Wednesday, March 07, 2012

အရှင်ဂမ္ဘီရကို အာဏာပိုင်တွေ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး.... 8 March 2012 .. VOA

အရှင်ဂမ္ဘီရကို အာဏာပိုင်တွေ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး

By မနန္ဒာချမ်း

မကြာသေးခင်ကမှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင် ဂမ္ဘီရကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး မတ်လ ၆ ရက်နေ့ညက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အစိုးရထုတ် သတင်းစာတွေကနေ အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ်လို့ မကြာသေးခင်က သတိပေးပြီးနောက်ပိုင်း အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တဲ့အတွက် မိသားစုကစိုးရိမ်နေသလို နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း စောင့်ကြည့်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက ပြောပြပေးပါရှင်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အပါအဝင် သံဃာ ၂ ပါး၊ ညီအငယ်ဆုံးဖြစ်သူ ကိုလွင်မောင်မောင် နဲ့ လယ်သမားအရေး လုပ်ဆောင်မိလို့ ထောင်ချခံခဲ့ရာကနေ ပြန်လွတ်လာခဲ့တဲ့ ထန်းတပင်မြို့နယ်က ကိုထွန်းထွန်းဦး စုစုပေါင်း ၅ ယောက်ဟာ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ ရှိတဲ့ အရှင်ဂမ္ဘီရရဲ့ အမဖြစ်သူ မခင်သူဌေးရဲ့ နေအိမ်မှာ တည်းခိုနေကြတာပါ။ အဲ့ဒီလို တည်းခိုနေချိန် - အရှင်ဂမ္ဘီရကို SB လို့ ယူဆရတဲ့ မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့ကနေ မတ်လ ၆ ရက် အင်္ဂါနေ့ည ၁ဝ နာရီ ဝန်းကျင်လောက်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ အရှင်ဂမ္ဘီရရဲ့ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်က ပြောပါတယ်။
“ကျနော် ဦးပဇင်းနဲ့ ဒီနေ့ချိန်းထားတာ။ ဗြိတိသျှသံအမတ်ကြီးက ဖိတ်ထားလို့ ကျနော်အပါအဝင် ဦးဇင်းတို့ ကြွဖို့ပေါ့နော်။ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ သွားတွေ့ဖို့ ချိန်းထားတာဗျ။ အဲဒါကြောင့် ဒီနေ့ ကျနော် ရန်ကုန်ကိုရောက်လာတယ်။ ရောက်တော့ ဦးပဇင်းတည်းနေတဲ့ မခင်သူဌေးရဲ့အိမ်ကဖုန်းကို ကျနော်ဆက်တယ်ဗျ၊ ဖုန်းကိုင်မယ့်သူမရှိဘူး။
အဲဒါနဲ့ အခြေအနေထူးခြားတယ်ဆိုပြီး မဂ္ဂင်ကျောင်းက ဆရာတော် ဦးဇင်း ဂျောင်းဂျောင်းရဲ့ ဖုန်းကို ကျနော် ဆက်လိုက်တယ်။ ပြီးခဲ့ည ၉ နာရီက ဦးဂမ္ဘီရဖုန်းကို ဆက်တယ်တဲ့- ဆက်တဲ့အခါမှာ ဦးဂမ္ဘီရနဲ့အတူတူနေတဲ့ ကရင်ကိုယ်တော်လေးက ဖုန်းကိုင်တယ်တဲ့။ သူတို့ သံဃာ့ ကိစ္စတွေဘာတွေ ပြောနေတုန်းမှာပဲ သူတို့ဝင်လာကြပြီလို့ ကရင်ကိုယ်တော်လေးကပြောပြီး ဖုန်းခွက်ကို ဘေးချထားလိုက်တယ်တဲ့။ ခဏ အကြာမှာ ပြန်ဆက်ကြည့်တော့ ဖုန်းကိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူးတဲ့- ဖုန်းတော့ဝင်တယ်တဲ့။
မျက်မြင်သက်သေအားဖြင့်တော့ ဒီလမ်းထဲက ပုဂ္ဂိုလ်တွေက ပြောတာဆိုတာပဲရှိပါတယ်။ ဒါပေမယ့် ဖုန်းအဆက်အသွယ်ရတာတွေအရ -ကျနော်နဲ့ချိတ်ဆက်ထားတာတွေအရ ဒီကနေ့ ကျနော့်ကို မဆက်သွယ်တာတွေအရ အကုန်လုံး ပေါင်းရုံးပြီး ကြည့်လိုက်မယ်ဆိုရင် အဖမ်းခံရတယ်ဆိုတာ သေချာသလောက်ပါပဲဗျ”
လောလောဆယ် ကျောက်တံတားရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရတဲ့အကြောင်းနဲ့ အရှင် ဂမ္ဘီရကို အခုလို ဖမ်းဆီးခေါ်ဆောင်တာဟာ မကြာသေးခင်က သတင်းစာမှာပါတဲ့အချက်တွေအရ ဖြစ်နိုင်ကြောင်းလည်း ကိုအောင်ကျော်ကျော်က ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ အတွင်းရေးမှူးကိုတိတ်နိုင်ကတော့ လက်ရှိ အခြေအနေကို စောင့်ကြည့်နေပြီး အာဏာပိုင်တွေဘက်က ပြန်လွှတ်ပေးခြင်းမရှိခဲ့ရင်  လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။
“ကျနော်တို့သိရတာကတော့ SB က ဖမ်းတာပါ။ သို့ပေမယ့် သူတို့ပြောချက်တွေအရကတော့ သက်ဆိုင်ရာကလာပြီး ခေါ်ယူမေးမြန်းဖို့ အတွက် ခေါ်သွားတယ်လို့ ပြောတယ်။ အရှင်ဂမ္ဘီရကလည်း အဲဒီအချိန်မှာ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့  ဦးဣဿရိယကို သူ့ကို တရက်ပဲ ခေါ် သွားမယ်ဆိုပြီးတော့ လာခေါ်တဲ့အချိန်မှာ အာဏာပိုင်တွေက ကတိပေးသွားတယ်လို့တော့ ကြားရပါတယ်။
သို့ပေမယ့် ဗမာပြည်မှာ ကျနော်တို့အတွေ့အကြုံအရဆိုရင်တော့ ခဏ ဆိုတဲ့ကိစ္စကလည်း တခါတလေ အနှစ် ၂၀ လောက် ကြာသွားရ တတ်တဲ့ အခါကျတော့ ကျနော်တို့လည်း ဒီအပေါ်မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာတော့ စောင့်ကြည့်နေပါတယ်။ ဒီနေ့ညမှ ပြန်မလွှတ်ဘူးဆိုရင်တော့ ဒါဟာ သူတို့ပြောခဲ့တဲ့ကတိတွေနဲ့ ညီဖို့အတွက် ကျနော်တို့ ပြောဆိုရမှာပဲ”
AAPP-B အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။ အာရှလူ့အခွင့်အရေးကော်မရှင်ကတော့ အာဏာပိုင်တွေရဲ့ အခု ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့လည်း မကိုက်ညီသလို - လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်လည်း ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
အရှင်ဂမ္ဘီရကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ဝ နေ့ကလည်း တိုင်းသာသနာရေးဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ မေးချင်တာရှိလို့ဆိုပြီး အခုလိုပဲ ခေါ်ဆောင်သွားဖူးပြီး ရက်ပိုင်း အတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာပါ။ အဲ့ဒီလို ပြန်လွှတ်ပေးပြီးနောက် မကြာခင်မှာပဲ အစိုးရထုတ် သတင်းစာတွေကနေ ဆရာတော်ကို ဓမ္မစက်နဲ့အရေးယူလို့မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်လို့ သတိပေးရေးသားခဲ့ပါတယ်။
အရှင်ဂမ္ဘီရနဲ့ အခြားသံဃာတော်တွေကနေ ဦးဆောင်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားကို စစ်တပ်ကနေ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး နောက် အရှင်ဂမ္ဘီရအပါအဝင် ရာနဲ့ချီပြီး တော်တော်များများကို ဖမ်းဆီးထောင်ချခဲ့တာပါ။ အရှင်ဂမ္ဘီရကိုတော့ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် အနှစ် ၆ဝ ကျော် ချမှတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးတဲ့နောက်ပိုင်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား တော်တော်များများ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
အရှင်ဂမ္ဘီရဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ကပဲ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာခဲ့သူ ဖြစ်ပါတယ်ရှင်။

Sunday, February 26, 2012

,

ဇန်န၀ါရီ၂၈ ရက်နေ့၊ စနေနေ့ညက ဟိုတယ်မှာ တည်းခိုနေတဲ့ ဂျပန်နိုင်ငံသား က အမျိုးသမီးဝန်ထမ်းတစ်ဦးကိုပါးရိုက်ခဲ့တဲ့ဖြစ်ရပ် Interview.... 24 February 2012

