ ခုနတုန်းက ပြောခွင့်မရှိလို့ပါတဲ့။ မနက် ရှစ်နာရီက လွှတ်လိုက်ပါပြီတဲ့။ (၄၀၁) နဲ့ အဲဒီလို ပြောတယ်။ ထောင်တာဝန်ရှိတဲ့ ထောင်မှူးပေါ့။ အဝမှာ ရှိတဲ့ ထောင်မှူးက ပြောလိုက်တာ။ သူက အတွင်းနဲ့ အဆက်အသွယ်လုပ်ပြီး ကျနော့်ကို ပြောလိုက်တာ။ နာရီဝက်လောက် စောင့်နေရတယ်။”
အခုအချိန်အထိ ဦးမန်းငြိမ်းမောင် လွတ်မြောက်တာ နဲ့ ပတ်သက်လို့ သူရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ ကေအန်ယူနဲ့ ရှေ့နေ ဖြစ်သူ ကို အာဏာပိုင်တွေ ဘက်က အကြောင်းကြားခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။ ကေအန်ယူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေ ကတော့ တရားဝင် အကြောင်းကြား တာ မရှိသေး ပေမဲ့ လွတ်လာမယ် ဆိုရင်တော့ သူတို့ အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေး၊ စစ်ရေးအတွက် စဉ်းစား တွေးခေါ်မယ့် သူ တဦးတိုး လာမယ်လို့ ဆိုပါတယ်။
“မန်းငြိမ်း တစ်ယောက်ကို လွှတ်ခဲ့လို့ ရှိရင်တော့ မန်းငြိမ်းက ကျနော်တို့ ဗဟို ကော်မတီ (၄၀) ကျော်ထဲမှာ တစ်ဦးဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆွေးနွေးဖော် ဆွေးနွေးဖက်တွေ ခေါင်းတစ်လုံး ထပ်တိုးလာပြီးတော့ စုပေါင်း ခေါင်းဆောင်မှုမှာ ပျောက်နေတဲ့ ခေါင်းတစ်လုံး ပြန်ရလာတယ်။ ပြီးရင်လည်း အဲဒီ စုပေါင်း ခေါင်းဆောင်မှု ကနေပြီးတော့ ခွဲဝေတဲ့ သူနဲ့ သင့်တော်တဲ့ တာဝန်တွေ ပေးတဲ့ အခါကျရင် ကိုယ် နဂိုလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နိုင်မယ်။ နောက်ပြီး သူ့အတွက် လိုအပ်တဲ့ တာဝန်သစ်တွေ ရှိနေရင် လုပ်ဆောင်နိုင်မယ် ဆိုရင် လုပ်အားတိုး လာတယ်။ အဲဒီတော့ ကျနော်တို့ဘက် ကတော့ အဲဒါ အမြတ်ပေါ့။ အဲဒီ အမြတ်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ် စစ်ရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ်ပေါ့လေ ဒါဟာ ကျနော်တို့ ရဲ့ ခေါင်းဆောင်မှု အပိုင်းမှာ လူတစ်ယောက် တိုးလာတဲ့ အတွက်ကြောင့်မို့ ထူးခြားတဲ့ အချက်၊ ဒါက အားသာတဲ့ အချက် လို့ ပြောလို့ ရတာပေါ့။ အဲဒါကလွဲလို့ကတော့ ဘာမှ မရှိပါဘူး။ ဒါက အဲဒီ ကပါဘဲ။”
ဦးမန်းငြိမ်းမောင် အပြစ်မရှိဘူး ဆိုရင် တရားရုံး ကနေ တရားသေ လွှတ်ပေး ရမှာ ဖြစ်ပေမဲ့ အခု လွတ်ပေးခြင်း ဟာမြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ဖြစ်ကြောင်း၊ တရားစီရင်မှု ဟာ အာဏာ ရသူရဲ့ လက်အောက် မှာပဲ ရှိနေသေးကြောင်း အာရှ လူ့အခွင့်ရေး ကော်မရှင် က ရှေ့နေ ဦးမင်းလွင်က အခုလိုပြောပါတယ်။
“တရားရုံးကနေပြီးတော့ တရားသေလွှတ်နိုင်တဲ့ အခွင့်အရေး ရှိသော်လည်းဘဲ ပြစ်ဒဏ်ပေးခဲ့တယ်။ ပြစ်ဒဏ်ပေးပြီးတော့ တစ်ပတ်မကြာခင်မှာ နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့် နဲ့ လွှတ်ပေး လိုက်တယ် ဆိုတော့ က ကျနော်တို့က ဒီ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို တော်တော် စဉ်းစား ဖို့ဖြစ်လာပါတယ်။ သာမန် ပြည်သူတစ်ဦးလောက်ကို လွှတ်ပေးလိုက်တဲ့ ကိစ္စကိုတော့ ကျနော်တို့ ဝမ်းသာ တယ်၊ ကြိုဆိုတယ်။ သို့သော်လည်းဘဲ အနာဂတ်မှာ ဒီလိုမျိုးတွေ ဆက်တိုက် ဖြစ်လာရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က အုပ်စိုးသူ အာဏာပိုင် အစိုးရရဲ့ လက်အောက်မှာဘဲ မူတည်နေ သေးတယ်ဆိုတာ ဒီ အမှုက အပီအပြင် သက်သေ ပြလိုက်တာ ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”
ဦးမန်းငြိမ်းမောင်ကို အခုချိန် ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ သူ့ကို ပြန်လွှတ် ပေးပြီးတဲ့ နောက် ရဲ အထူးသတင်း တပ်ဖွဲ့က လာရောက် ခေါ်ဆောင် သွားတယ် ဆိုတဲ့ သတင်းတွေ သာ ထွက်ပေါ်ခဲ့ပြီး ရှေ့နေ ဖြစ်သူ ကိုလည်း ဆက်သွယ် လာခြင်း မရှိသေးဘူး လို့ ပြောပါတယ်။ ဦးမန်းငြိမ်းမောင် ဟာ ပြီးခဲ့နှစ် ဇူလိုင် လ က တရုတ်ပြည် ကူမင်း လေဆိပ်က မြန်မာနိုင်ငံကို ပြန်ရောက်သွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရပါတယ်။ ဒီနောက် သူ့ကို တရားမ၀င် အသင်း နဲ့ ဆက်သွယ်မှု နိုင်ငံတော် ပုန်ကန်မှုတွေ နဲ့ တရားစွဲခံရပြီး ပြီးခဲ့တဲ့ အပတ် က ထောင်ဒဏ် တသက်တကျွန်း ချခံထားရတာဖြစ်ပါတယ်။