VOA Evening Broadcast… 24 February ,2012
အမျိုးသမီး ကဏ္ဍ၊ အစီအစဉ်
ဒေါ်လှလှသန်း
မြန်မာနိုင်ငံကို စီးပွားရေးဗီဇာနဲ့လာရောက်ခဲ့တဲ့ ဂျပန်အမျိုးသားတစ်ဦးက သူတည်းခိုခဲ့တဲ့ ရန်ကုန်ပုဇွန်တောင်က Orchid hotel က အမျိုးသမီးဝန်ထမ်းတစ်ဦးကို ဇန်န၀ါရီ ၂၆ ရက်နေ့တုန်းက ပါးရိုက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအမှုကို ရဲစခန်းမှာတိုင်ကြားခဲ့ပြီးတော့ ကာယကံရှင် ကအမှုဖွင့်ထားပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့ မစ္စတာအိုကဟရှိဒါကရှိ က ပြန်ပြီးတော့ တရားစွဲထားတယ်လို့သိရှိရပါတယ်။ ဒီဖြစ်ရပ်ကြောင့်မအေးအေးကြည် ဟာမြန်မာနိုင်ငံသားတစ်ဦး အထူးသဖြင့် မြန်မာအမျိုးသမီးတစ်ဦးရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရပါသလား။ အခုလိုချိုးဖောက်ခံ ခဲ့ရတယ်ဆိုရင်လည်း ဘာကြောင့်ဒီလိုဖြစ်ရတာပါလဲ။ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲ။ ဒီလိုဖြစ်ရပ်မျိုးနောက်နောင် မပေါ်ပေါက် ရလေအောင်အကောင်းဆုံး အကာအကွယ်ပေးနိုင်ဖို့အတွက် ဒီကနေ့ရဲ့ အမျိုးသမီးကဏ္ဍ ကို ဒေါ်လှလှသန်းကဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
မအေးအေးကြည် ။       ။သမီးတာဝန်ယူပြီးအလုပ်လုပ်နေရာမှာ အဲဒီအချိန်မှာ သမီးကောင်းကောင်းမွန်မွန်   ရှင်းပြနေတဲ့အချိန်မှာ သူပါးရိုက်လိုက်တဲ့အတွက်ကြောင့် သမီးအရမ်းလည်းအံသြပြီးအရမ်းလည်း ရှက်မိပါတယ်။ သမီးက လူမြင်ကွင်းမှာ ပါးရိုက်ခံရတာ မို့လို့ပါ။ အဲဒီအချိန်မှာ ဧည့်သည်တွေအများကြီးရှိပါတယ်။ သူကအရက်လည်းအရမ်းမူးနေသလို ဆဲလဲဆဲပါတယ်။ ပါးရိုက်ပြီးတော့ ဆဲပါတယ်။
အဲဒါကတော့ ပုဇွန်တောင်ရှိ Orchid Hotel ၀န်ထမ်းမအေးအေးကြည်က ဇန်န၀ါရီ၂၈ ရက်နေ့၊ စနေနေ့ညက ဟိုတယ်မှာ တည်းခိုနေတဲ့ ဂျပန်နိုင်ငံသား က သူ့ကို ပါးရိုက်လိုက်တဲ့အတွက် ဘယ်လိုခံစားရတယ်ဆိုတာကို VOA  ကို ပြောပြတာပါ။  Youtube အင်တာနက်ပေါ်မှာ  A Japanese Business man slap a female hotel staff in Myanmar  ( ဂျာပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမြန်မာ နိုင်ငံမှာ  Hotel  ၀န်ထမ်းတစ်ဦးကို ပါးရိုက်လိုက်ခြင်းခေါင်းစဉ်နဲ့ ၃း၂၇ စက္ကန့်အကြာ Hotel  ရဲ့  CCTV  လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းကိုလည်း စိတ်ဝင်စားသူတွေကြည့်ရှုနိုင်ကြသလို ဒီဖြစ်ရပ်နဲ့ပက်သက်လို့လဲ ကာယကံရှင် မအေးအေးကြည် ကိုမေးကြည့်ခဲ့ပါတယ်။
မအေးအေးကြည် ။       ။ည ၁၀ နာရီကျော် ပတ်ဝန်းကျင်မှာ ကျွန်မ Hotel ခန်းမမှာ ရှိနေပါတယ်။ အဲဒီအချိန်မှာ bell boy ကနေပြီးတော့ အမ ခဏလောက်လိုက်ခဲ့ပါဆိုပြီး ကျွန်မ Reception  ကို သွားပါတယ်။ Receptionist ကနေပြီးပြောပါတယ်။ အမ ဒီဧည့်သည်ကနေပြီိးတော့ မိန်းကလေးခေါ်လာပါတယ်။ မှတ်ပုံတင် မဆွဲပါဘူးလို့ပြောပါတယ်။  ကျွန်မက ဂျပန်ဧည့်သည်ကို ကျွန်မတို့  Hotel မှာ အပြင်မိန်းခလေးဧည့်သည်တွေကို လက်မခံပါဘူးလို့ပြောပါတယ်။ ဒါနဲ့ သူက မိန်းခလေးဧည့်သည် ကို ပြန်လွတ်လိုက်မယ်လို့ပြောပါတယ်။ ဧည့်သည်မိန်းခလေး ထွက်သွားပြီးနောက်မှာ ဂျပန်ဧည့်သည်ကလိုက်သွားပါတယ်။ လိုက်သွားပြီးတော့ သူချက်ခြင်းပြန်လှည့်လာပါတယ်။ ကျွန်မကို သော့ပေးပါ သူအပြင်ထွက်ပါမယ်လို့ပြောပါတယ်။ ကျွန်မတို့ Hotel က စည်းကမ်းအရ အပြင်သွားမယ့်ဧည့်သည်များက  Reception မှာသော့ ထားခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူက သော့ကိုလုပါတယ်။ ကျွန်မကလည်း Hotel စည်းကမ်းကိုပြောတဲ့အခါမှာတော့ သူကစိတ်ဆိုးပြီးတော့ ကျွန်မကိုပါးရိုက်လိုက်ပါတယ်။
ကိုယ်ထိလက်ရောင်စော်ကားခံခဲ့ရတဲ့အတွက်လည်း အမှုကို ပုဇွန်တောင်ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပုံကိုလည်း မအေးအေးကြည်က ဆက်ရှင်းပြပါတယ်။
မအေးအေးကြည် ။       ။ကျွန်မတို့ Hotel  လူကြီးများအမှုသွားတိုင်တဲ့အခါမှာ ရဲကြီးမပိုင်တဲ့အမှု နိုင်ငံခြားသားဖြစ်တဲ့အတွက် ရဲကြီးမပိုင်တဲ့အမှုလို့ပြောပါတယ်ရှင်။
ကာယကံရှင် ကိုယ်တိုင်လာဖွင့်ရမယ် ပြောတဲ့အတွက်ကြောင့် ကျွန်မရဲစခန်းကိုသွားပါတယ်။ ရဲစခန်းကိုသွားတဲ့အခါမှာနိုင်ငံခြားသားနဲ့ ဖြစ်တဲ့အမှုဖြစ်လို့ရဲကိုတိုင်ပါအုန်းအမှုအတွက်ပါ အမှုဖွင့်ပေးလိုက်ပါတယ်။ “ပါးရိုက်ခံရတာညီမလား။ ဒဏ်ရာရလား။ သွေးထွက်လား။ ရောင်လားလို့မေးပါတယ်။ ကျွန်မက ဒီအမှုဖွင့်ဖို့အတွက်ဆေးစာလိုပါတယ်။ ဆေးရုံမှာ ဆေးစာသွားလုပ်ပါလို့ပြောပါတယ်ရှင်။ သူတို့ဆီက ရဲတစ်ယောက်နဲ့ ကျွန်မဆေးရုံသွားခဲ့ပါတယ်။ ဆေးရုံမှာကျွန်မက ဆရာဝန်ကို နိုင်ငံခြားသားပါးရိုက်ခံရလို့ပါ၊ ဒါ့ကြောင့် ကျွန်မဆေးစာလုပ်ချင်ပါတယ်ဆိုပြီး ဆေးစာလုပ်ခဲ့ရပါတယ်။ အမှုဖွင့်ကတည်းက ဖြစ်စဉ်ရော၊ ဓာတ်ပုံရော၊ ဗီဒီယိုတွေကို ပါအကုန်တင်ပြီးဖွင့်ခဲ့တာပါ။
မေး။    ။ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ အမျိုးသမီးရေးရာကိုတိုင်ကြားတာတွေကောရှိသေးသလား။
မအေးအေးကြည် ။       ။ကျွန်မတို့ Hotel လူကြီးများက ဖြစ်ပြီးနောက်တနေ့မှာဘဲ စာတွေအကုန်လုံးပို့ပါတယ်ရှင်။
မေး။    ။စာတွေပို့တော့ရော အမျိုးသမီးရေးရာက ဘာပြန်အကြောင်းကြားထားသလဲ။
မအေးအေးကြည် ။       ။ကျွန်မတို့ဘာအကြောင်းပြန်ကြားတာမှလည်းမရှိ သလို၊ ဘာ  respond လဲမလာပါဘူး။
Orchid Hotel ၀န်ထမ်းနှစ်ဦးတို့ဖြစ်ကြတဲ့ မအေးအေးကြည်နဲ့ မမေဦးလှိုင်တို့ အမှုရင်ဆိုင်ဖို့ ဖေဖ၀ါရီလ ၁၅ ရက်နေ့ က ပုဇွန်တောင်တရားရုံးကိုသွားရောက်ခဲ့ရာမှာလည်း တရားလိုဘ၀ကနေ တရားခံဘ၀ ကိုရောက်ခဲ့တဲ့ အကြောင်းကို အခုလိုဆက်ရှင်းပြပါတယ်။
မအေးအေးကြည် ။       ။ကျွန်မတို့ကို ၁၄ ရက်နေ့ညနေမှာ ရဲစခန်းကနေပြီးစာလာပို့ပါတယ်။ ၁၅ ရက်နေ့မှာ တရားရုံးသို့တရားစွဲဆိုတင်ပို့ရန်လို့စာလာပါတယ်။ အဲဒီတော့ ကျွန်မနဲ့ Receptionist က တရားရုံးသွားတဲ့ အခါမှာ တရားသူကြီး ကပြောပါတယ်။ ကျွန်မတို့ ကို ဂျပန်က ပြန်ပြီးအကျမ်းဖက်တားဆီးမှုနဲ့ အမှုဖွင့်ထားတယ် လို့ပြောပါတယ်။ ကျွန်မတို့ဟာတာဝန်အရနဲ့လုပ်ခဲ့တာပါ။ ကျွန်မအအကြမ်းဖက်တာလည်းမရှိပါဘူးလို့ပြန်ဖြေကြားတဲ့အခါမှာ တရားသူကြီးက “ ဆရာမ အဲဒါကတော့မသိဘူး  ဂျပန်က မတရားဆွဲဆိုခံထားရမှုနဲ့ပက်သက်ပြီးတရားဆွဲဆိုတာကိုလက်ခံပါတယ်။ နောက်ပြီးတော့ သမီးတို့တစ်ယောက်ကို သိန်း၁၀၀၊ နှစ်ယောက်ကို သိန်း၂၀၀ ဖိုးစီအာမခံပေးရပါမယ်။ တစ်ကယ်လို့လေးလအတွင်းမှာ အာမမခံနိုင်ရင် ဖြင့် အချုပ်ခံရမယ်” လို့ပြောပါတယ်ရှင့်။ အဲဒီတော့ ကျွန်မတို့ဟာ သာမန်ဝန်ထမ်းတွေသာဖြစ်တယ်။ ဘယ်နည်းနဲ့မှ အာမခံဖို့ သိန်း၂၀၀ မရှိပါဘူး။ အဲဒီလို ကျွန်မတို့စိုးရိမ်နေချိန်မှာဘဲ Hotel က လူကြီးတွေက အာမခံခဲ့ပေးပါတယ်။
အခုလို ပုဇွန်တောင်ရုံးကအမျိုးသမီတရားသူကြီး ဒေါ်နိုင်နိုင်ထွန်းကအာမခံတောင်ခဲ့တဲ့အတွက်ကြောင့်လည်း Orchid Hotel အနေနဲ့ အာမခံအတွက်ဆောင်ရွက်ပေးခဲ့ရတဲ့ အကြောင်းနဲ့ပက်သက်ပြီး Hotel  အကြီးအကဲတစ်ဦးဖြစ်တဲ့ ဦးဌေးအောင်က အခုလိုရှင်းပြခဲ့ပါတယ်။
ဦးဌေးအောင်။   ။ကျွန်တော်တို့ချက်ခြင်းအစီးအဝေးထိုင်ပြီးတော့ သမီးတို့ဘာမှမပူနဲ့ ငွေသားနဲ့တင်မယ် ဆိုရင်လည်းတင်ပေးမယ်။ ပုဂိုလ်နဲ့ တင်မယ်ဆိုရင်လည်းတင်ပေးမယ် လုပ်လိုက်တော့ ကျွန်တော်တို့မှာ Hotel မန်နေဂျာ ငါးယောက်ရှိပါတယ်။ အဲဒီမန်နေဂျာတွေကလည်း ကိုယ်ပိုင်အိမ်တွေနဲ့နေကြတာဆိုတော့ ပြေးပြီးထွက်လာတယ်ခင်ဗျာ။ ငါကူပေးမယ်ဆိုပြီး တစ်ယောက်ကို သိန်း၁၀၀၊ နှစ်ယောက်ကို သိန်း၂၀၀ နဲ့ အတိုင်ခံထားတဲ့ ၀န်ထမ်းနှစ်ဦးဖြစ်နေတဲ့အတွက် ၁၀၀ တန်လေးယောက် ကျွန်တော်တို့တွေ အာမခံပေးခဲ့တဲ့အတွက် အခုတော့ ကျွန်တော်တို့ကလေးတွေဟာ တရားလိုပိုင်း၊ တရားခံပိုင်းနဲ့ ရင်ဆိုင်နေပါတယ်ခင်ဗျာ။
ဒီအမှုကို ဖေဖ၀ါရီလ ၂၉ ရက်နေ့မှာထပ်ပြီးတော့ ကြားနာရမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုလို ဂျပန်အမျိုးသားတစ်ယောက်ရဲ့ ကိုထိလက်ရောက် စော်ကားမှုအပြင် သူကပြန်တရားစွဲဆိုမှုနဲ့ပက်သက်ပြီး သူ့ဘက်အမြင်ကို ပြန်တင်ပြနိုင်ဖို့အတွက် သူတည်းခိုနေတယ်လို့ယူဆရတဲ့ Olympic Hotel  ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး အလားတူဘဲ ရန်ကုန်ရှိ ဂျပန်သံရုံး တာဝန်ခံတွေကိုလည်း ဆက်သွယ် ခဲ့ရာမှာ အစီးအဝေးထိုင်နေကြတယ်လို့ အမျိုးသမီးတွေက ဖြေကြာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဂျပန်နိုင်ငံခြား ရေးရာဌာန အရှေ့တောင်အာရှတာဝန်ခံ မစ်စ္စတာရှင်ဂျီကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်
ယေဘူယျ စည်းမျဉ်းကတော့ ဂျပန်နိုင်ငံခြားသားတစ်ဦးအနေနဲ့ နိုင်ငံခြားမှာ အဖမ်းခံရတယ်ဆိုရင် ကောင်စစ်ဝန်ကြီးရေးရာ သဘောတူချက်အရ အဲဒီနိုင်ငံရဲ့အာဏာဝန်တွေက ကျွန်တော်တို့ ဂျပန်သံရုံးကို အကြောင်းကြားရမှာပါ။ တစ်ကယ်လို့ ဒီဖြစ်ရပ်သာမှန်တယ်ဆိုရင် ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ သံရုံးကသိရမှာ သေချာပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ဒီအကြောင်းကို မသိရသေးပါဘူး။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဒီအကြောင်းကို ကောင်ချက်ချပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လို့ နိုင်ငံခြားသားတစ်ဦးအနေနဲ့ ရောက်နေတဲ့ နိုင်ငံရဲ့ဥပဒေကို လေးစားလိုက်နာရမှာတော့ရှင်းပါတယ်။
နိုင်ငံခြားသားတစ်ဦးအနေနဲ့ သူရောက်နေတဲ့ နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်ပေမယ်လို့လဲ ဥပဒေချိုးဖောက်ခဲ့ရင် ဥပဒေအကြောင်းအရ မြန်မာနိုင်ငံမှာ ဘယ်လိုအရေးယူခံနိုင်ရပါသလဲ။
ရှေ့နေဦးမင်းလွင်ဦးကတော့ ဟောင်ကောင်အခြေစိုက် AHRC ခေါ် အာရှလူ့အခွင့်အရေးဆိုင်ရာကော်မတီက ဥပဒေ အကြံပေးဖြစ်ပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာရမယ် ဆိုတာတွေနဲ့ ပက်သက်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ချက်တွေရှိပါတယ်။ သံရုံးတွေမှာ ဗီဇာလျှောက်ကတည်းက ထုတ်ပြန်ချက်တွေရှိပါတယ်။ ဒါကြောင့်နိုင်ငံခြားသားဖြစ်ပါစေ နိုင်ငံသားဘဲဖြစ်ဖြစ် လက်ရှိတရားဥပဒေရဲ့ ပြဌာန်းချက်တွေအရ စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုလက်ရောက်ကျူးလွန်တဲ့ကိစ္စမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ ဦးခေါင်း၊ ဆံပင်၊ ပါး ကို အထွတ်အမြတ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ မြန်မာ့ ဓလေ့ထုံးတန်း ဥပဒေအရပြောရမယ်ဆိုရင် လင်မယားချင်းတောင်မှ ပါးရိုက်ရင်ကွာရှင်းခွင့်ရှိတယ့်အထိ ပြစ်ဒဏ်ကြီးလေးတာတွေကိုတွေ့ရပါတယ်။ သို့သော်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာ သာမန်နာကျင်စေမှုအနေနဲ့ ပြဌာန်းထားတဲ့ ကိစ္စရပ်တွေမှာ တရားရုံးကနေပြီးတော့ နောင်တစ်ကြိမ်မဖြစ်အောင်ဟန့်တားနိုင်လောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့လိုပါတယ်။ သိသာထင်ရှားတဲ့ တားမြစ်မှုမျိုးဥပဒေနဲ့ အညီဆောင်ရွက်မှုမျိုးရှိဖို့လိုပါတယ်ဆိုတာကိုကျွန်တော့အနေနဲ့ပြောချင်ပါတယ်။
ဒါ့အပြင်ပုဇွန်တောင်တရားသူကြီးဒေါ်နိုင်နိုင်ထွန်းအနေနဲ့ ဂျပန်အမျိုးသားဘက်ကတင်လာတဲ့အမှုကိုလည်း လက်ခံရာမှာ လည်းဥပဒေကြောင်းအရမေးခွန်းထုတ်စရာရှိနေတယ်ဆိုတာကို ရှေ့နေဦးမင်းလွင်ဦး က ထောက်ပြပါတယ်။
စီးပွားရေး လုပ်ငန်းရှင်အနေနဲ့ဝင်လာတဲ့ မစ္စတာ တာကရှိကို ရုံးတော်က ထင်ရှားတဲ့ ၊ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်သလို လူဝင်မှုကြည့်ကြပ်ရေးဌာနရဲ့ VISA ပိတ်ပင်မှုကို ခံရနိုင်ဖွယ်ရှိတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံကိုနောက်ထပ်ဝင်လာလို့မရမှာစိုးတဲ့အတွက်ကြောင့် ပြစ်မှုပေါ့စေဖို့အခုလို မအေးအေးကြည်ကို တန်ပြန်တရားစွဲဆိုတာဖြစ်နိုင်တယ်လို့လဲရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
စီးပွားရေးဖွင့်ပြီး ပြုပြင်ပြောင်လဲမှုတွေ အစပြုလုပ်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားဧည့်သည်တွေအခုတလော လာရောက်မှုတိုးနေတဲ့အတွက်ကြောင့်လည်း ဒီလိုဖြစ်ရပ်မျိုးနောက်ထပ်မဖြစ်စေနိုင်ဖို့ မြန်မာနိုင်ငံသားတွေကို ဘယ်လိုအကာအကွယ်ပေးမလဲဆိုတာ နဲ့ပက်သက်လို့ ဦးမင်းလွင်ဦးရဲ့ပြောကြားချက်နဲ့အတူ ဒီသတင်းပတ်ရဲ့အမျိုးသမီးများ ကဏ္ဍကို နိဂုံးချုပ်အပ်ပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။  ဒီလိုမျိုးဖြစ်တဲ့အမှုတွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား တစ်ဦးရဲ့ အခြေခံအခွင့်အရေးကိုထိပါးစော်ကားခြင်းခံရတဲ့အတွက် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်း၊ နောက်ပြီးတော့ အဖွဲ့အစည်းကနေပြီးတော့တင်ပြလာတဲ့အမှုတွေကို စီစစ်လက်ခံပြီးတော့ ဆုံးဖြတ်မယ့်တရားစီရင်ရေးဌာနတွေ က မှန်မှန်ကန်ကန်မျှမျှတတ ဖြစ်ဖို့လိုပါတယ်။ အဲဒါတွေဖြစ်ဖို့အတွက်ကိုလည်း ကျွန်တော်တို့စစ်ဆေးကြားနာ တဲ့အခါမှာ လူအများက အမှန်ကိုစစ်ဆေးစီရင်ကြောင်းသိနိုင်အောင် တက်ရောက်နားထောင်ကြည့်ရှုသင့်တယ်။ ဒါတွေက ကျွန်တော်တို့ အမှန်တရားပေါ်ပေါက်ရေးအတွက် အလွယ်ကူဆုံးနည်းလမ်းတွေဖြစ်တယ်။ နောက်တစ်ခါအစိုးရအနေနဲ့ ဒီလိုကိစ္စရပ်တွေဖြစ်လာရင် မိမိနိုင်ငံသားဘက်ကနေပြီးတော့ ဘယ်လိုအကာ အကွယ်ပေးမယ်ဆိုတဲ့အစီအမံ တွေကို ကြိုတင်ချထားသင့်တယ်လို့ကျွန်တော့အနေနဲ့ ဥပဒေဘက်က အကြံပြုချင်ပါတယ်။