Sunday, March 18, 2012

, ,

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ အကြောင်းနဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာကို ထောက်ပြထားတဲ့ ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်..... Quoted AHRC's statement on International Women Day... 8 March 2012



8 March 2012 …. BBC Evening Broadcast
Quoted  AHRC’s statement on  International Women Day
ဒီကနေ့ဟာ ကုလသမဂ္ဂ ကနေပြီးတော့ ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လည်းဖြစ်ပါတယ်။ ပြည်တွင်းမှာ တော့ ရန်ကုန်၊ ထားဝယ်၊ ကယားပြည်နယ်တွေမှာ ကျင်းပခဲ့ကြသလို ထိုင်းမြန်မာနယ်စပ် မဲစောက်မြို့မှာလည်း အမျိုးသမီးများနေ့အခန်းအနားတွေကျင်းပခဲ့ပါတယ်။ ဒီအကြောင်းနဲ့ အာရှလူ့အခွင့်အရေးကော်မရှင်ကတော့ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာကို ထောက်ပြထားတဲ့ ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ ထိုင်းမှာအခြေစိုက်တဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ လွေးနွေနှောင်းကိုဆက်သွယ်ပြီးတော့ ပြည်တွင်းမှာ အဓိက အမျိုးသမီးလူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘာတွေလဲလို့မေးကြည့်ပါတယ်။
လွေးနွေနှောင်း။ ။ ကျွန်မတို့မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအခုအချိန်အထိ အကြမ်းဖက်မှုတွေအများကြီး ကျွန်မတို့တွေ့ရတယ်။ အဓိက ကတော့ အိမ်အတွင်းအကြမ်းဖက်မှုတွေဖြစ်ပြီး အမျိုးသမီးတွေက ပိုပြီး တော့ခံစားရတဲ့အပိုင်းတွေရှိတယ်။ နိုင်ငံတော်အဆင့်ဆိုရင်လည်း ဥပမာ နိုင်ငံရေးပါဝင်ပူးပေါင်းတဲ့ အခန်းဂဏမှာ ကျွန်မတို့ ခွဲခြားဆက်ဆံခံရတဲ့ဟာတွေလည်းအများကြီးရှိတယ်။ အခုထက်ထိ ပြည်တွင်းမှာ အမျိုးသမီးတွေက နိုင်ငံရေးမှာ ပါဝင်ပက်သက်တာ  လက်ချိုးရေလို့ရသလောက်ဘဲ ကျွန်မတို့တွေ့ရတယ်။ အဓိက ကခွဲခြားဆက်ဆံတဲ့ ဟာတွေရယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးမှာ ဆိုရင်လည်း အမျိုးသမီး တွေပိုပြီးတော့ ခံစားရတယ်ဆိုတာလည်းတွေ့ရတယ်။
မေး။ ။ ရှေ့တန်းနယ်မြေတွေမှာ အမျိုးသမီးတွေကို မတရား ပြုကျင့်တာကို စစ်တပ်က လက်နက်တဖွယ် အသုံးပြုနေတယ်လို့လဲ စွပ်စွဲချက်အစီရင်ခံစာတွေကိုလည်း အမျိုးသမီးအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့ တွေက ထုတ်ပြန်တယ်လေ။ အဲဒီကိစ္စတွေကော ပြီးသွားပြီလား။
လွေးနွေနှောင်း။ ။ပြီးသွားပြီလို့ ကျွန်မတို့ပြောလို့မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်ရှိရှိနေတဲ့အစိုးရစစ်တပ်တွေ ငြိမ်းချမ်းရေးတွေလုပ်မယ် ဆိုပြီးတော့လက်မှတ်ထိုးနေကြပေမယ့် ဒီစစ်ပွဲကာလမှာဖြစ်နေကြတာပေါ့နော်။ ဥပမာ မနှစ်တုံးကဆိုရင် ရှမ်း၊ကရင်၊ကချင်ဒေသတွေမှာ ဘဲကြည့်ကြည့် အမျိုးသမီးတွေက စစ်ပွဲမှာ မဒိန်းကျင့်ခံနေရတာတွေရှိတယ်။ အဲဒါတွေကို စစ်စိုးရကဘက်ကနေ ဆောင်ရွက်မပေးနိုင်ဘူး၊ မနှစ်တုံးကဆိုရင် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် တွေမှာဆိုရင် အမျိုးသမီးစစ်တပ်တစ်ဦး မုဒိန်းကျင့်ခံရပြီး ၃၀ကျော်ကျော်ပစ်သတ်ခံရတယ်ဆိုတာတွေပေါ့နော်။ ယခုလည်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ ဆက်ဖြစ်နေတုန်းပါဘဲ။
မေး။ ။ စစ်ဖြစ်နေတဲ့နယ်မြေတွေမှာ အဓိကဖြစ်နေပြီး ကျန်တဲ့သာမန်နေရာတွေမှာကော မတရားပြုကျင့် တာတွေ၊ အခွင့်အရေးချိုးဖောက်ခံရတာတွေကောရှိလား။ တိုးလာသလား လျော့သွားသလား။
လွေးနွေနှောင်း။ ။ တိုးလာတဲ့အပိုင်တွေကိုလည်း ကျွန်မတို့ကြားရတယ်။ ဒါပေမယ့် ကျွန်မတို့ သတင်း အချက်အလက်တွေကို ပြန်ကောက်ရမယ် ရှင့်။ ကျွန်မတို့ပလောင်ဒေသမှာဆိုရင်လည်းကြားရတယ်။ တချို့က စစ်အစိုးရတွေနဲ့ တိုက်ရိုက်ပက်သက်မှုတွေမဟုတ်ဘူးပေါ့နော်။ ဥပမာ- ရွာသားအချင်းချင်းလား၊ ဒါပေမယ့် သူတို့က အာနာပိုင်တွေနဲ့ လား၊ ဥဏ္ကဌလား။ ဒီအတိုင်းဘဲ ပိုက်ဆံပေးလိုက်ဆိုတာနဲ့ ဆုံးဖြတ်တဲ့ ဟာမျိုးတွေရှိတယ်ရှင့်။
မေး။ ။ အာရှလူ့အခွင့်အရေးနဲ့ပက်သက်တဲ့ အစီရင်ခံစာတွေထဲမှာ နိုင်ငံတကာ အမျိုးသမီးနေ့မှာ အာရှတိုက်အတွင်း ဖြစ်နေတဲ့ မုဒိန်းကျင့်မှုတွေကို သူတို့တွေတော်တော်လေးထောက်ပြတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်းပါတယ်လေ။ အဲဒီတော့ အမျိုးသမီးလှူပ်ရှားတဲ့အဖွဲ့တွေက ဒါတွေနဲ့ပက်သက်လို့ ဘယ်လောက်အထိရင်ဆိုင်ဖြေရှင်းသလဲ။
လွေးနွေနှောင်း။ ။ ကြိုးစားပြီးလုပ်တဲ့အပိုင်းတွေတော့ အများကြီးရှိတယ်။ ကျွန်မတို့ပြည်တွင်းမှာပိုပြီးတော့ ဖြေရှင်းပေးနိုင်မယ်ဆိုရင် ပိုပြီးထိရောက်မယ်လို့ထင်တယ်။ ဒီပြဿနာတွေ အဓိကကတော့ လက်ရှိရှိနေတဲ့ အစိုးရတွေဖြစ်ဖြစ် ဒါတွေကို တာဝန်ယူပေးနိုင်မယ်ဆိုရင်ပိုပြီးတော့ ကောင်းပါတယ်ရှင်။
ဒါကတော့ PWO ပလောင်အမျိုးသမီးများအဖွဲ့ အတွင်းရေးမှူးလည်းဖြစ် WLB အဖွဲ့ရဲ့ သဘာပတိလည်းဖြစ်တဲ့ လွေးနွေနှောင်းကို ပြောပြသွားတာဖြစ်ပါတယ်
, ,