Thursday, February 23, 2012

,

အာရှလူ့အခွင့်အရေးအဖွဲ့က အိတ်ဖွင့်ပေးစာ့ပေးပိုမှုနဲ့ ပက်သက်ပြီး ဆက်သွယ်မေးမြန်းချက်....VOA ဖေဖ၀ါရီ ၂၂၊ ၂၀၁၂


VOA ဖေဖ၀ါရီ ၂၂၊ ၂၀၁၂(ညပိုင်းအစီအစဉ်)
သောသရှင်များရှင် ပြီး ခဲ့တဲ့၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ X20 သင်္ကြန်မဏ္ဍ ဗုံးပေါက်ခွဲ ခဲ့မှုနဲ့တရားစွဲဆိုခံထားရတဲ့ ကိုဖြိုးဝေအောင် နဲူ့အမှုနဲ့ပတ်သက်ပြီး ၂၀၁၀ ပြည်ထောင်စုတရားစီရင် ရေးဥပဒေအပါအ၀င် ခံစားခွင့်တွေရနိုင်ဖို့အတွက် AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ပြည်ထောင်စုတရားသူကြီးချုပ် စီကို အိတ်ဖွင့်ပေးစာတစ်စောင် ကို ဒီကနေ့ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်းကို အာရှလူ့အခွင့်အရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူ က ဆက်ပြောပြပေးပါရှင်။
၂၀၁၀ ခုနှစ်တုန်းကရန်ကုန်မြို့ X20 သင်္ကြန်မဏ္ဍ ဗုံးပေါက်ခွဲ မှု မှာပါတယ်လို့တရားစွဲဆိုခံထားရတဲ့ အင်ဂျင်နီယာကိုဖြိုးဝေအောင် ရဲ့အမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စစ်ဆေးတဲ့အခါမှာ သူ့ရဲ့ထွက်ဆိုချက်တစ်ခုက တရားရုံးကို မထီမဲ့မျင်ပြုတယ်ဆိုပြီးတော့ သူ့ရှေ့နေနှစ်ဦး ကိုရော တရားလိုဘက်ကနေထပ်ပြီးတော့ တရားစွဲလိုက်ပါတယ်။ ကိုဖြိုးဝေအောင်ဘက်က ဗုံးပေါက်တဲ့နေ့မှာ သူနဲ့အတူရှိနေတဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ရဲ့နာမည်တင်ပြနိုင်ပေမယ့် အဲဒီလူကို ရုံးခေါ်ပြီးတော့ မစစ်ဘဲနဲ့ တရားလိုဘက် က နေပြီး ကြိုတင်ထွက်ချက်ယူထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အင်္ဂါနေ့က စစ်ဆေးတဲ့အခါမှာ တရားလိုပြရှေ့နေ ကိုအောင်ကျော်စွာကို တင်သွင်းထားတယ်ဆိုတဲ့ ထွက်ချက်နဲ့ ပက်သက်ပြီးတော့ တရားလိုအဖွဲ့ကို မေးခွန်း ထုတ်စရာရှိတယ်ဆိုပြီး ကိုဖြိုးဝေအောင် ဘက်ကပြောဆိုတဲ့အခါမှာ တရားရုံးကိုမထီမဲ့မြင်လုပ်တယ်ဆိုပြီး တရားလိုဘက်က တရားစွဲဆိုဖို့ တရားသူကြီးကိုလျှောက်ထားခဲ့ပါတယ်။ တရားသူကြီးကလည်း လက်ခံခဲ့ တယ်လို့ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ပက်သက်ပြီးတော့ ၂၀၁၀ ပြည်ထောင်စုတရားစီရင် ရေးဥပဒေ မှာပါတဲ့အခြေ ခံမူတွေကို ကိုဖြိုးဝေအောင်အနေနဲ့ခံစားခွင့်မရခဲ့လို့ ခွင့်ပြုပေးဖို့အတွက် AHRC အာရှ လူ့အခွင့်အရေးအဖွဲ့က ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဆီကို အိတ်ဖွင့်ပေးစာတစ်စောင် ကို ဒီကနေ့ပေးပို့ခဲ့ပါတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
ဦးမင်းလွင်ဦး။    ။ ကျွန်တော်တို့ အိတ်ဖွင့်ပေးစာပေးပို့ရတာတွေနဲ့ပက်သက်ပြီး ပြောရရင်တော့ ၂၀၁၀ ပြည်ထောင်စု တရားစီရင်ရေးဥပဒေမှာ ပါတဲ့တရားစီရင်ရေးဆိုင်ရာမူအရ အများပြည်သူရှေ့မောက်မှာ စစ်ဆေးစီရင်ရမှာ ဖြစ်တယ်။ စစ်အစိုးရက စစ်ဆေးစီရင်တာဟာ အင်းစိန်ထောင်အတွင်းက တရားရုံး မှာဖြစ်တယ်။ အခုစစ်အစိုးရသစ်လက်ထပ်ရောက်တဲ့အခါမှာ လူအများရှေ့မှာ ပွင့်လင်းမြင်သာတဲ့ တရားရုံးနဲ့ စစ်ဆေးစီရင်ဖို့လိုတယ်။ နောက်ပြီးတော့ တစ်ခါဥပဒေအရ ခွင့်ပြုထားတဲ့ ချေပခွင့်ကို ခွင့်ပြုဖို့လိုတယ်။ ဒါကိုလည်း တစ်ခါ ထောင်အတွင်းမှာ စစ်ဆေး စီရင်နေတဲ့ တရားရုံးကနေပြီးတော့ ညင်းပယ်ပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော်တို့ အမှုတွဲမှာ ပါတဲ့အလျှောက်သိနေရတယ်။
မေး။    ။ဒီအမှူကိုစစ်နေတာဟာ အချိန်ကာလ ၂ နှစ်ကြာနေပြီဖြစ်ပြီး တရားသူကြီးလဲ လေးယောက် ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ အမှူသွားအမှုလာကို ကြေကြေညုက်ညုက်နားလည်စေဖို့အတွက် ကိုဖြိုးဝေအောင်ဘက်ကနေပြီး အမှုကို အသစ်ကနေ ပြန်စစ်ပေးဖို့လျှောက်ထားချက်ကိုလည်း ခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။
ဦးမင်းလွင်ဦး။    ။နောက်ဆုံးတစ်ချက်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ဒီတရားခွင်မှာ အမှုစစ်ဆေး တဲ့အခါမှာ ဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေရှိတယ်ဆိုလို့ရှင်ရင် တရားရုံးကနေပြီးတော့ ကိုဖြိုးဝေအောင်ရဲ့ သက်သေထွက်ဆိုချက်တွေကို လက်မခံဘဲ ငြင်းပယ်နေတယ်ဆိုတာကို တရားခံရဲ့ရှေ့နေ ဦးကျော်ဟိုး ကနေပြီးတော့ အတိအလင်းပြောပြီးသားဖြစ်တယ်။ ဒါတွေကို မျက်ကွယ်ပြုပြီးတော့မှ အခုလိုမျိုး ကိုဖြိုးဝေအောင်နဲ့ တရားရုံးချုပ်ရှေ့နေ ဦးကျော်ဟိုး နဲ့ အထက်တန်းရှေ့နေ ဒေါ်သင်ဇာလှိုင်တို့အပေါ်မှာ ပြည်သူ့ဝန်ထမ်းကို တာဝန်ထမ်းဆောင်နေချိန် စော်ကားနှောက်ယှက်မှုနဲ့ စတာတွေနဲ့ တရားစွဲဆိုခြင်းဟာ အလွန်ပင်မှားယွင်းတယ်။ ဒါတွေကို ရုတ်သိမ်းပြီးတော့ အမှုကို အသစ်ကနေပြန်စဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်။








Monday, February 20, 2012

,

ကိုဖြိုးဝေအောင်ရဲ့ရှေ့နေတွေ ကို တရားရုံးကတရားစွဲ... BBC ဖေဖ၀ါရီ ၂၀၊ ၂၀၁၂(ညပိုင်းအစီအစဉ်)


BBC ဖေဖ၀ါရီ ၂၀၊ ၂၀၁၂(ညပိုင်းအစီအစဉ်)
သောသရှင်များရှင် ၂၀၁၀ ခုနှစ်တုန်းက X20 သင်္ကြန်မဏ္ဍ ဗုံးပေါက်ခွဲ ခဲ့မှုနဲ့တရားစွဲဆိုခံထားရတဲ့ ကိုဖြိုးဝေအောင် နဲ့ သူ့အမှုကိုလိုက်ပေးနေတဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးကျော်ဟိုးနဲ့ ဒေါ်သင်ဇာလှိုင်တို့ကို တရားစီရင်မှုဆောင်ရွက် နေသူ ပြည်သူ့ဝန်ထမ်းကို စော်ကားနှောက်ယှက်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ရှေ့နေဦးကျော်ဟိုးကိုဆက်သွယ် မေးရာမှာ
ဦးကျော်ဟိုး။ ။ ကိုဖြိုးဝေအောင် ကို စွဲချက်တင်ထားရာမှာ အမှုလေးမှုအတွက်ကို သူက တရားခံ သက်သေအဖြစ်ခုခံချေပရတာ ကို သူ့ရဲ့ထွက်ဆိုချက်မှာ အမှုစစ်ရဲအရာရှိ စောစောကတည်းကနေပြီးတော့ ဘယ်လိုများ သက်သေကိုကျော်စွာ ကိုတရားရုံးမှာ ကြိုတင်ထွက်ချက်ယူထားသလဲပေါ့။ ဒါပေမယ့် သူတို့ဘက်ကနေပြီးတော့ ကြိုတင်ထွက်ချက်ကို သက်သေခံထားတာမရှိတဲ့အတွက် ကိုဖြိုးဝေအောင် က သူခုခံချေပ အစစ်ခံ ပြောဆိုတဲ့ အခါကျတော့ ဒီကြိုတင်ထွက်ချက်ကို အမှုစစ်ရဲအရာရှိနဲ့ အမှုကို တိုင်းကိုတင်ပို့တဲ့ နေရာမှာ တာဝန်ရှိတဲ့ ဥပဒေ အရာရှိတွေသူတို့ ကနေပြီးတော့ ဒါတမင်တကာ ထိန်ချန်ထားသလား၊ ဒါဟာမေးခွန်းထုတ်စရာဖြစ်တယ် လို့သူက ထွက်ဆိုတယ်။ အဲဒီလို ထွက်ဆိုတဲ့အခါကျတော့ ဥပဒေအရာရှိကနေထပြီးတော့ ဒါဟာ အစိုးရ၀န်ထမ်းတွေ ကို ပုတ်ခတ်ပြောဆိုတာ တရားစီရင်ရေးကို နှောက်ယှုက်တယ် ဆိုပြီးတော့ ပြစ်မှုဆိုင်ရာ တရားဥပဒေ ပုဒ်မ ၂၂၈ နဲ့ တရားခံ ဖြိုးဝေအောင်၊ ရှေ့နေတွေဖြစ်ကြတဲ့ ကျွန်တော်ကော၊ ဒေါ်သင်ဇာလှိုင် ကော သုံးယောက်စလုံးကို တရားရုံးအနေနဲ့ တရားစွဲဖို့ တင်ပြတောင်းဆိုပါတယ်။
မေး။  ။ အခုဟာက တရားခံကထွက်ဆိုတာကို ရှေ့နေတွေကို တရားစွဲလို့ရပါသလား။
ဦးကျော်ဟိုး။ ။ဥပဒေအရတော့ မရဘူးပေါ့။ ကျွန်တော်တို့ကတင်ပြတာမဟုတ်ဘူး။ တရားခံကို ခုခံချေပ ပိုင်ခွင့်ကို ရှိထားဥပဒေ ကပေးထားတယ်။ ဥပဒေနဲ့လွတ်လွတ်လပ် လပ် ခုခံချေပပြောဆိုပိုင်ခွင့်ရှိတယ်။ အမှုနဲ့ ပတ်သက်ပြီး စွဲဆိုတင်ပို့တာတွေ၊ သက်သေခံစာရွက်စာတန်းတွေနဲ့ပတ်သက်ပြီး သူ့မှာပြောဆိုပိုင်ခွင့်ရှိတယ်၊ ထွက်ဆိုခွင့်ရှိတယ်။ ဒါကြောင့်မို့လို့ ဒါကို ဥပဒေအရာရှိ တရားစွဲဆိုမည့် ကိစ္စကို ခွင့်မပြုသင့်ဘူးလို့ ကျွန်တော့်ဘက်ကတင်ပြတယ်။ ဒါကိုတရားရုံးကလက်မခံဘဲနဲ့ တရားခံကော၊ တရားခံရဲ့ ရှေ့နေနှစ်ယောက်ကိုကော ပုဒ်မ ၂၂၈ နဲ့စွဲမယ်ဆိုပြီး တစ်ခါတည်း အမိန့်ချလိုက်တယ်လေ။
မေး။  ။အဲဒီ ပုဒ်မ ၂၂၈ အရဆိုရင် ပြစ်ဒဏ် ဘယ်လောက်ထိ ချမှတ်နိုင်သလဲ။
ဦးကျော်ဟိုး။ ။ထောင်၆ လနဲ့ ဒဏ်ငွေချလို့ရပါတယ်။
မေး။ ။အဲဒီတော့ ကိုဖြိုးဝေအောင်ရဲ့အမှုနဲ့ပတ်သက်ပြီး ဘယ်တော့ စီရင်ချက်ချမယ်လို့သိရှိရပါသလဲ။
ဦးကျော်ဟိုး။ ။ဘယ်တော့ချမယ်ဆိုတာတော့ မပြောနိုင်ဘူး။ မြန်မယ့် သဘောတော့ရှိတယ်။ ဘာလို့လဲဆိုတော့ တရားသူကြီးဟာ တရားခံမှာ သူ့မှာထွက်ဆိုစရာတွေကျန်ပါသေးတယ် လို့တင်ပြရဲ့သားနဲ့ ကျွန်တော်တို့ကိုခွင့်မပြုဘဲ ဒီကနေ့ အပြတ်ဘဲဆိုပြီးနောက်ရုံးချိန်းပါ ထွက်ခွင့်မပေးဖို့အမိန့်ချထားခြင်းကို ကြည့်ရင် အမှုမြန်မယ့် သဘောရှိပါတယ်။နောက်ပြီး ဖြိုးဝေအောင်တင်ပြမယ့် သက်သေတွေလည်းရှိသေးတယ်လေ။ ဒါကိုလည်းဘဲ တရားရုံးအနေနဲ့ ပြည့်ပြည့်စုံစုံ ခေါ်ယူစစ်ဆေးပေးမယ်၊ မပေးဘူးဆိုတာကို လဲဘဲ အဲဒီအချက်အပေါ်မှာ မှုတည်ပါတယ်။ ကိုဖြိုးဝေအောင်တင်ပြမယ့် သက်သေတွေ ၁၀ ယောက်လောက်ရှိတာကို ဒီဟာတွေကို ဖြိုးဝေအောင် က နေပြီးပြည့်ပြည့်စုံစုံ တင်ပြခွင့်ရရင်တော့ တစ်မျိုးဖြစ်မှာပေါ့။ တင်ပြခွင့်မရရင်တော့ မြန်ဖို့အလားအလာရှိပါတယ်။
မေး။ ။ဦးကျော်ဟိုးတို့အခုလို တရားစွဲထားတာဆိုတော့ ဦးကျော်ဟိုး အနေနဲ့ ကိုဖြိုးဝေအောင် အမှုကို ဆက်လိုက်လို့ရပါသလား။ ဒါမှမဟုတ် တခြားရှေ့နေဌားရပါမလား။
ဦးကျော်ဟိုး။ ။ ကျွန်တော့ကို တရားစွဲမယ်၊ ရှေ့နေလိုင်စင်ရုပ်သိမ်းမယ်ဆိုရင်တော့ ကျွန်တော်တော့ လိုက်လို့မရတော့ပါဘူး။ ကိုဖြိုးဝေအောင်ကတော့ ရှေ့နေသပ်သပ်ဌားရမှာပေါ့လေ။ နောက်တစ်ခုက ဒီမတိုင်ခင်ကျွန်တော် နဲ့ဖြိုးဝေအောင်ကို စွဲထားတဲ့ အမှုမှာလည်း ကျွန်တော်တို့ တရားခံ ကိုဖြိုးဝေအောင်လည်းရှေ့နေဌားရမယ်။ ကျွန်တော်လည်း ဌားရမှာပေါ့လေ။
ရှေ့နေဦးကျော်ဟိုး ကိုဆက်သွယ် မေးမြန်းခဲ့တာပါ။



Sunday, February 19, 2012

အပစ်အခတ်ရပ်စဲရေး မသေချာသေးသော မြန်မာပြည် (နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်... 20 February 2012... VOA)

နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်

ကရင်ပြည်နယ်မှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်နဲ့ မကြာသေးခင်ကမှ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဖော ဗျုဟာတို့ မြိုင်ကြီးငူဒေသမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြန်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓသာသာတပ် ဒီကေဘ်ီအေ ကလိုထူးဖော ဗျုဟာ ဟာ မြိုင်ကြီးငူ ဒေသမှာ အခြေစိုက် လှုပ်ရှားခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ သူတို့နေရာကို မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့် တပ်တွေက လက်နက်တွေ လာသိမ်းတဲ့အတွက် ပစ်ခတ်မူတွေ ဖြစ်ခဲ့ပြီး သူတို့လက်နက်တွေ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက၊
“လက်ရှိ မြိုင်ကြီးငူဒေသမှာ နယ်ခြားစောင့်တပ်က (၁၀၁၁) ကပေါ့နော် ကျနော်တို့ သေနတ်တွေကို ငါးနေရာ ၀င်သိမ်းတာ။ ကျနော်တို့ဘက်ကလည်း ခုခံပစ်တယ်။ သူတို့စီးလာတဲ့ကားကို ပစ်လိုက်တယ်။ သူတို့ အလောင်းတစ်လောင်း ကျန်တယ်ပေါ့။ သူတို့က ကျနော်တို့လက်နက် ၀င်သိမ်းတဲ့အချိန်မှာ ကားနဲ့လာတာ သူတို့ ကျနော်တို့ကို ပစ်တဲ့အခါကျတော့ ကျနော်တို့ တပ်ကလည်း သူတို့ကို ခုခံပစ်တယ်။”
နယ်ခြားစောင့်တပ်တွေကို မြန်မာအစိုးရဘက်က ဗိုလ်ချုပ်တစ်ဦး ဦးဆောင်ပြီး ဖွဲ့စည်း ပေးခဲ့တာပါ။ အခုလို လက်နက်သိမ်းတဲ့ကိစ္စဟာ မြန်မာအစိုးရဘက်က မရိုးသားမှုအဖြစ် ဒီကေဘီအေ ဘက်က ပြောပါတယ်။
“ကျနော်တို့ နားလည်သွားတာက ဒီ နိုင်ငံတော်က ညွှန်ကြားလို့ သူတို့လုပ်တယ်။ ကျနော်တို့ သိရတာကတော့ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဗိုလ်ချုပ် မြင့်အောင်လှိုင် ဒီဘက်ဒေသကို ရောက်လာတယ်။ ဒီဥစ္စာက ကျနော် ထင်တယ်၊ မြင့်အောင်လှိုင်က အမိန့်ပေးတယ် လို့ပဲ ကျနော် သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ တပြိုင်တည်း သေနတ် ငါးနေရာကို သူတို့က သိမ်းပြီးပြီကို။ ကျနော့်အမြင်ကတော့ မရိုးသားသလို ဖြစ်တာပေါ့။ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် သူ အမိန့်ပေး ညွှန်ကြားစရာ မလိုဘူး။ ဦးသိန်းစိန်ရဲ့ သဘောထား တစ်မျိုး၊ မြင့်အောင်လှိုင်ရဲ့ သဘောထား တစ်မျိုး ဖြစ်နေလို့ ဖြစ်တာပဲ။ သူတို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်လို့ ကျနော်တို့ လာတာပဲ။”
ဒီကေဘီအေ ဘက်က လက်နက်သိမ်းခံထားရတဲ့ နေရာတွေကတော့ မြိုင်ကြီးငူ၊ သကြားစက်၊ ပန်းကုန်းတောင်ခြေ ၀ကလယ်ကုန်း၊ တောင်စွန်း၊ ရေပန်းတံတား ဆိုတဲ့နေရာတွေမှာ ဖြစ်ပြီး သူတို့လက်နက်တွေ ပြန်မရဘူးဆိုရင် ပိုပြီး ပြဿနာ ကြီးထွား လာနိုင်တယ်လို့လည်း ဒီကေဘီအေဘက်က ပြောပါတယ်။
မြန်မာအစိုးရနဲ့ ဒီကေဘီအေ တို့ဟာ ၁၆ နှစ်ကြာ အပစ်ရပ်ပြီး ၂၀၁၀ ခုနှစ်မှာ တစ်နှစ်ကြာ ပြန်လည် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၆ ရက်နေ့မှာ အပစ်ရပ်ရေး ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ဆက်သွယ်ရေးရုံး ထားရှိရေး၊ လက်နက်ကိုင်ဆောင် သွားလာတဲ့အခါ တဘက်နဲ့တဘက် အသိပေးသွားလာရေး၊ နယ်မြေသမှတ်ရေး စတာတွေကို သဘောတူ ထားခဲ့ပါတယ်။ အခုလို လက်နက်တွေကို သိမ်းယူတဲ့ ကိစ္စတွေကိုတော့ သဘောတူထားတာ မရှိပါဘူး။ အခုဆိုရင် အပစ်ရပ်ပြီး ၃ လကျော် ကြာတဲ့အချိန်မှာ ပထမဦးဆုံး တင်းမာမှုလည်း ဖြစ်ပါတယ်။

အရှင်ဂမ္ဘီရကို ထိရောက်စွာ အရေးယူတော့မည်ဟု နိုင်ငံပိုင်သတင်စာရေး ... Mizzima .20 February 2012

အရှင်ဂမ္ဘီရကို ထိရောက်စွာ အရေးယူတော့မည်ဟု နိုင်ငံပိုင်သတင်စာရေး

ချင်းမိုင် (မဇ္ဈိမ)။            ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင်ဟု လူသိများသည့် အရှင်ဂမ္ဘီရသည် ပြစ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖေါက်ခြင်း၊ နိုင်ငံတော်အဆင့် သံဃာအဖွဲ့အစည်းများကို ထိပါးစော်ကားခြင်းတို့ကြောင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ချိတ်ပိတ်ခံခဲ့ရသည့် သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်း၊ ဗဟန်းမြို့နယ်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့ကို ခွင့်ပြုချက် မရဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ သော့များကို ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟုလည်း သတင်းစာက စွပ်စွဲရေးသားထားသည်။

ထို့အပြင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အရှင်ဂမ္ဘီရမှ နိုင်ငံတော် သံဃာ့ မဟာနာယကသို့
ပေးပို့လျှောက်ထားစာတွင် ကြည့်မြင်တိုင်မြို့နယ် သာဓု ဗုဒ္ဓတက္ကသိုလ်၏ နာယက ဆရာတော် ဦးပညာသီဟ ခေါ် ရွှေညဝါဆရာတော်ကို ကျောင်းတိုက်မှ နှင်ထုတ်ခြင်းကို "ကန့်ကွက်ကြောင်း"နှင့် လက်ရှိအကျဉ်းထောင်များအတွင်း အကျဉ်းသား ၄၁၅ ဦးတွင် ပါဝင်သော သံဃာ ၄၃ ပါးအား နိုင်ငံတော် သံဃာ့မဟာနာယကမှ လွှတ်မြောက်အောင် ဆောင်ရွက်ပေးခြင်း မရှိသည်ကို အလေးအနက် "ရှုတ်ချကြောင်း"ပါရှိသည်ဟု သတင်းစာတွင် ရေးသာထားသည်။

အရှင်ဂမ္ဘီရ၏ အဆိုပါ လျှောက်ထားစာများတွင် ပါဝင်သည့် "ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများသည် နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ထိပါးစော်ကားမှုပြုပြီး ဆရာတော်ကြီးများအား ဂုဏ်သိက္ခာ ကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်ခြင်းဟုလည်း သတင်းစာက
ရေးသားထားသည်။

"ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမို အတင့်ရဲစေနိုင်သည့် အလားအလာရှိနေကြောင်းလည်း သတင်းစာတွင်
ရေးသားထားသည်။

အသက် ၃၃ နှစ်ရှိ အရှင်ဂမ္ဘီရသည် ရဟန်းနှင့် မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိကာ ထင်ရာစိုင်းနေသူဟု စွပ်စွဲရေးသားထားပြီး မဟန အနေဖြင့် ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရန် ဆန္ဒရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ
ဆောင်ရွက်တော့မည်ဟုလည်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။

အရှင်ဂမ္ဘီရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါးဖြစ်သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။ ထိုသို့ အဖမ်းခံရပြီးနောက် ဆရာတော် အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၆၃ နှစ် ကျခံနေရာမှ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