၂၀၀၇ ရွှေဝါရောင်သဃံဦးဆောင် အရှင်ဂ္ဘမီရ ကိုအနှောက်အယုက်ပေးနေတာကိုရပ်တန်းကရပ်ပြီး မ ဂ္ဂင် ကျောင်းတိုက်မှာ ပြန်လည်သတင်းသုံးခွင့်ပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင် က ကြေညာချက် တစ်ခု ထုတ်ပြန်....AHRC Interview 10 March 2012

RFA 10 March (Morning Programme)
Interview on AHRC Urgent Appeal (BURMA: Repeated re-arrest of released monk)

၂၀၀၇ ရွှေဝါရောင်သဃံဦးဆောင် အရှင်ဂ္ဘမီရ ကိုအနှောက်အယုက်ပေးနေတာကိုရပ်တန်းကရပ်ပြီး မ ဂ္ဂင် ကျောင်းတိုက်မှာ ပြန်လည်သတင်းသုံးခွင့်ပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင် က ကြေညာချက် တစ်ခု ထုတ်ပြန်ပြီး မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းအရင်းကို AHRC ရှေ့နေဦးမင်းလွင်ဦးက RFA ကိုအခုလိုပြောပြပါတယ်။
ဦးမင်းလွင်ဦး။    ။ အာဏာပိုင်တွေက လာရောက်ခေါ်ယူပြီး ဖမ်းဆီးစစ်ဆေးတဲ့ ကိစ္စတွေက ဥပဒေနဲ့အညီမဟုတ်ဘူး။ သာမန်ပြည်သူတွေအပေါ်မှာ ခေါ်ချင်တိုင်းခေါ်၊ပြန်ပို့ချင်တဲ့အချိန်မှ ပြန်ပို့ ဆိုတဲ့ကိစ္စရပ်တွေက မြန်မာနိုင်ငံအတွင်းမှာ ကျင့်သုံးနေတဲ့ တရားဥပဒေတွေနဲ့လည်း မညီညွတ်ဘူးဆိုတာ ပထမဦးဆုံးပြောချင်ပါတယ်။ နောက်ပြီးတော့ အရှင်ဂမ္ဘီရ  ကို အစိုးရပိုင်သတင်းစာတွေမှာလည်း ဓမ္မစက်နဲ့ တားဆီးလို့မရတဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်ဆိုပြီးတော့ ချိန်းခြောက်ပြောဆိုထားတဲ့အပေါ်မှာလည်း လူတစ်ယောက်အတွက်လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာရွှေ့ပြောင်းနေထိုင်ခွင့် တွေအပေါ်မှာ ကန့်သက်ထားရာရောက်တယ်။ လူတစ်ဦးတစ်ယောက်ကို အကြောင်း မဲ့ ချိန်းခြောက်ပြောဆိုပြီးတော့ စွဲဆိုတဲ့ပြစ်မှုမျိုးဖြစ်နေတယ်ဆိုတာကိုတွေ့ရတယ်။ ဒါတွေက အစိုးရသစ်တရပ်အနေနဲ့ မလုပ်သင့်ဘူးဆိုတာကို ကျွန်တော့အနေနဲ့ အလေးအနက်ထားပြီး တင်ပြပြောဆို လိုခြင်းဖြစ်ပါတယ်။
မေး။ ။ ဥပဒေနဲ့ခေါ်ယူမေးမြန်းတာနဲ့ပက်သက်ပြီးတော့ ဦးမင်းလွင်ဦးက
ဦးမင်းလွင်ဦး။    ။လူမြင်သူမြင်ရုံးတွေအတွင်းမှာ ခေါ်ယူစစ်ဆေးလို့ရတယ်။ ဒါမှမဟုတ် သတင်းသုံးနေထိုင်ရာ ဒေသမှာ သွားပြီးတော့မေးမြန်းစစ်ဆေးလို့ရပါတယ်။ အရှင်ဂ္ဘမီရ ကို နှစ်ကြိမ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စရပ်တွေမှာ ည၁၀နာရီအချိန်တွေဖြစ်နေတယ်။ နောက်ပြီးတော့ ပြန်လည်ပို့ဆောင်တဲ့နေရာမှာလည်း ညပိုင်းတွေဖြစ်နေတယ်။ ဒါတွေက လုံးဝမလုပ်သင့်တဲ့ ကိစ္စရပ်တွေဖြစ်နေတယ်။ ဥပဒေမှာ လူတစ်ယောက်ကို ခေါ်ယူစစ်ဆေးမေးမြန်းနိုင်တယ်ဆိုတာမှန်တယ်။ သို့သော်လည်း ဒီလိုမျိုးညတွေအချိန်မတော်မှာ ခေါ်ယူစစ်ဆေးမေးမြန်းနိုင်တယ်လို့ပြဌာန်းထားခြင်းမရှပါဘူး။ ဒါ့အပြင်ထောင်ထဲမှာ ညုင်းပန်နိုပ်စက်ထားခြင်းခံရတဲ့ ဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခဲ့တာကို လိုအပ်သလို ဆေးဝါး ထောက်ပန့်ပေးဖို့နဲ့ ဆေးဖက်ဆိုင်ရာကူညီပေးဖို့ ကိုလည်း AHRC က တိုက်တွန်းလိုက်ပါတယ်။