Friday, February 17, 2012

ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း...VOA 17 February 2012

ပါတီများ အသံလွှင့် ဟောပြောခွင့် ချုပ်ချယ်လွန်း

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြား တို့ကနေ နိုင်ငံရေး ပါတီတွေ ဟောပြော တင်ပြခွင့်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသလို လက်ခံနိုင်စရာ မရှိဘူးလို့ ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့စွဲနဲ့ ဒီကန့်သတ်ချက်တွေကို ထုတ်ပြန်ပြီးတဲ့နောက် ဦးဝင်းတင်က အဲဒီလို ပြောလိုက်တာပါ။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေက ရေဒီယိုနဲ့ ရုပ်သံတွေမှာ ပါတီမူဝါဒတွေနဲ့ ပတ်သက်လို့ ဟောပြောကြဖို့အတွက် ကန့်သတ်ချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့စွဲနဲ့ အစိုးရ သတင်းစာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။ ဒီကန့်သတ်ချက်တွေကတော့ ရေဒီယိုနဲ့ ရုပ်သံတွေမှာ ဟောပြောလိုတယ်ဆိုရင် နိုင်ငံရေးပါတီတွေဟာ ၇ ရက် ကြိုတင် အကြောင်းကြားရမယ် ဆိုတာတွေ၊ ဟောပြောကြမယ့် စာမူတွေကို လိုအပ်သလို စိစစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုမယ်၊ ဒါမှမဟုတ် ငြင်းပယ်တာတွေ လုပ်မယ်ဆိုတာအပြင် ၁၅ မိနစ်သာ ခွင့်ပြုမယ်ဆိုတာတွေ ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမယ့် အပြောအဆိုတွေ၊ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်ပြီး မပြောရဘူးဆိုတာအပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားရမယ် ဆိုတာတွေလည်း ပါပါတယ်။ ဒါ့အပြင် တပ်မတော်ကို မထိခိုက်ရဘူး၊ လူမျိုးရေးနဲ့ ဘာသာရေးအပြင် ပညာရေး သင်ကြားမှုတွေကို ထိခိုက်ပြီး သွေးထိုးလှုံ့ဆော်တဲ့ ဟောပြောမှုတွေ မဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေလည်း ပါဝင်ပါတယ်။
ဒီကန့်သတ်ချက်တွေဟာ အရင်စစ်အစိုးရ လက်ထက်တုန်းက ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ထုတ်ပြန်ချက်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု မြန်မာနိုင်ငံက အရပ်သား အစိုးရတစ်ရပ် ဖြစ်နေပြီး ဒီမိုကရေစီစနစ်ဘက် သွားနေတဲ့ နိုင်ငံတစ်ခုမို့ အခုလို ကန့်သတ်ချက်တွေ ထွက်လာတဲ့အပေါ်မှာ မြန်မာ့အရေး လေ့လာသူတွေက အတော် ဝေဖန်နေကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအတွက် တက်ကြွစွာ လှုပ်ရှား ကြိုးပမ်းမှုတွေနဲ့ ဒီကန့်သတ်ချက်တွေဟာ ဆန့်ကျင်ဘက် ဖြစ်နေသလို ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ရွေးကောက်ပွဲမှာ ဒါမျိုးတွေ လုံးဝ မရှိသင့်ဘူးလို့ ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။
“လက်ရှိ ရှိနေတဲ့ ပေါ်ပေါက်နေတဲ့ စိတ်အားတက်ကြွမှု အနေအထားတွေ၊ စိတ်ဓါတ် အခြေအနေတွေနဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ အဲဒီစိတ်ဓါတ် တက်ကြွမှုတွေ၊ စိတ်အားတက်ကြွမှုတွေကိုတောင် ချိုးနှိမ်ရာ ရောက်တဲ့သဘော ဆောင်နေတယ်။ ကျနော်က အဲဒီလိုပဲ ပြောချင်ပါတယ်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံရေး လက်လိမ်ချိုးမှုရဲ့ ရလဒ်တွေပေါ့ဗျာ။ သို့မဟုတ်ရင်လည်း ပုံရိပ်တွေပေါ့ဗျာ။ ကျနော် တစ်ယောက်အနေနဲ့ ပြောရရင်တော့ ဒါတွေဟာ လုံးဝ လက်ခံနိုင်တဲ့ အနေအထား မရှိဘူးလို့ ကျနော် ယူဆပါတယ်။”
အခုဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးတွေ အဖြစ် နယ်ဘက်တွေကို သွားနေသလို လူထုဟောပြောပွဲတွေမှာ ဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ ဟောပြောနေတာပါ။ ဒါပေမဲ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ရေဒီယိုနဲ့ ရုပ်သံကနေ လူထုကို စကားပြောဖို့ ကန့်သတ်ချက်တွေ အခုလို ကန့်သတ်ချက်တွေ ထွက်လာတော့ ဒီကန့်သတ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံနိုင်ပါ့မလား။ ဆရာ ဦးဝင်းတင် မြင်ပါသလဲလို့ မေးကြည့်တော့ -
“ကျနော်တော့ မထင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတစ်ခုကို ဒေါ်အောင်ဆန်းစုကြည် မျက်ဝါးထင်ထင် တွေ့နေတဲ့ဟာက ဘာလဲဆိုတော့ သူတို့ ဒီလှိုင်း ဆိုတဲ့ ဂျာနယ် ကျနော်တို့ ထုတ်နေပါတယ်။ ဒီလှိုင်း ရဲ့အနေအထားက ဘာလဲဆိုတော့ ကျနော်တို့က ဒီလှိုင်းဟာ ပြန်ကြားရေးဌာနကို တင်ပြီးတော့ ပြန်ကြားရေးဌာနရဲ့ အတည်ပြုချက်၊ သို့မဟုတ်လည်း ကန့်သတ်ချက်၊ ဆင်ဆာလုပ်ချက်တွေနဲ့ ကျနော်တို့ ဘာမှမရှိတဲ့ ထုတ်ဝေမှုဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဒီလှိုင်း စိတ်ဓါတ်နဲ့ပဲ ကျနော်တို့ ဒီလို ပြဿနာမျိုးတွေကို ရင်ဆိုင်သွားလိမ့်မယ်လို့ ကျနော်တော့ ထင်ပါတယ်။”
ဝါရင့်  သတင်းစာဆရာကြီး ဦးဝင်းတင် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အခုပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်မှုတွေ ဘယ်လောက်ရှိမလဲ ဆိုတာကို နိုင်ငံတကာ တော်တော်များများက စောင့်ကြည့်နေတာ ဖြစ်ပြီး ဒီရလဒ်တွေကနေ အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံတွေက ပိတ်ဆို့မှုတွေကို လျှော့ချပေးမယ်လို့ ပြောထားတာပါ။ ဒါ့အပြင် ရွေးကောက်ပွဲအတွက် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေ လာဖို့ တိုက်တွန်းထားပေမဲ့ ခုချိန်ထိတော့ အစိုးရက လက်ခံမယ် လက်မခံဘူးဆိုတာ တစုံတရာ ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း..17 February 2012 RFA

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း

2012-02-17
ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေးကိစ္စတွေကို အဓိကထား လုပ်ဆောင်ဖို့ ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
NLD
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ်။
ဒါ့အပြင် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အများက ယုံကြည်မှုရှိအောင် လုပ်ဆောင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲအောင်ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ ပြောဆိုပါတယ်။ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲပြီးနောက် တစ်နှစ်အကြာမှာ မကြုံစဖူး ပြုပြင်ပြောင်းလဲမှုတွေကို အစပြု လုပ်ဆောင်ခဲ့တယ်လို့ သူက ချီးကျူး ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar ဟာ ငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။

ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စု တွေ့ဆုံ.. 16 February 2012

ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စု တွေ့ဆုံ

မြန်မာနိုင်ငံတွင်း  စစ်မှန်တဲ့ တွေ့ဆုံမှု့တွေရှိမှ တိုင်းရင်းသားတွေကြား ပိုပြီး သွေးစည်းခိုင်မာမှုတွေ ရလာမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ကပြောပါတယ်၊ မစ္စတာ Vijay Nambia ဟာ ဒီကနေ့မှာတော့  ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသလို တိုင်းရင်းသားအဖွဲ့တချို့ နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံ ပြောပြပေးထားပါတယ်၊
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ဟာ ဒီကနေ့ ညနေ ၅ နာရီကျော် က  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်၊ တစ်နာရီနီးပါးလောက် တွေ့ဆုံအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို ထွက်တွေ့ရာမှာတော့  သူတို့ ၂ ဦးရဲ့ ဆွေးနွေးချက် အပြည့်အစုံကို အခုမပြောပြနိုင် သေးပေမယ့်  လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ  ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့တဲ့ အကြောင်း မစ္စတာ Vijay Nambia ပြောပါတယ်၊
မစ္စတာ Vijay Nambia က ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေး လမ်းကြောင်းထဲ  ပါဝင်ခွင့်ရလာတာကို  ၀မ်းသာသလို ဒေါ်အောင်ဆန်းစုကြည် အခုကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ့်အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ပိုပြီးတိုးတက်စေတဲ့ အထောက်အကူ ပြုမှုဖြစ်တယ်လို့ ပြောပါတယ်၊ သူတို့ကုလသမဂ္ဂ အနေနဲ့ တိုင်းရင်းသားဒေသတွင်း ငြိမ်းချမ်းပြေလည်ရေးနဲ့ လက်နှက်ကိုင် ပဋိပက္ခ ချူပ်ငြိမ်းရေး အပြင် ပြုပြင်ပြောင်းလဲရေး ပိုပြီး တိုးတက်လာဖို့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက ဆက်လုပ်ဆောင်သွားမယ်ဆိုတာလည်း ပြောပါတယ်၊ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အစိုးရ ခွင့်ြ့ပုမယ်ဆိုရင် နို်င်ငံတကာ လေ့လာစောင်ကြည်ရေးအဖွဲတွေ လာနိုင်ဖို့လည်း လုပ်ဆောင်မှာလည်း  ဖြစ်သလို ခွင်ပြုဖို့ကိုလည်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် သူတိုက်တွန်းကြောင်းလည်း ပြောပါတယ်၊ အဖွဲ့အစည်းအသီးသီး နဲ့အတူ သက်ဆိုင်ရာ  နိုင်ငံရေးက ပုဂ္ဂိုလ်တွေကို သူအခုတွေ့ဆုံခဲ့တာတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပြန် ပြီး အစီရင်ခံစာ တင်မှာ ဖြစ်တယ်လို့လည်းရှင်းပြသွားပါတယ်၊
မစ္စတာ Vijay Nambia ဟာ နေ့လည်ပိုင်းမှာလည်း ရန်ကုန်က UNDP ရုံးမှာ တိုင်းရင်းသားအဖွဲ့တချို့နဲ့တွေ့ပါတယ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦး၊ ရခိုင်ဒီမိုကရေစီအဖွဲချုပ်က ဦးအေးသာအောင်၊ ဇိုမီးကွန်ဂယက်ပါတီက ပူကျင်ရှင်းထန်အပါအ၀င်  ကရင်ပါတီက ကိုယ်စားလှယ်တဦးတို့နဲ့ တိုင်းရင်းသား အရေးဆွေးနွေးတာပါ၊ ဒီ တိုင်းရင်းသားခေါင်ဆောင်တွေ ကတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ထာဝရ  ငြိမ်းချမ်းရေး ဖြစ်ဖို့  အတွက် နိုင်ငံရေးပြေလည်မှုတွေရှိမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေတွေကို ပြောခဲ့ကြတယ်လို့ ဦးအေးသာအောင်ကပြောပါတယ်၊
“လက်ရှိ ပကတိ အခြေအနေအရ  တိုင်းရင်းသားတွေက တင်ပြခဲ့တဲ့ တင်ပြချက်တွေကို ခေတ်အဆက်ဆက်မှာ အစိုးရ အဆက်ဆက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အဆက်ဆက်တွေက လျစ်လျုရှုခဲ့တယ်။ ပယ်ချခဲ့တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ အခုလို ရှည်ကြာပြီးတော့ မပြီးနိုင်မဆုံးနိုင် ဖြစ်နေရတဲ့ အကြောင်း အခုလည်းဘဲ တကယ်တော့ အပစ်အခတ်ရပ်ဆဲရုံ ငြိမ်းချမ်းရေး ဆွေးနွေးရုံနဲ့ ဖြစ်သင့်တဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် နိုင်ငံရေး အရ ဖြေရှင်းဖို့ လိုတယ်။ အဲဒီ ဖြေရှင်းတဲ့ အခါမှာပဲလည်း အဓိက ပင်လုံကို ပြည်ထောင်စုမူနဲ့ ဖြေရှင်းမှ သာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမယ်။ ခိုင်မာတဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်နိုင်မယ် ဆိုတဲ့ အကြောင်းကို ဆွေးနွေးပါတယ်။”
ဒီဆွေးနွေးချက်အတွေပေါ် မစ္စတာ မစ္စတာ Vijay Nambiaရဲံ တုန့်ပြန်ချက်နဲ့ သူသဘောထားတွေကို ပြောပြသွားတာကတော့
“သူပြောတာ ကတော့ သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းတွေ ပြီးတော့ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားတွေ အပေါ်မှာ မူတည်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့က အဓိက ကျတယ်။ တွေ့ဆုံဆွေးနွေးရာကနေ တဆင့် တဆင့် တကယ်စစ်မှန်တဲ့ အပြောင်းအလဲ၊ ဒီလို တိုင်းရင်းသားများနဲ့လည်းဘဲ သွေးစည်းခိုင်မာမှုတွေ reconciliation ရလာနိုင်မယ် ဆိုတဲ့ အကြောင်းပေါ့။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ အပေါ်မှာလည်းပဲ အကောင်းမြင်တဲ့ အကြောင်း ပြောပါတယ်။”
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်ပါရှင်၊ မစ္စတာ Vijay Nambia ဟာပြီးခဲ့တဲ့ တနင်္ဂနွေ ဖေဖော်ဝါရီ ၁၂ ရက်က ရောက်လာတာဖြစ်ပြီး  နေပြည်တော်မှာ နိုင်ငံရေးခြားဝန်ကြီးအပြင် အစိုးရက ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံသလို၊  တခါ လွတ်တော်တွင်းက တာဝန်ရှိသူတွေအပြင် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဖွံဖြိုး တိုးတက်မှု ဆိုင်ရာမူဝါဒ ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်၊ မနေ့ ဖေဖော်ဝါရီ ၁၅ ရက် ကလည်း ကရင် နဲ့ မွန်ပြည်နယ်တွေ သွားပြီး တိုင်းရင်းသားတွေ နဲ့ ဒုက္ခသည် အရေးတွေ ဆွေးနွေးသလို မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ၇က်နေ့မှာတော့ မြန်မာပြည်ကနေ ပြန်မှာ ဖြစ်ပါတယ်။

Tuesday, February 14, 2012

အပေါ်ယံ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာကို WLB စိုးရိမ် ... 14 February 2012

အပေါ်ယံ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာကို WLB စိုးရိမ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား  ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ၏ ရလဒ်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာမည်ကို စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်လိုက်သည်။

အမျီုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် WLB ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်ထဲတွင် “အပေါ်ယံ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကိုသာ ဦးတည်သွားမည်ကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိသည်” ဟု ဖေါ်ပြပါရှိသည်။

တိုင်းရင်းသားအားလုံး စုစည်းပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုမျိုးမဟုတ်ဘဲ တဖွဲ့ချင်းစီ ခွဲထုတ် ဆွေးနွေးနေမှုကို
ထောက်ပြကာ “အဲလိုတွေလုပ်နေတဲ့ တပြိုင်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်နေတာတွေကိုလည်း တွေ့မြင်နေရတော့ စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးတွေ မဖြစ်မှာကို စိုးရိမ်မိတယ်” ဟု WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က မဇ္ဈိမကို ပြောသည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည် တပ်မတော် SSA တောင်/မြောက် အဖွဲ့များ အပါအဝင် စုစုပေါင်း ၁၁ ဖွဲ့တို့ဖြင့် အပစ်ခတ် ရပ်စဲရေးအတွက်
တွေ့ဆုံဆွေးနွေးမှုများကို သီးခြားစီခွဲ၍ ပြုလုပ်ထားသည်။

၁၉၉၄ ကာလမှ စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ တို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ကြသော်လည်း အပစ်ရပ်စဲမှု ပျက်ပျယ်ခဲ့ကြပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်းကိုလည်း WLB ၏ ထုတ်ပြန်ချက်၌ ထောက်ပြ ထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတို့အကြား ဇန်နဝါရီ ၁၈၊ ၁၉ ရက်များက တွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက်
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ထိ နှစ်ဖက် တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ပြောသည်။

“တိုက်ပွဲတွေကတော့ တောက်လျှောက် ဖြစ်နေတုန်းပါပဲ။ ဆွေးနွေးမှု လုပ်နေတယ် ဆိုတာကတော့ နိုင်ငံရေးအရ အဖြေရှာမှုလုပ်နေတာ ဖြစ်တဲ့အတွက် အဲဒါ အောင်မြင်သွားရင်တော့ တိုက်ပွဲတွေ ရပ်ဆိုင်းသွားမှာပါ။ နိုင်ငံရေးအရ အဖြေမရှာနိုင်ခင်မှာတော့ တိုက်ပွဲတွေက ခုလိုပဲ ရှိနေဦးမှာပါပဲ” ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က မဇ္ဈိမကို ပြောသည်။

အလားတူ အစိုးရနှင့် ပဏာမ အပစ်ခတ်ရပ်စဲထားသော KNU နှင့် အစိုးရ တပ်မတော်တို့အကြား ဖေဖေါ်ဝါရီ လဆန်းပိုင်းက တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သေးကြောင်း KNU ထံမှ သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၏ဆိုးကျိုးကို အမျိုးသမီးများနှင့် ကလေးများက အများဆုံးကြုံတွေ့ ခံစားရပြီး လတ်တလောဖြစ်ပွားနေသည့် KIO နှင့် အစိုးရအကြား ဖြစ်ပွားခဲ့သည့် ၈ လကျော်အကြာ တိုက်ပွဲများ အတွင်း ထွက်ပြေးခိုလှုံ နေကြရသည့် စစ်ပြေး ဒုက္ခသည် ၆ သောင်းကျော်အနက် အများစုမှာ အမျိုးသမီးနှင့် ကလေးများ ဖြစ်ကြသည်။

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးမှုပြုလုပ်သည့်အခါတွင် အမျိုးသမီးများ၏ ဆန္ဒသဘောထားများ ပါဝင်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်မှုကို အားပေးရန်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ WLB က တိုက်တွန်းထားသည်။

“တိုက်ပွဲတွေကို ဖေါ်ဆောင်သူတွေဟာ အမျိုးသမီးနဲ့ ကလေးတွေမဟုတ်ကြပေမယ့် တကယ် ခါးစည်းခံရတဲ့ အများစု က သူတို့ပဲ။ ဒါကြောင့် နိုင်ငံတော်တည်ဆောက်ရေး၊ ပဋိပက္ခဖြေရှင်းရေး စတဲ့နေရာတွေမှာ အမျိုးသမီးတွေရဲ့ အသံ
တွေ၊ စဉ်းစားတွေးခေါ်ချက်တွေကို အရေးတယူ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အဲသလို စဉ်းစားပေးမှသာ တကယ် ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ စဉ်းစားချက်တွေနဲ့ အတူ ကျမတို့မြန်မာနိုင်ငံကို အပြောင်းလဲတခု၊ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီအရ အနှစ်သာရရှိတဲ့ နိုင်ငံတော်တခုကို တည်ဆောက်နိုင်မှာဖြစ်တယ်” ဟု မတင်တင်ညို က ပြောသည်။

ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား များ လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကိုလည်း ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ စတင် ပြုလုပ်မည်ဟု ဆိုသည်။

အဆိုပါ မေတ္တာရပ်ခံစာအား ဦးသိန်းစိန် အစိုးရ၊ မြန်မာ့တပ်မတော်၊ ဒီမိုကရေစီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသို့ ပေးပို့မည်ဟုလည်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။

ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့တွင် WLB ကို စတင်တည်ထောင်ခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်တွင် ကယန်းအမျိုးသမီးများ အစည်းအရုံး က ပါဝင်လာ ခဲ့သည်။