Thursday, March 15, 2012

,

Bangladash and Myanmar Sea territory case ……. Interview with AHRC .. 15 March 2012

Bangladash and Myanmar Sea territory case ……. Interview with AHRC 

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှု…… AHRC ဆက်သွယ်မေးမြန်းချက်.
RFA Morning Broadcast ( 15 March 2012 ) 

ဦးကိုကိုအောင်။ ။ ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှုနဲ့ ပက်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဆိုင်ရာတရားခုံရုံးရဲ့ အသေးစိတ်ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ကျွန်တော်အသေးစိတ်တင်ပြမှာပါ။
ဂျာမနီနိုင်ငံ ဟားမတ်မြို့အခြေစိုက် အစ်ဒလောစ် (ITLOS) (ခေါ်) အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာ ဆိုင်ရာ တရားခုံရုံး က မတ်လ ၁၄ ရက်နေ့မှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်အငြင်းပွားလာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှု ပြဿနာနဲ့ ပက်သက်လို့အပြီးသတ်ဆုံးဖြတ်ချက် အမိန့် ချလိုက်ပါတယ်။
အယူခံလို့လည်းမရတော့ဘဲ မလိုက်နာမနေရ လိုက်နာရမယ့် (Binding)ဆုံးဖြတ်ချက် ချခဲ့တဲ့ ဒီအမိန့်အရ တကယ်တန်းအမြတ်ထွက်သွားသူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖြစ်တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး မစ္စ ဒီပူမူနီ ရဲ့ ပြောစကားအရသိသာ ထင်ရှားပါတယ်။ သူက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာ သမုဒ္ဒရာရေပိုင်နက်အကျယ် စတုရန်းကီလိုမီတာ ၁ သိန်း ခုနှစ်ထောင် ကို ပိုင်ဆိုင်ထားကြောင်း တင်ပြတောင်းခံခဲ့ရာမှာ တရားရုံးက စုစုပေါင်း ၁ သိန်း ၁သောင်း ၁ ထောင်ကျော်ချမှတ်ပေးခဲ့ကြောင် ပြောဆိုပါတယ်။ ဒါတွေမကပါဘူး  ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုံပိုင်နက်ကိုလည်း မိုင် ၂၀၀ လောက်ရှိကြောင်းတရားရုံးက အတည်ပြုပေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံအငြင်းပွားလျှက်ရှိရာမှာ မြန်မာနိုင်ငံက နှစ်နိုင်ငံကြား သီးသန့် စီးပွားရေးဇုံ နယ်နမိတ်မျဉ်းကို နှစ်နိုင်ငံကမ်းခြေ အကွာအဝေးတူနေရာကနေ သတ်မှတ်ဖို့တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တင်ပြချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ က သူ့ရဲ့ကမ်းခြေ ဂငယ်ပုံ ဖြစ်နေတဲ့အတွက် ဒီလိုအကွာ အဝေးတူ နေရာကနေ သတ်မှတ်ခဲ့ရင် ထိခိုက်နစ်နာပါတယ်ဆိုပြီးတော့ တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာ မိုင် ၂၀၀ သီးသန့် စီးပွားရေးဇုံ ရေပိုင်နက်အပြည့်အ၀ ရရှိသွား ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံရဲ့ ရခိုင်ကမ်းရိုးတန်းဘက်က ဆွဲတဲ့ပိုင်နက်မျဉ်းဟာ အောက်ဘက်ကို ဆုတ်ပေးရလို့ ရခိုင်ကမ်းခြေမြောက်ပိုင်း ထောက်မတ်တည့်တည့်ဆွဲတဲ့ မျဉ်းအောက်ပိုင်း ရေပိုင်နက် စတုရန်းမီတာ သိန်းနဲ့ချီပြီး မြန်မာနိုင်ငံက ဆုံးရှူံးသွားတာဖြစ်ပါတယ်။ ဒါကြောင့်ပြီးခဲ့တဲ့နှစ်က ရေနံရှာဖွေရေး အငြင်းပွားမှုဖြစ်ခဲ့တဲ့ နေရာဟာအခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်ထဲကိုရောက်ရှိသွားပြီလို့ ယေဘူယျ အားဖြင့်မှတ်ယူလို့ရပါတယ်။
ပင်လယ်သမုဒ္ဒရာဆိုင်ရာတရားခုံရုံးရဲ့ စာမျက်နှာ ၁၅၀ ကျော်ပါစီရင်ချက်မှာဖော်ပြထားတဲ့ အချက်အရ ရုံးတော်က သီးသန့်စီးပွားရေးဇုံပိုင်နက်မျဉ်း သတ်မှတ်ရာမှာ ၎င်း၊ စိန့်မာတင်ကျွန်းအနီး အခြေပြုတဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်သက်မှတ်ရာမှာသော်၎င်း၊ ဘင်္ဂလားဒေ့နိုင်ငံတင်ပြတဲ့မျဉ်းကြောင်းနဲ့ တထပ်တည်းနီးပါး ဆုံးဖြတ်ချက်ချထားတာကို တွေ့ရပါတယ်။ ၂၀၀၉ ခုနှစ်ကစလို့ တရားရုံးတော်ကိုရောက်လာတဲ့ ဒီအမှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လျှောက်လွဲရာမှာ သေသေချာချာ ကျကျနန ပြင်ဆင်ခဲ့သလို သူတို့နိုင်ငံက ဘာရစ်စတာ Law  ၀တ်လုံတော်ရ လေးဦးအပြင် အမေရိကန်၊ အင်္ဂလန်၊ ကနေဒါစတဲ့နိုင်ငံတွေက အပြည်ပြည်ဆိုင်ရာ ဥပဒေ တွေနဲ့ပက်သက်လို့ နာမည်ကြီးရှေ့နေ ၅ ဦးအပါအ၀င် ပါရဂူတွေ ကျွမ်းကျင်သူတွေ၊ အကြံပေးတွေစုံညီစွာ အမှုလိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ပြင်သစ်ရှေ့နေနှစ်ဦးနဲ့ ဗြိတိန်နိုင်ငံက ရှေ့နေတစ်ဦး စုစုပေါင်း ၃ ဦးနဲ့ ကျွမ်းကျင်သူ အချို့တို့ပါဝင်အမှုလိုက်ခဲ့ပါတယ်။ အခုလို တစ်မျိုးသားလုံးအနာဂတ်အတွက် အထူး အရေး ကြီးတဲ့ အမှုကိစ္စနဲ့ပက်သက်ပြီး မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို ဘယ်လိုသဘောရပါသလဲလို့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကိုမေးရာမှာတော့ သူက အခုလိုမှတ်ချက်ပေးပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။ ကျွန်တော့အနေနဲ့ပြောရရင်တော့ ဒီလိုမျိုးပိုင်နက်တွေနဲ့ ပက်သက်ပြီးတော့ အငြင်းပွားမှုတွေဖြစ်လာလို့ရှိရင် နိုင်ငံတကာဆုံးဖြတ်ချက်ချတာကတော့ နိုင်ငံတကာဥပဒေတွေမှာ မှူတည် ပြီးတော့ ဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်။ ရှင်းရှင်လင်းလင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့မြန်မာ နိုင်ငံမှာ တော်လုန်ရေးကောင်စီတက်ပြီးတဲ့နောက်ပိုင်းမှာ ပညာရေးစနစ်တွေပြုပြင်ပြောင်းလဲလာတဲ့အခါမှာ တက္ကသိုလ် ပညာရေးစနစ်မှာ ကျွန်တော်တို့ဥပဒေပညာရပ်တွေမှာ ဒီနိုင်ငံတကာပိုင်နက် ပင်လယ် တွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့သူတွေမမွေးထုတ်နိုင်တာကို ကျွန်တော်တို့တွေ့ရတယ်။ ဘာကြောင့်မမွေးထုတ် နိုင်သလဲ ဆိုလို့ရှင်ရင် ဒီဘာသာရပ်တွေကို အထူးပြုပြီးတော့ယူခဲ့တဲ့လူတွေအနေနဲ့ အလုပ်အကိုင်ရှားပါးတာက ပထမ အချက်ဖြစ်တယ်။ နောက်တခါ ဒီဘာသာရပ်တွေကို လေ့လာသင်ကြားနိုင်ဖို့အတွက် လိုအပ်တဲ့ စာရွက် စာတမ်း အခက်အခဲတွေရှိတာဖြစ်တယ်။ ဒီဘာသာရပ်တွေကိုအဆင့်တန်းမီအောင်နိုင်ငံရပ်ခြားမှာ ပညာ သင်ကြား ဖို့လိုတယ်။ ဒါတွေကို အစိုးရနေပြီးတော့ ဆောင်ရွက်ပေးခြင်းမရှိဘူး။ ဒါကြောင့်ကျွန်တော်တို့ ဒီအမှု ဖြစ်တဲ့ အခါမှာ မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ခိုင်ခိုင်မာမာတစ်ယောက်မှ ထွက်မလာတာကို ကျွန်တော် တို့တွေ့ရတယ်။ ယခင်စစ်အစိုးရတုန်း က တရားသူကြီးများ အဖွဲ့ဝင်ထဲမှာ ဦးခင်မြင့်ဆိုတဲ့ တစ်ယောက်ကို ခန့်ထားတာကိုတွေ့ရတယ်။ ပင်လယ်ရေကြောင်းနဲ့ဆိုင်တဲ့အမှုတွေဖြစ်လို့ရှင်ရင် အကာ အကွယ်ယူနိုင်ဖို့ ပြောဆိုနိုင်ဖို့ ဆိုပြီးခန့်ထားတာရှိတယ်။ သို့သော်လည်း ခန့်ထားတဲ့ ဦးခင်မြင့်ကိုယ်တိုင် ပင်လျှင် ဒီပင်လယ် ရေပိုင်နက်တွေနဲ့ ပက်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်သိတဲ့လူမဟုတ်ဘဲနဲ့ ရိုးရိုးကုန်တင်သဘောင်္တွေ နဲ့ နိုင်ငံခြား ပင်လယ်ကူးသဘောင်္တွေရဲ့ ဥပဒေကိုဘဲ တက်ကျွမ်းနားလည်တယ်လို့ ကျွန်တော်တို့သိရတယ်။ ဒါတွေဟာကျွန်တော်တို့နိုင်ငံရဲ့ အဓိက အားနည်းချက်ဖြစ်တယ်လို့ပြောချင်ပါတယ်။
ရှေ့နေဦးမင်းလွင်ဦး ပြောသွားတာ ဖြစ်ပါတယ်ခင်ဗျာ။
မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှုပြဿနာ နဲ့ ပက်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ရဲ့ဆုံးဖြတ်ချက်ကိုတင်ပြခဲ့တာပါ။

Wednesday, March 14, 2012

ALRC interview : regarding on the oral statement of ALRC in UN human Rights Council 12 March 2012

ALRC interview : regarding on the oral statement of ALRC in UN human Rights Council
12 March 2012
အခုတခါတင်ဆက်မှာက ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီက မြန်မာ့အရေးအခြေအနေဘဲမဟုတ်ပါသလား ခင်ဗျာ။
ဟုတ်ပါတယ်။ အာရှလူ့အခွင့်အရေးကော်မရှင်က ပူးတွဲဌာနတစ်ခုဖြစ်တဲ့ အာရှဥပဒေရေးရာအရင်းအမြစ်ဌာန ALRC ဟာ ကုလသမဂ္ဂ အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေတွေကို ဒီကနေ့ နေ့လည်ပိုင်း က တင်သွင်းဆွေးနွေးပါတယ်။
ဒါနဲ့ပက်သက်ပြီးတော့ ALRC တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။           ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတင်ပြနေတယ် လို့သိရတယ်။ အဲဒီတော့ အဓိက ဘာတွေများတင်ပြထားပါသလဲခင်ဗျာ။
ဦးမင်းလွင်ဦး။   ။ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းရပ်တွေ ချို့ယွင်းမှုရှိနေတယ်ဆိုတာကို တင်ပြထားတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတာကို တင်ပြထားတယ်။ နောက်ပြီးတော့ တခါ ဒီ လယ်ယာမြေတွေ သိမ်းယူမှူတွေစဉ်ဆက်မပျက်ဖြစ်ပေါ်နေတယ်ဆိုတဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့အလေးထား တင်ပြ ထားပါတယ်။
မေး။            ။ ဒီနှုတ်အားဖြင့်တင်ပြတဲ့အပြင် ကို အခြားစာရွက်စာတမ်းအထောက်အထားနဲ့ကော အာရှဥပဒေရေး ရာအရင်းအမြစ်ဌာန ကနေပြီးတော့ လူအခွင့်အရေးကောင်စီကို တင်ပြထားတာရှိပါသလား။
ဦးမင်းလွင်ဦး။   ။ကျွန်တော်တို့အသေးစိတ်အစီရင်ခံစာတွေနဲ့ကတော့ သက်ဆိုင်ရာ ကျွန်တော်တို့လူ့အခွင့်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ်ကို အသေးစိတ်အစီရင်ခံစာမှာတင်ပြပြီးဖြစ်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ အလုပ်အဖွဲ့အစဉ်းတွေကိုလည်းပေးပို့ပြီးဖြစ်ပါတယ် ခင်ဗျာ။
မေး။            ။ဒီကနေ့တင်ပြထားတဲ့အထဲမှာ ဥပဒေဆိုင်ရာချို့ယွင်းချက်တွေကိုတင်ပြထားတယ်ဆိုတော့ ဒီဥပဒေ ရေးရာ အရ ဘယ်လိုချို့ယွင်းချက်တွေရှိတယ်ဆိုတာကို တင်ပြထားပါသလဲ။
ဦးမင်းလွင်ဦး။   ။ကျွန်တော်တို့မြန်မာနိုင်ငံအတွင်း မှာ လက်ရှိပြဌာန်းကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တရားစီရင်ရေးဆိုင်ရာမူတွေနဲ့အညီ စစ်ဆေးစီရင်တာမဟုတ်တာတွေကို ကျွန်တော်တို့တွေ့ရတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာပါတဲ့ တရားစီရင်ရေးဆိုင်ရာအခြေခံမူများ ဖြစ်တဲ့  တရားခံများခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေနဲ့အညီ စစ်ဆေးစီရင်တာမဟုတ်ဘူးဆိုတာကိုတွေ့ရတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာပါတဲ့ တရားခံအဖြစ်စွဲဆိုခြင်းခံထားရသူရဲ့ အခွင့်အရေးအရ ဥပဒေချေပခွင့်ကို ကျွန်တော်တို့ တင်ပြထားပါတယ်။ အဲဒီတော့ အဲဒီလိုတင်ပြထားတဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ခဲ့တဲ့ အရေးထဲက X20 သင်္ကြန်ဗုံးပေါက်ကွဲခဲ့တဲ့အဖြစ်နဲ့ပက်သက်ပြီးတော့ စွဲဆိုခြင်းခံထားရတဲ့ ကိုဖြိုးဝေအောင်၊ နောက်ပြီးတော့ သာမန်ပြည်သူတွေအပေါ်မှာ အချိန်မရွေးဖမ်းဆီးခေါ်ယူစစ်ဆေးမေးမြန်းတဲ့ ကိစ္စရပ်တွေနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့တင်ပြထားပါတယ်။ ဥပမာအားဖြင့် အရှင်ဂမ္ဘီရပေါ့နော် ။ နှစ်ကြိမ်တိုင်တိုင် ညအချိန်မတော်တွေမှာ လာရောက်ခေါ်ဆောင်သွားတယ်။ နောက်ပြီးတော့ ညအချိန်မတော်တွေမှာ ဘဲ ပြန်လည် ပို့ဆောင်တာတွေကိုကျွန်တော်တို့ဥပမာပေးထားပါတယ်။
မေး။            ။ဆိုတော့ ဒီလယ်ယာမြေသိမ်းဆီးတဲ့ ကိစ္စတွေကိုလည်းတင်ပြတယ်လို့သိရပါတယ်။ အဲဒါတွေနဲ့ ပက်သက်လို့ကော ဘယ်လိုတင်ပြတာမျိုးလည်းရှိပါသလဲ။
ဦးမင်းလွင်ဦး။   ။ဒီမြန်မာနိုင်ငံအတွင်းမှာ အသစ်ပြဌာန်းတော့မယ့်လယ်ယာမြေဥပဒေတွေနဲ့ပက်သက်ပြီးတော့ လယ်ယာမြေဥပဒေအသစ်မပြဌာန်းခင်မှာ စစ်တပ်တွေကသော်လည်းကောင်း ၊စစ်တပ် မိသားစုတွေက သော်လည်းကောင်း ၊ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ကုမ္ပဏီ တွေကသော်လည်းကောင်း ၊ဆွေမျိုးနီးစပ်တဲ့အဖွဲ့ အစည်းတွေကသော်လည်းကောင်း ၊ စီးပွားရေးလုပ်ငန်းရှင်တွေကသော်လည်းကောင်း ဥပဒေအသစ် မပြဌာန်းခင်မှာ မြေရာတွေလက်ရှိဖြစ်အောင်အတင်းအဓမ္မယူတဲ့ ကိစ္စရပ်တွေနေ့စဉ်ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော်တို့အလေးထားတင်ပြထားပါတယ်။
မေး။            ။ဒီကနေ့မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ် ဆိုတဲ့အချက်နဲ့ ALRC ကတင်ပြတဲ့အချက်တွေက ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတဲ့ အနေအထားမျိုးတွေဖြစ်နေပါသလား။
ဦးမင်းလွင်ဦး။   ။ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာပြုပြင်ပြောင်းလဲမှုတွေရှိနေတယ်။ နိုင်ငံတကာရဲ့ ထောက်ပံမှုတွေရနေတယ်လို့ အစိုးရသစ်အနေနဲ့ပြောနေပေမယ့် တကယ်တမ်းမြန်မာနိုင်ငံ ရဲ့တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထုကိုအကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ ဥပဒေတွေက ချို့ယွင်းအားနည်းမှုတွေရှိနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက စဉ်ဆက်မပျက်ဖြစ်ပေါ်နေတယ်။ ဒါကြောင့်လည်း တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုဂရေစီရေးကိုတည်ဆောက်တဲ့အခါမှာ ခိုင်မာမှုမရှိနိုင်ဘူး။ ဒါတွေကိုအလေးထားပြုပြင်ဖို့လိုသေးတယ်။ အစိုးရအာနာပိုင်တွေနဲ့သော်၎င်း တရားစီရင်ရေးဆိုင်ရာမှာ အဓိကတာဝန်ရှိတဲ့ တရားရုံးများသော်၎င်း လုပ်ဆောင်ဖို့ အထူးလိုအပ်သေးတယ်ဆိုတာကို ကျွန်တော်တို့လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားပါတာဖြစ်ပါတယ် ခင်ဗျား။
အာရှဥပဒေရေးရာအရင်းအမြစ်ဌာနက တာဝန်ရှိသူ ရှေ့နေဦးမင်းလွင်ဦး ကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းခဲ့တာပါ။ 

Tuesday, March 13, 2012

မြန်မာနိုင်ငံမှာ စိုးရိမ်နေရဆဲ အခြေအနေများ အာရှဥပဒေဌာန ရှုမြင်... March 12 2012 RFA

မြန်မာနိုင်ငံမှာ စိုးရိမ်နေရဆဲ အခြေအနေများ အာရှဥပဒေဌာန ရှုမြင်

2012-03-12
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပြုလုပ်နေတယ်ဆိုပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်ရေး ဆိုင်ရာကိစ္စတွေမှာ စိုးရိမ်ရဆဲ အခြေအနေမှာပဲ ရှိနေသေးလို့ လူ့အခွင့်ရေးကောင်စီညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC က တင်သွင်းလိုက်ပါတယ်။
UN Human Rights Council
ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ အာရှဥပဒေရေးရာ အရင်းအမြစ်ဌာန ALRC ကနေ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဒီကနေ့ မတ်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ အခုလို လူ့အခွအင့်ရေးညီလာခံမှာ အစီရင်ခံတင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ALRC ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုပေမယ့် မပြောင်းလဲဘဲ ဆုတ်ယုတ်နေတဲ့အချက်အလက်တွေ၊ တရားစီရင်ရေးဆိုင်ရာ ချို့ယွင်းချက်တွေ၊ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရှိနေတယ်ဆိုတာတွေက ယခင်ကထက် ပိုဆိုးလာတယ် ဆိုတာတွေကို တင်ပြသွားဖို့ အစီအစဉ် ရှိပါတယ်။ တရားစီရင်ရေးဌာနမှာ လွဲမှားစွာလုပ်ဆောင်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေဆဲပဲဆိုတာ၊ တရားစီရင်ရေးဌာနကတော့ လုံးဝပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဇောင်းပေးတင်ပြထားပါတယ်”
ဒီအချက်အလက်တွေကို တင်ပြတဲ့အခါ ၂၀၁၀ သင်္ကြန်ဗုံးခွဲမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်အမှု၊ အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် မကြာခဏ ခေါ်ယူစစ်ဆေးခံနေရတဲ့ အရှင်ဂမ္ဘီရရဲ့အခြေအတွေကို ထည့်သွင်းဖေါ်ပြထားပါတယ်။
ဒီကနေ့ ကုလမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာကိစ္စ တင်သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စတာကန်တားနားကလည်း မိမိအစီရင်ခံစာနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးဖို့ရှိသလို၊ မြန်မာအစိုးရ ကိုယ်စားလှယ်ကလည်း လူ့အခွင့်ရေးကောင်စီမှာ တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။

ကုလလူ့အခွင့်ရေး ညီလာခံ မြန်မာ့အရေး အချေအတင်... March 12 2012.. VoA

ကုလလူ့အခွင့်ရေး ညီလာခံ မြန်မာ့အရေး အချေအတင်

ဓာတ်ပုံ UN
Special Rapporteur on human rights in Myanmar, Tomás Ojea Quintana
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်လှည့် သွားနိုင်စရာ ရှိနေသေးတယ်လို့ မတ်လ ၁၂ရက်နေ့က ကျင်းပတဲ့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၉ကြိမ်မြောက် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာကိုယ်စားလှယ်ကတော့ နောက်ကြောင်း ပြန်လှည့်သွားနိုင်ချေ လုံးဝမရှိဘူးလို့ အာမခံလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
မကြာသေးခင်ကမှ မြန်မာနိုင်ငံထဲက ပြောင်းလဲမှုတွေကို အနီးကပ် သွားရောက်စစ်ဆေးခဲ့တဲ့ မစ္စတာ ကင်တားနားက လက်ရှိ ပြုပြင်ပြောင်းလဲ နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေနေတွေအတွက် အပြုသဘောဆောင်တဲ့ ရိုက်ခတ်မှုတွေကို  တွေ့နေရတယ်လို့ ပြောကြားခဲ့ ပေမယ့် အခြေအနေဟာ အချိန်မရွေး နောက်ကြောင်းပြန် ဆုတ်သွားနိုင်တဲ့ အနေထားမှာ ရှိနေတယ်လို့ တနင်္လာနေ့ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ  တရားဥပဒေရေး ပြုပြင်ရေးဆွဲရေး ကိစ္စဟာ လုပ်ဆောင်ဆဲ ကိစ္စဖြစ်ပါတယ်။  မပြီးဆုံးသေးပါဘူး။  ဒါ့ကြောင့် ဒီမိုကရေစီကို ကျင့်သုံး အကောင်အထည်ဖေါ်ဖို့ လိုအပ်တဲ့ တရားဥပဒေတွေ တကယ် မရှိသေးပါဘူး။ ဥပမာ တခုပြောရရင် စစ်အုပ်စု အုပ်စိုးတဲ့ခေတ် က တည်ရှိခဲ့တဲ့ မတရားစည်းဝေး စည်းရုံးရေး ဆိုတာ ဆက်လက်တည်ရှိနေဆဲပါ။  ဒီဥပဒေဟာ အရပ်သားအဖွဲ့အစည်း တွေရဲ့ လွတ်လပ်စွာ စုဝေးခွင့် စည်းရုံးခွင့် အတွက် အခက်အခဲ ဖြစ်နေပါတယ်။ ဒါ့အပြင် အစိုးရနဲ့ သဘောကွဲလွဲသူ ဆန့်ကျင်ဘက် လုပ်သူတွေကို ထောင်ချနိုင်တဲ့ ဥပဒေလည်း ဆက်လက် တည်ရှိနေဆဲပါ။  ဒါဟာ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ အတွက် အသုံးပြုနိုင်ပါသေးတယ်။
တခါ တရားစီရင်ရေး ယန္တရားဟာ အုပ်ချုပ်ရေး အာဏာစက်အောက်က မလွတ်မြောက်သေးပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ကြေငြာ စာတမ်းတွေကိုလည်း အသိအမှတ်ပြု လက်ခံ ကျင့်သုံးဖို့ လိုအပ်နေပါသေးတယ်။ နောက်ပြီး မြန်မာနိုင်ငံ ပြုပြင်ရေးတွေကို နောက် ပြန်လှည့်သွားနိုင်သေးတဲ့ နောက်အခြေအနေ တခုကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ စစ်တပ်ကို အခွင့် အာဏာတွေ အဆမတန် ပေးထားခြင်းပဲ ဖြစ်ပါတယ်။”
အခုလို မစ္စတာ ကင်တားနားရဲ့ ပြောကြားချက်ကို မြန်မာ ကိုယ်စားလှယ်ဖြစ်တဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး  ဦးမောင်ဝေက လက်မခံတဲ့ အပြင် မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင်ပြောင်းလဲ နေမှုတွေဟာ နောက်ကြောင်း ပြန်လှည့်တာမျိုး မဖြစ်စေရဘူးလို့ ပါ အာမခံ ခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘယ်တော့မှ နောက်ကြောင်းပြန် လှည့်မသွားနိုင်ဘူး ဆိုတာ အာမခံ ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အစီအစဉ်မရှိပဲ ထလုပ်တာမျိုး မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ  စပြီး သေသေချာချာ ချမှတ် ထားတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံ အဆင့် ၇ဆင့် အတိုင်း လုပ်ဆောင်နေတာပါ။ ဒါ့ကြောင့် နောက်ကြောင်းပြန် ဆုတ်ဖို့ လုံးဝမရှိနိုင်ပါဘူး။  ဒါဟာ မြန်မာခေါင်းဆောင်တွေရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ချမှတ်ထားတဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုပါ။”
မစ္စတာကင်တားနားက နိုင်ငံတကာကနေ  မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု ချမှတ်ထားတာတွေ အတွက် ပြန်လည်စဉ်းစား ကြဖို့ တိုက်တွန်းခဲ့တာအတွက် ကျေးဇူးတင်ကြောင်း သံအမတ်ကြီး ဦးမောင်ဝေက ပြောကြားခဲ့တဲ့အပြင် ဒီအရေးယူ ဒဏ်ခတ်မှုတွေကို အမြန်ဆုံး စောစောစီးစီး ရုတ်သိမ်းပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆန်ရေး တိုးပြီး လုပ်ဆောင်လာ ပေမယ့် အခုထိ အရေးယူ ဒဏ်ခတ်မှုကို မရုတ်သိမ်းပေးသေးတဲ့ အမေရိကန် နိုင်ငံက ကုလသမဂ္ဂ ကိုယ်စားလှယ် ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အတွက် သတိကြီးကြီးနဲ့ စောင့်ကြည့်နေတဲ့အပြင် လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကချင်ဒေသတွေကို လူသားချင်းစာနာမှု ဆိုင်ရာ အကူညီတွေ ပေးနိုင်အောင် မြန်မာအစိုးရက  သွားရောက်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေဆီကို ကုလသမဂ္ဂ၊ နိုင်ငံတကာ လူသားချင်းစာနာ တဲ့ အဖွဲ့အစည်းတွေနဲ့ သတင်း ထောက် တွေကို သွားရောက်ခွင့် ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့  လူနဲစု တိုင်းရင်းသား အဖွဲ့အစည်းတွေကို နားလည်လက်လှမ်းမှီအောင် ကျိုးစားနေတာတွေ အတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံ သလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရှေ့ရှုပြီး စစ်မှန်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ အားပေးပါတယ်။”
မြန်မာနိုင်ငံတွင်းပြုပြင်ပြောင်းလဲမှု အခြေနေတွေအတွက် အမေရိကန်က စိုးရိမ် စိတ်ပူနေချိန်မှာ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ တည်ငြိမ်နေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ တရုတ်ကိုယ်စားလှယ်က ပြောပါတယ်
“ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံမှာ အစိုးရသစ်ဖွဲ့ပြီး လွှတ်တော်သစ် တရပ်ပါ ပေါ်ပေါက်လာပြီး ပြည်တွင်း အခြေနေတွေလည်း တည်ငြိမ် နေတာတွေ့ရပါတယ်။  မြန်မာအစိုးရ အနေနဲ့ စီးပွါးရေးနဲ့ နိုင်ငံသားတွေရဲ့ လူမှု အဆင့်အတန်း တိုးတက်လာအောင် ဂရုစိုက် နေတာ တွေ့ရပြီး မြန်မာနိုင်ငံ သွေးစည်း ညီညွတ်ရေး အတွက် လုပ်ဆောင်နေတာ တွေ့ရ ပါတယ်။ မြန်မာ နိုင်ငံရဲ့ အခြေနေဟာ အပြုသဘောဆောင်တဲ့ ဘက်ကို တဖြေးဖြေး ပြောင်းလဲနေတာပါ။”
မြန်မာနိုင်ငံက အခုလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး တွေ နောက်ပြန်လှည့် မသွားစေဖို့ အတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ ၀ိုင်းဝန်းပံ့ပိုးကြဖို့လည်း မစ္စတာ ကင်တားနားက အစည်းအဝေးမှာ ပန်ကြားခဲ့ပါတယ်။